နိုင်ငံတစ်ဝန်း နုတ်ထွက်တဲ့ ရပ်ကျေးအုပ်ရေးမှူး ၃၆၀ ကျော် ရှိလာ
မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်း ရှစ်လကျော် ကာလအတွင်း တာဝန်ကနေ နုတ်ထွက်သွားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံနဲ့ ရာအိမ်မှူး အရေအတွက်ဟာ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ၃၆၆ ဦး အထိ ရှိလာနေတယ်လို့ ရန်ကုန်အခြေစိုက် လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က အောက်တိုဘာလ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလမှာ ၂၉ ဦး၊ မတ်လမှာ ရှစ်ဦး၊ ဧပြီလမှာ တစ်ဦး၊ မေလမှာ ရှစ်ဦး၊ ဇွန်လမှာ ၂၀ ဦး၊ ဇူလိုင်လမှာ ၁၈ ဦး၊ သြဂုတ်လမှာ ၅၈ ဦး၊ စက်တင်ဘာလမှာ ၇၇ ဦး နဲ့ အောက်တိုဘာလမှာ ၁၅၂ ဦးအထိ ရှိခဲ့တာပါ။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းကတော့ စုစုပေါင်း ၁၆၂ ဦးနဲ့ နုတ်ထွက်သူဦးရေ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်း ကတော့ ၉၇ ဦးနဲ့ ဒုတိယ၊ မကွေးတိုင်းကတော့ နုတ်ထွက်သူ ၅၈ ဦးနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

နေပြည်တော် ကောင်စီနယ်မြေက နုတ်ထွက်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးကတော့ လုံခြုံရေးကြောင့် နုတ်ထွက်ခဲ့တာလို့ RFA ကိုပြောပါတယ်။
“PDF က ပြည်သူ့တပ်မတော် ကာကွယ်ရေးက လက်မခံဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအာဏာရှင် စနစ်ကို လက်မခံတဲ့အတွက် ကျနော်တို့က ဆက်လုပ်ဆိုလည်း မလုပ်ရဲဘူး။ ပြည်သူက မလိုလားအပ်တဲ့ စနစ်ဆိုတော့ ပြည်သူက ဆက်လုပ်ဆိုလည်း မလုပ်ရဲဘူး။ ပြည်သူနှစ်သက်တဲ့ အစိုးရ၊ ပြည်သူတင်တဲ့ အစိုးရစနစ်မျိုး ဆိုရင်တော့ ဘယ်လိုပဲ အခက်အခဲ ဖြစ်ဖြစ် ကျနော်တို့က လုပ်မှာ။ လုပ်မှာဆိုတာက ဒီလိုအချိန်မှာက ဘယ်သူမှ အာဏာရှင်ကို မကြိုက်တဲ့အတွက် ဒီလို အချိန်အခါမှာ လုပ်လည်း မလုပ်သင့်ဘူး။ လုပ်လည်း မလုပ်နိုင်ဘူး”
အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဆန္ဒပြပြည်သူတွေကို ဖမ်းဆီးရတာ၊ စစ်ကောင်စီကို သတင်းပေးရတာ တွေကြောင့် ပြည်သူတွေနဲ့ ဆန့်ကျင်ပြီး အုပ်ချုပ်ရေးမှူးဆက်လုပ်ဖို့ အဆင်မပြေတော့ဘူးလို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတချို့က ပြောပါတယ်။
ဒါကြောင့် ပြည်သူလိုလားတဲ့ အုပ်ချုပ်ရေးစနစ် ပြန်ဖြစ်လာရင်တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပြန်လုပ်မယ်လို့ ဆိုပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ လက်ရှိတာဝန်ကို ထမ်းဆောင်လိုခြင်း မရှိတဲ့အတွက် နုတ်ထွက်လို ကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးထံကို လက်မှတ်ရေးထိုး တင်ပြခဲ့ကြတာပါ။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူး ၃၆၀ ကျော်ကို တရားဝင် နုတ်ထွက်ခွင့်ပြုခဲ့သလား ဆိုတာကိုတော့ ရှင်းလင်းလင်း မသိရသေးပါဘူး။
RFA က လေ့လာစုံစမ်းမှုတွေအရ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက နုတ်ထွက်ဖို့ သတိပေးစာတွေ အသီးသီး ထုတ်ပြန်ပြီးနောက်ပိုင်းမှာ အစုလိုက် အပြုံလိုက် နုတ်ထွက်တဲ့ မြို့နယ် သုံးခု ရှိပါတယ်။
အဲဒါကတော့ စစ်ကိုင်းတိုင်းက ထီးချိုင့်မြို့နယ်၊ မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ ရန်ကုန်တိုင်းက ခရမ်းမြို့နယ်တွေပါ။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် ထီးချိုင့် PDF ရဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ ထီးချိုင့်မှာ PDF က ဖိအားပေးလိုက်တဲ့အတွက် နုတ်ထွက်သွားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ၉၉ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ပြောပါတယ်။
“သူတို့ သတိပေးတယ်ဆိုတာက ကျနော်တို့က စစ်ကောင်စီကို မကြိုက်တာကိုး။ ဒီရပ်ရွာတွေမှာ အုပ်ချုပ်ရေး ယန္တရားပေါ့။ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုတွေကို အမိန့်မခံစေချင်တဲ့အတွက် အုပ်ချုပ်ရေးမှူး တွေကို နုတ်ထွက်ခိုင်းတာပါ”
