နိုင်ငံတစ်ဝန်း လျှပ်စစ်ဝန်အားပြည့်ပေးဖို့ စစ်ကောင်စီ ခက်ခဲလာ
အာဏာသိမ်းပြီး ကိုးလကျော်အကြာ နိုဝင်ဘာလကစပြီး ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ မီးဖြတ် တောက်ခံရတာတွေ ကြုံလာရပါတယ်။
စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့နည်းလာပြီး ဓာတ်အားလိုင်းတချို့ ပြုပြင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာ နိုဝင်ဘာ ၁၉ ရက်နေ့ကစပြီး တစ်နေ့ကို နှစ်နာရီ ဝန်အားလျှော့ချသွားမယ်လို့ ကြေညာခဲ့ပါတယ်။
အခုဆို မြို့နယ်အသီးအသီးမှာတော့ နေ့တိုင်းနီးပါး မီးပြတ်တောက်မှုတွေ ဖြစ်နေပါပြီ။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သာကတေမြို့နယ်မှာ နေထိုင်သူတစ်ယောက်က နေ့တိုင်းနီးပါး မီးပျက်နေတဲ့အကြောင်း ရှင်းပြပါတယ်။
“ဒီရက်ပိုင်းတွေတော့ မနေ့ကလည်းပြတ်တယ်၊ တစ်နေ့ကလည်းပြတ်တယ်၊ ပြတ်တာတော့ နေ့တိုင်းနီးပါး ပြတ်တယ်၊ တစ်ခါတလေကြရင် နှစ်နာရီ၊ သုံးနာရီ၊ အနည်းဆုံးကတော့ တစ်နာရီ တစ်နာရီကျော်ပဲ၊ အရင် တုန်းကတော့ မပြတ်ဘူးပေါ့ဗျာ၊ ဟိုတုန်းကတော့ မီးပျက်ရင်တောင် ကျနော်တို့ကို အရင်ဆုံး စာတွေ ဘာတွေ ထွက်ပြီးမှ ဘယ်အချိန်ကနေ ဘယ်အချိန် ပြတ်မယ်ဆိုတဲ့အကြောင်း ကြေညာချက်ထွက်ပြီးမှ ပြတ်တာ၊ အခုကတော့ ပြတ်ချင်းတိုင်း ပြတ်တာပေါ့”
အလှည့်ကျ မီးဖြတ်မယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက် စာမျက်နှာပေါ်ကနေပဲသိရပြီး ရပ်ကွက်ထဲမှာ လိုက်လံ ကြေညာတာမျိုးတော့ မကြားမိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
လျှပ်စစ်ဓာတ်တိုင်တွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ အင်တာနက်ဖိုက်ဘာ ကေဘယ်ကြိုးတွေ ရှိနေတာကို နိုဝင်ဘာလကုန်မှာ ဖယ်ရှားပေးဖို့နဲ့ မဖယ်ရှားရင် လျှပ်စစ်ဌာနက ဖယ်ရှားပြီး တရားဥပဒေအရ အရေးယူ မယ်လို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာခဲ့ပါတယ်။
တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တစ်ဦးကလည်း သစ်ပင်ခုတ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာခဏ မီးဖြတ်ခံနေရတယ်လို့ ပြောပါတယ်။
“ပြတ်တာ နှစ်ခေါက် သုံးခေါက်ပဲ၊ ပြတ်တယ်ဆိုတာလည်း ဒီလိုပြတ်တာ အပင်ခုတ်ဖို့ ရှိတယ်ဆိုပြီးတော့ ပြတ်တယ်၊ ဒါပေမဲ့ ပထမ ၃ ရက်မှာ ၂ ရက်က အပင်ခုတ်ဖို့ဆိုပြီးတော့ ပြတ်တယ်ပေါ့နော်၊ ၁ ရက်ကတော့ ကြေညာတယ်၊ ၁ ရက်တော့ မကြေညာသွားဘူး၊ နောက် ၁ ရက်ကတော့ အစောကြီး မီးပျက်သွားတာ သုံး၊ လေး နာရီလောက် ကြာတယ်။ ညဘက်ဆိုရင်လည်း လေးနာရီလောက်ကြာအောင် ပြတ်သွားတာ ရှိသေး တယ်။ ဒီနိုဝင်ဘာလထဲမှာ ပြတ်သွားတာ အရင်တုန်းကမပြတ်ဘူး။ အခြား ရပ်ကွက်တွေတော့ မသိဘူး ပေါ့နော် ”
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလကစပြီး အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ မီတာခတွေကို မဆောင်ဖို့ လှုံ့ဆော်မှုတွေရှိခဲ့သလို ပြည်သူတွေ အများပြားကလည်း မီတာခမဆောင်ဘဲနေနေကြပါတယ်။ ပြည်သူတွေ လျှပ်စစ်မီတာခ မပေးဆောင်လို့ စစ်ကောင်စီဟာ ငွေကျပ် ၁၆၀ ဘီလီယံလောက် လစဉ် ဆုံးရှုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောထားပါတယ်။
