နောင်ချိုတိုက်ပွဲ လေးဦး သေဆုံးပြီး ၆၀၀၀ ဝန်းကျင် ထွက်ပြေးနေရ

RFA Burmese
2023.04.24
နောင်ချိုတိုက်ပွဲ လေးဦး သေဆုံးပြီး ၆၀၀၀ ဝန်းကျင် ထွက်ပြေးနေရ နောင်ချိုမြို့ပေါ်သို့ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများကို ၂၀၂၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ထဲက နောင်ချို-မိုးကုတ်လမ်းဘေးမှာရှိတဲ့ ဟိုခို၊ ဟိုခဲ၊ သံဘို စတဲ့ ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ကြား ဧပြီ ၅ ရက်ကနေ ၂၂ ရက်နေ့အထိ ရက် ၂၀ နီးပါး တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် ကလေး နှစ်ဦး အပါအဝင် အရပ်သား လေးဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒေသခံ ခြောက်ထောင်ဝန်းကျင် နီးစပ်ရာမြို့နဲ့ ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဧပြီလ ၅ ရက်နေ့မှာပဲ သံဘိုရွာက လသားအရွယ် ကလေးတစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။ အရပ်သား သုံးဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ အခုလ ၂၁ ရက်နေ့မှာတော့ ကုလားကွဲကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျလို့ အသက် ၅၂ နှစ်အရွယ် ဦးချစ်စိန်ဆိုသူ သေဆုံးခဲ့သလို နောင်ချိုမြို့နယ် တောင်ကုန်းစံကျေးရွာက အသက် ၈၂ နှစ်အရွယ် ဦးစန္တိမာလည်း လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူသေဆုံးထိခိုက်မှုတွေကြောင့် တိုက်ပွဲအနီးနား ကျေးရွာ ၂၀ လောက်က ဒေသခံ ၆၀၀၀ ကျော်ဟာ နောင်ချို၊ ပြင်ဦးလွင်နဲ့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။

“သေဆုံးတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ လက်နက်ကြီးတွေနဲ့ ပစ်လို့ပေါ့ဗျာ။ တော်တော်တော့ မလွယ်ဘူးပေါ့။ ဒီတိုက်ပွဲအနေအထားက တော်တော်လေး ကြီးကြီးမားမားလို့ ပြောလို့ရတယ်၊ ဆက်တိုက်ကြီး ဆိုတော့လေ။ အခုဆိုရင် ဒီနယ်တစ်ဝိုက်မှာ ခြုံပြီးပြောရမယ်ဆိုရင် လူပေါင်း ခြောက်ထောင်၊ ခုနစ်ထောင်လောက် ရှိလိမ့်မယ်ဗျ ပြေးနေကြတာ။ ဘယ်သူမှ ရွာမှာ မနေရဲကြတော့ဘူး။ ပြန်မလာရဲကြသေးဘူးပေါ့ဗျာ။ မြောက်ဘက်ကရွာတွေဆိုရင် ပြန်ပြီးတော့တောင် ပြေးနေကြတုန်းပေါ့နော်”

ထွက်ပြေးနေတဲ့ ဒေသခံတွေ စားသောက်ရေးနဲ့ နေထိုင်ရေးအတွက်ကိုတော့ ဘုန်းတော်ကြီးတွေနဲ့ မြို့ခံတွေက တတ်နိုင်သလောက် ကူညီနေကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်က ဟိုခိုရွာကနေ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ပစ်နေသလို PDF တပ်ဖွဲ့တွေကလည်း ဟိုခိုနဲ့ နောင်ချို-မိုးကုတ်လမ်းပိုင်း တစ်ကြောက ကျေးရွာတွေကနေ နောင်ချိုမြို့ အနီးအနားအထိ ဖြန့်ကြက်ပြီး တိုက်စစ်ဆင်လာတာကြောင့် တိုက်ပွဲက ပိုမိုပြင်းထန်လာနေတာကို တွေ့ရတယ်လို့ တိုက်ပွဲကြောင့်ထွက်ပြေးနေရတဲ့ ကုန်းကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက တော်တော်ကြာနေပြီ ရက်နှစ်ဆယ် ဝန်းကျင်ကို ရှိနေပြီဗျ။ မိုးကုတ်-ပြင်ဦးလွင် လမ်းပိုင်းမှာလည်း တောက်လျှောက် တိုက်ပွဲတွေဖြစ်နေတာ၊ ပြီးတော့လည်း နောင်ချိုမြို့နဲ့ နီးတဲ့နေရာနားတွေလည်း တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေတာ။ ပြောရမယ်ဆိုရင် PDF ဘက်ကလည်း စစ်နည်းဗျူဟာက ဘယ်လိုလဲတော့ မသိဘူးပေါ့နော်၊ နောင်ချိုမြို့နယ် အရပ်ရပ်ကို တပ်ဖြန့်ပြီးတော့ စစ်ရေးလှုပ်ရှားနေတဲ့ ပုံစံပေါ်တယ်ဗျ”

