ကျည်ဆံအစစ်သုံးစွဲ ပစ်ခတ်မှုနဲ့ NLD ရန်ကုန်ရုံး စီးနင်းမှု ဥပဒေမဲ့လုပ်ရပ်အဖြစ် ဝေဖန်
2021.02.09
နေပြည်တော်မှာ မနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လုံခြုံရေးအဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့မှုကို လုံးဝ လက်မခံနိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မနေ့ကညနေမှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီအတောအတွင်း ရန်ကုန်မြို့က NLD ရုံးကို မနေ့ညဦးပိုင်းမှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ NLD ဝါးခယ်မမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးက ဒီလို ဥပဒေမဲ့လုပ်ရပ်တွေအတွက် အာဏာသိမ်း စစ်ခေါင်းဆောင်တွေ တာဝန်ယူရလိမ့်မယ်လို့ ပြောပါတယ်။
“ကျနော်တို့ပါတီက တရားဝင်ဖွဲ့စည်းထားတဲ့ ပါတီဖြစ်တယ်။ ဒီလိုအခြေအနေမျိုးမှာ တရားမဲ့မှု ပြုကျင့်တာတော့ တော်တော်လေး ဥပဒေမဲ့ လုပ်ဆောင်တဲ့ ပုံစံဖြစ်တယ်။ ဒါတွေအတွက် တချိန်ချိန်ကျရင် ပြန်ပြီး တာဝန်ယူ တာဝန်ခံပြီး သက်ဆိုင်သူတွေက ပြန်ဖြေရှင်းရမှာဖြစ်ပါတယ်။ နောက်တခုက နေပြည်တော်မှာဆိုရင် ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ ရဲတပ်ဖွဲ့ဆိုတာ ဆန္ဒပြနေသူကို အကြမ်းမဖက်ဖို့အတွက် သူ့စည်းတွေ ရှိတယ်။ အဲဒီစည်းတွေ ကျော်လွန်မှသာ သုံးရတဲ့ အဆင့်ရှိတယ်။ သုံးရတဲ့ အဆင့်တွေမှာလဲ ရာဘာကျည်နဲ့ပစ်တာတို့ မျက်ရည်ယိုဗုံးသုံးတာတို့ water cannon သုံးတာတို့ အဆင့်ဆင့် ရှိတယ်။ ဒီနေ့ ကျည်အစစ်ပေါ့ ပစ်ခတ်တယ်။ ဒီ့အတွက်လည်း တာဝန်ယူ တာဝန်ခံထားရတဲ့ နေပြည်တော်မှာ ပစ်ခဲ့တဲ့ ရဲအရာရှိအပါအဝင် သူ့အထက် အရာရှိတွေပါ တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ ဒါတွေအတွက်လဲ ကျနော်တို့ဘက်က အချက်အလက် ပြည့်ပြည့်စုံစုံ ရထားတာ ရှိပါတယ်။ ဒီအရေးတော်ပုံပြီးဆုံးတဲ့အထိ ကျနော်တို့ ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကလဲ ပြည်သူနဲ့အတူ အာဏာရှင်အမြစ်ပြတ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီကလည်း ဒါဟာ စစ်အုပ်စုရဲ့ လုပ်ထုံးလုပ်နည်းပဲလို့ ဝေဖန်ပါတယ်။
“အာဏာသိမ်း စစ်အုပ်စုတွေအကုန်လုံးက လုပ်မဲ့နည်းက ၃ မျိုးပဲရှိတယ်။ လိမ်တာရယ် ဖမ်းတာရယ် သတ်တာရယ် ဒီသုံးမျိုးပဲရှိတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနေ့က မိန့်ခွန်းတွေပြောပြီး လိမ်နေတာပဲ။ ပြီးရင် သူ ဖမ်းဖို့ကြိုးစားမယ်၊ နောက်တခါ သတ်ဖို့ ကြိုးစားမယ်။ ဒါက ခေတ်အဆက်ဆက်မှာ ကျနော်တို့ ကြုံတွေ့နေရတဲ့ ကိစ္စတွေပဲ။ အခုလည်း ဒါကို ပြည်သူက မသိဘူးလားဆိုတော့ သိပ်သိတာပေါ့။ သိပေမဲ့လည်း သူတို့ရဲ့ဆန္ဒတွေကို ဓါးပြတိုက်ခံရတဲ့အတွက် သူတို့ကိုယ်တိုင် သူတို့ကိုယ် ဦးဆောင်ပြီး တာဝန်ယူမှု တာဝန်ခံမှု နဲ့ ဒီမှာထွက်ပြီး ရုန်းကန်ကြတာ။ ဒီအဖြစ်အပျက်မျိုး နောက်နောင် ဖြစ်ခွင့်ပေးလို့ မရတော့ဘူး။ ကျနော်တို့ အများကြီး စိတ်မကောင်းဖြစ်တယ် ဘာလို့လဲဆိုတော့ ကျနော်တို့ ၁၉၈၈ ကနေ ယနေ့အချိန်ထိ ကြုံတွေ့နေရတာ အဲဒီ လိမ်တာရယ် ဖမ်းတာရယ် သတ်တာရယ် အဲဒီ ၃ မျိုးပဲ ကြုံတွေ့နေရတာ။ ခုဆိုရင် ၁၉ နှစ်ဆိုတဲ့ ကလေး - သူ့ရဲ့အနာဂတ်တွေ သူဟာ တချိန်မှာ တိုင်းပြည်မှာ သူ ဘာဖြစ်လာမယ် မသိဘူးဗျာ။ အဲတော့ သူတို့ကျည်ဆန်တွေက ဘယ်သူဘယ်ဝါ သတ်မှတ်ထားတာ မရှိဘူးဗျ။ အာဏာသိမ်း စစ်တပ်ဟာ အထူးသဖြင့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက်ဆိုရင် ဘယ်သူမဆို သတ်ဖြတ်ဖို့ လိမ်ဖို့ ဖမ်းဖို့ ချကျွေးဖို့ သူက အသင့်ဖြစ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ဆောင်တယ်ဗျ။”
မြန်မာ့နိုင်ငံရေးကို အနီးကပ် လေ့လာနေသူတဦးဖြစ်တဲ့ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်တွေဟာ NLD လှုပ်ရှားမှုအားလုံးကို အဆင့်ဆင့် ရိုက်ချိုးမှာဖြစ်တယ်။ မိမိတို့ ပြည်သူတွေအနေနဲ့ အာဏာရှင်စနစ်ကို အပြီးအပိုင်ဖျက်သိမ်းမှ ဒီမိုကရေစီပြန်လည် ရရှိမှာပဲလို့ သုံးသပ်ပါတယ်။
“သူတို့စစ်အာဏာသိမ်းတဲ့ ရည်ရွယ်ချက်က တကယ်ကျတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်ရှုံးပြီး NLD ပါတီ တောင်ပြိုကမ်းပြို နိုင်လိုက်တဲ့ ကိစ္စကို မခံမရပ်နိုင်လို့ မိုက်မိုက်ရိုင်းရိုင်း လုပ်လိုက်တာဖြစ်ပါတယ်။ အခု အနေအထားကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားနေတဲ့ အင်အားစုနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက် လုံးပန်းတိုက်ခိုက်နေတဲ့ အင်အားစုတွေကြားထဲမှာ အဆုံးဖြတ်တိုက်ပွဲ ဆင်နွှဲရမှာ ရှိတယ်။ အဲဒါကို နိုင်ငံရေးသဘောအရ ဖော်ပြလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နဲ့ NLD ပါတီ အဆုံးဖြတ်တိုက်ပွဲ ကျနော်တို့ ဆင်ရတော့မှာ လက်နက်မရှိပေမယ့် ကျနော်တို့ ကြောက်စရာ မရှိပါဘူး။ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ နားလည်လက်ခံမှုက သိန်းနဲ့ သန်းနဲ့ ချီ ရှိပါတယ်။ နိုင်ငံတကာ ဝန်းရံမှုကလဲ အလွန်ကို ကောင်းမွန်တဲ့အခြေအနေပါ။”
အာဏာသိမ်းစစ်အစိုးရက လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖြိုခွဲပစ်ခတ်မှုတွေ စတင်လာပြီဖြစ်ပေမယ့် နိုင်ငံတဝန်း အုံကြွဆန္ဒပြပွဲတွေကတော့ အရှိန်အဟုန်မြင့်မားစွာ ဆက်လက်ပေါ်ပေါက်လာနေတာ မြင်ရပါတယ်။