နုတ်ထွက်သွားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နေရာမှာ အသစ်ပြန်မခန့်နိုင်တာကြောင့် ထီးချိုင့်မှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားဟာ မြို့ပေါ်မှာသာ ရှိတော့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက အောက်ခြေအုပ်ချုပ်ရေး ယန္တရားကို အသက်သွင်းနိုင်ဖို့ ကြိုးစားနေသလို အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဟန့်တားဖို့ ကြိုးစားလာခဲ့ကြတာပါ။
စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရပ်/ကျေး အုပ်ချုပ်ရေး မှူးတွေဟာ ဖိအားပေး ခြိမ်းခြောက်ခံရလို့ နုတ်ထွက်သွားကြတာဖြစ်ပြီး လက်တွေ့ ထိခိုက်နစ်နာသူကတော့ ပြည်သူလူထုသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အစိုးရလည်း မထိခိုက်ဘူးလားဆိုရင် အစိုးရလည်း ထိခိုက်တာပေါ့။ နံပါတ်တစ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်တယ်။ နံပါတ်နှစ်ကတော့ အစိုးရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျေးလက်ထောက်ပံ့ရေး လုပ်ငန်းတွေမှာ နာမည်ခံပြီး ကြီးကြပ်တဲ့ အနီးကပ်စောင့်ကြည့် ကြီးကြပ်တဲ့စနစ် ထိခိုက်တာပေါ့။ နုတ်ထွက်တဲ့ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပတ်သက်ပြီး အပြစ်မတင်လိုပါဘူး။ သူ့ရဲ့ လုံခြုံရေး အခြေအနေကြောင့် နုတ်ထွက်ရတာ ဖြစ်တယ်”
ဒေသအလိုက် PDF တွေ ဖွဲ့စည်းလာပြီးနောက်ပိုင်းမှာ အုပ်ချုပ်ရေးမှူးတွေနဲ့ ဒလန်ဆိုသူတွေ သတ်ဖြတ် ခံလာရပြီး သူတို့တွေကို အပြည့်အဝ အကာအကွယ် မပေးနိုင်ဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ဝန်ခံပြောဆိုထားပါတယ်။
"ဒီအာဏာရှင် စနစ်ကို လက်မခံတဲ့အတွက် ကျနော်တို့က ဆက်လုပ်ဆိုလည်း မလုပ်ရဲဘူး။"
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အုပ်ချုပ်ရေးမှူးတွေ အခုလို နုတ်ထွက်နေတာဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကို အများကြီးကို ယိမ်းယိုင်သွားစေပေမယ့် ပြိုလဲတဲ့အဆင့်တော့ မရောက်သေးဘူးလို့ ပြောပါတယ်။
“တစ်ပြည်လုံးမှာ ပြိုကွဲပျက်စီးသွားဖို့တော့ အတော်ကြိုးစားရဦးမယ်။ အထူးသဖြင့် ကျနော်မြင်တာ ကတော့ ဧရာဝတီ အောက်ပိုင်းပေါ့။ မွန်ပြည်နယ် နောက်ပြီးတော့ တနင်္သာရီတိုင်းပေါ့။ အဲဒီဒေသတွေရဲ့ လှုပ်ရှားမှုက နောက်ကျတဲ့အတွက် အခုမှ စပြီးတော့ လှုပ်ရှားလာတဲ့အတွက် အဲဒီအင်အားစုတွေရဲ့ လှုပ်ရှားမှု တဆင့်တိုးလာတာနဲ့အမျှ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဟာ ပြိုလဲသွားမယ်လို့ မျှော်လင့်ချက် ထားပါတယ်။ ဒီအုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အတိုင်းအတာ မြင့်မားလာတာနဲ့အမျှ အုပ်ချုပ်ရေးပိုင်းထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့လူတွေလည်း နောက်ဆုတ်သွားမှာတော့ မြင်မိပါတယ်။ ဒါကြောင့်မို့ ရေရှည်မှာကတော့ ဒီလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ တက်တက်ကြွကြွ ဆက်လုပ်နိုင်လို့ ရှိရင် စစ်ကောင်စီရဲ့ ဒေါက်တိုင်တစ်ခုလုံး တစ်ပြည်လုံး အတိုင်းအတာနဲ့ ပြိုလဲသွားနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ မျှော်လင့်ယုံကြည်မိပါတယ်”
စစ်ကောင်စီလက်ထက် အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီကို လိုလားပြီး စစ်ကောင်စီနဲ့ အကျိုးဖြစ်ထွန်း နေတဲ့ အင်အားစုတွေသာဖြစ်ပြီး သူတို့တွေဟာ ဒီနေ့ လူထုတော်လှန်ရေးကြီး တစ်ရပ်လုံးရဲ့ စည်းဝိုင်း အပြင်ဘက် ရောက်နေသူတွေ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ လက်ရှိအချိန်အထိ နုတ်ထွက်နေကြဆဲဖြစ်ပြီး တချို့ကလည်း သူတို့နေထိုင်ရာ ရပ်/ရွာတွေကိုပါ စွန့်ခွာသွားကြတာမျိုးအထိ ရှိနေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေဆီက သိရှိရပါတယ်။