ဧပြီလ ၂၂ ရက်နေ့မှာတော့ နောင်ချိုမြို့နဲ့ နှစ်မိုင်လောက်ဝေးတဲ့ ကျောက်ကြမ်းရွာအနီးက စစ်ကောင်စီရဲ့ (ခလရ ၁၁၄)နဲ့ (ခ-လ-ရ ၁၁၅) တပ်ရင်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ခလရ-၁၁၄ တပ်က အရာရှိတစ်ဦး ဒဏ်ရာရခဲ့ပြီး ငါးဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီတပ်ရင်းတွေနဲ့နီးတဲ့ ကျောက်ကြမ်းအပါအဝင် အနီးအနီနား ကျေးရွာ ဒေသခံတွေကတော့ လက်ရှိမှာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီလို့ ကျောက်ကြမ်း ရွာခံတစ်ဦးက ပြောပါတယ်။

“ဒီနောင်ချိုနဲ့ ၁၁၄ တပ်ဆိုရင် နှစ်မိုင်ပဲ ကွာတယ်။ ၁၁၅ ဆိုရင်တော့ နှစ်မိုင်ခွဲလောက်ပဲ ကွာတာပေါ့နော့် ။ မြို့နဲ့ အရမ်း ကပ်နေပြီ။ ရွာမှာတော့ လူတွေကမရှိသလောက်ပဲ သက်ကြီးပိုင်းတွေနဲ့ ကလေးတွေကတော့ မရှိသလောက်ကို ဖြစ်သွားပြီ။ကျွဲနွားတွေရှိတော့ တောင်သူတွေရွာမို့လို့ ကျွဲနွားကို ပြုစုဖို့ ခေတ္တရွာကို သွားလိုက် ပြန်ထွက်လိုက် အဲလိုတော့ ရှိနေတယ်ဗျ။ လူတွေကတော့ စိုးရိမ်တာပေါ့ဗျာနော့် တအားကို စိုရိမ်နေတာအခုက”

ဧပြီလ ၂၄ရက်နေ့ ဒီနေ့ မှာတော့ ကျောက်ကြမ်းရွာအနီးက ကုန်းဆုန်ရွာတစ်ဝိုက်မှာ နှစ်ဖက် တပ်ဖွဲ့တွေ နီးနီး ကပ်ကပ်ရှိနေပြီး တိုက်ပွဲဖြစ်မယ့် အခြေအနေရှိနေတယ်လို့ ဒေသခံကပြောပါတယ်။

ဧပြီလ ၂၃ရက်နေ့ မနေ့က ညနေပိုင်း ၂ နာရီလောက်မှာတော့ ကုလားကွဲကျေးရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသား ၁၄ ယောက်ကို စစ်ကောင်စီတပ်က လက်နက်တွေ ထမ်းဖို့ဆိုပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲအတွင်းမှာ သူတို့ကို လူသား ဒိုင်းအနေနဲ့ အသုံးပြုခံရမှာကို ကျန်နေတဲ့မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဒေသခံက ဆိုပါတယ်။

"ဘယ်သူမှ ရွာမှာ မနေရဲကြတော့ဘူး။ ပြန်မလာရဲကြသေးဘူးပေါ့ဗျာ"

နောင်ချိုမြို့နယ်အတွင်းက တိုက်ပွဲနဲ့ပတ်သက်လို့ မန္တလေး PDFရဲ့ ဧပြီလ ၂၃ ရက်နေ့ မနေ့က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်နဲ့ ၁၈ ရက်တာ ကာလအတွင်း တစ်နေကုန်ဖြစ်တဲ့ တိုက်ပွဲကြီး လေးကြိမ်နဲ့ တိုက်ပွဲငယ်ပေါင်း ၁၈ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ (ခလရ- ၁၄၇) က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်း ထွန်း၊ (ခလရ- ၂၅၈) ကဗိုလ်ကြီးအဆင့်ရှိတဲ့ တပ်ခွဲမှူး တစ်ဦး၊(ခလရ-၂၅၃)က စစ်ကြောင်းမှူး အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ဝန်းကျင် သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၁၁ ဦးသေဆုံးခဲ့တယ်လို့ မန္တလေး PDF ပြောခွင့်ရ ရဲဘော် အက်စမွန်က ပြောပါတယ်။

“တိုက်ပွဲအခြေအနေကို ပြောရမယ်ဆိုရင် ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးဘက်ကရော (စ.က.စ) ဘက်ကပါ အပြန်အလှန် ထိုးစစ်ဆင်တာမျိုးတွေ ရှိခဲ့တယ်။ ရန်သူဘက်ကဆိုရင် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အကြိမ်ကြိမ် အသုံးပြုခဲ့တာမျိုးတွေ ရှိပါတယ်။ ဒီတိုက်ပွဲကာလပေါ့နော်၊ ၅ ရက် နေ့ကနေ ၂၂ ရက်နေ့အထိ ဆိုလို့ရင် ရန်သူ့ဘက်က ခလရ-၁၄၇ တပ်ရင်းမှူးပေါ့နော် ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး အပါအဝင် အရာရှိပိုင်းအချို့နဲ့ ရဲဘော်ပေါ့နော် အောက်ခြေ တပ်သားအများအပြား ကျဆုံးတယ်လို့ သိရှိရတယ်ပေါ့နော်။ ကျနော်တို့ဘက်မှာလည်း ရဲဘော် ၁၁ ဦးပေါ့ အသက်ပေးသွားခဲ့တယ် ထိခိုက်ဒဏ်ရာရမှုတချို့လည်း ရှိပါတယ်”

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ခုနစ်ဦး သေဆုံးခဲ့ရတယ်လို့ ကနဦးသိထားရပြီး အမည်နဲ့နေရပ် အချက်အလက်တွေတော့ မရသေးဘူးလို့ဆိုပါတယ်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးနေရသည့် ဒုက္ခသည်တချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ရှမ်းသွေး)
နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲကြောင့်ထွက်ပြေးနေရသည့် ဒုက္ခသည်တချို့ကို ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-ရှမ်းသွေး)

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ခလရ-၁၄၇၊ ခလရ-၂၅၃၊ ခလရ-၂၅၈၊ ခမရ-၅၀၈၊အမတ-၂၀၆၊ ခမရ-၄၁၉၊ ခမရ-၁၄၊ အင်အား ၄၀ ၀န်းကျင်ပါတဲ့ စနိုက်ပါ အထူးတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ အပါအဝင် အင်အား ၉၀၀ နဲ့၁၀၀၀ ကြား အသုံးပြုပြီး တိုက်ခိုက်နေ တယ်လို့ ဆိုပါတယ်။

တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကိုပါသုံးပြီး လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်အထိ ပြုလုပ်ခဲ့သလို လက်နက်ကြီးပစ်ကူတွေကိုပါ အသုံးပြုခဲ့တယ်လို့ မန္တလေး PDF တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မန္တလေး PDF ကထုတ်ပြန်တဲ့ စစ်ကောင်စီဘက်က သေဆုံးအခြေအနေနဲ့ ပတ်သက်လို့ RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NUG၊ PDFနဲ့ သူတို့ကို ထောက်ပံ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြတ်ပြတ်သားသား ချေမှုန်းမယ်လို့ မတ်လ ၂၇ ရက် တပ်မတော်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

မန္တလေး-PDFတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းထားတာဖြစ်ပြီး ပြင်ဦးလွင်-နောင်ချို-မိုးကုတ် လမ်းပိုင်းမှာ အဓိက လှုပ်ရှားနေတာပါ။ ၂၀၂၂ သြဂုတ်လဆန်းပိုင်းကစလို့ ဒိုးပင်၊ ကုလားကွဲ၊ ဟိုခဲ စတဲ့ကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ကြား တိုက်ပွဲတွေ စတင်ခဲ့တာပါ။

အဲဒီတိုက်ပွဲဖြစ်တဲ့ နေရာတွေဟာ တပ်မတော် စစ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နဲ့ စစ်ကောင်စီတပ်ရင်း တပ်ဖွဲ့တွေရှိတဲ့ ပြင်ဦးလွင်မြို့ကို ခြိမ်းခြောက်နိုင်တဲ့အထိ အရေးပါတာကြောင့် နှစ်ဖက်တပ်ဖွဲ့ကြား စစ်ရေးအခြေအနေ ပိုပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။