ဒါပေမဲ့ မီတာခမဆောင်လို့ဆိုပြီး စစ်ကောင်စီဘက်က မီးဖြတ်တာတွေလုပ်လာပြီးနောက်ပိုင်း အထပ်မြင့် တိုက်တွေရှိတဲ့ ရန်ကုန်မြို့လိုနေရာက တချို့ပြည်သူတွေထဲမှာ မီတာခပြန်ဆောင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လျှပ်စစ်ဌာနရဲ့ ဝန်အားလျှော့မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီးဖြတ်ခံရတဲ့အထဲမှာ မီတာ ဆောင်သူတွေပါ ပါဝင်နေပါတယ်။
"ညနေလောက်က ပြတ်သွားပြီဆိုရင် မိုးတော်တော်ကြီးချုပ်မှ လာတယ်"
ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်သူ တစ်ယောက်ကလည်း သူတို့ဆီမှာ နေ့တိုင်း နီးပါး မီးပျက်နေတယ်လို့ ဆိုပါတယ်။
“မနက်ပိုင်း နှစ်နာရီ မီးပျက်မယ်ဆိုပြီး နှစ်နာရီခွဲလောက်ကြာတယ်၊ ပြီးတော့ ညနေကျရင် မပြတ် တော့ဘူး ထင်တာ။ ညနေကျတော့ ထပ်ပြတ်ပြန်ရော၊ ညနေပြတ်ရင် အကြာကြီးပဲ၊ သူတို့ EPC တို့ ဘာတို့ဆို မီးပျက်လို့ ဖုန်းဆက်ရင် ဖုန်းတွေပါပိတ်ထားတာ၊ ဖုန်းတွေပါပြီးရင် Black List ထဲထည့်တာ အဲလိုမျိုး၊ ညနေလောက်က ပြတ်သွားပြီဆိုရင် မိုးတော်တော်ကြီးချုပ်မှလာတယ်၊ တစ်ခါတလေဆိုရင် ၆ နာရီ ၇ နာရီလောက်က စပြတ်သွားရင် မနက် ၅ နာရီ ၆ နာရီမှ ပြန်လာတဲ့ရက်တွေရှိတယ်၊ နေ့တိုင်း ဖြစ်နေတာ ဘယ်လောက် ကြာပြီလဲဆိုရင် ၁၀ လပိုင်း လအစလောက်ကတည်းက နေ့တိုင်းကိုပြတ်တာ၊ တစ်ရက်မှ မပြတ်တဲ့ရက်မရှိဘူး ”
လူနေထူထပ်တဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ မီးပျက်သလိုပဲ နယ်မြို့တွေမှလည်း နေ့စဉ်ပုံမှန် မီးပြတ်တောက်မှုတွေ ကြုံနေရပါတယ်။ စစ်တပ်က အာဏာမသိမ်းခင်က မီးပျက်ရင်အချိန်ခဏပဲ ကြာပေမယ့် အခုတော့ နေ့တိုင်းအကြာကြီးမီးပျက်တာကို ကြုံနေရတယ်လို့ ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ နေထိုင်သူ တစ်ယောက်က ပြောပါတယ်။
“တစ်နေ့ကို နှစ်နာရီလောက် မသိလိုက်မသိသာနဲ့ အဲလို ညနေ ၃ နာရီပြတ်တယ် ညနေ ၇ နာရီမှ ပြန်လာတယ်။ ပြီးတော့ ညနေ ၆ နာရီပြတ်တယ် ည ၈ နာရီမှပြန်လာတယ်တို့ အဲလိုမျိုးတွေကို နေ့တိုင်း နီးနီးတော့လုပ်တယ်၊ တစ်ခါတလေ မနက်ကတည်းကပြတ်သွားတာ ည ၇ နာရီ ၈ နာရီမှ ပြန်လာတာတို့ ညနေ ၃ နာရီလောက်က ပြတ်သွားတာ ည ၁၀ နာရီ ၁၁ နာရီမှ လာတယ်တို့၊ ပြီးရင် ဟိုရက်ကဆိုရင် တစ်ညလုံးပြတ်တာမျိုးတွေ အဲလိုမျိုးတွေ၊ အဲလိုမျိုးမဖြစ်ရင်တောင်မှ နှစ်နာရီ သုံး နာရီလောက်ကတော့ နေ့တိုင်းခဏခဏပြတ်တယ်၊ ပြီးခဲ့တဲ့လအထိ အဲလိုမီးပျက်တာမရှိဘူး ပြတ်သွားရင်လည်းခဏပဲ ”
လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေတဲ့ ကုမ္ပဏီအချို့ ပိတ်သိမ်းရပ်နားကုန်တာကြောင့် ဝန်အားလျှော့ချဖို့ ဖြစ်လာတာလို့ စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနက လုံခြုံရေးအရ အမည်မဖော်မလိုတဲ့ အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။
“ တချို့ဟာတွေက ရပ်တယ်ထင်တယ် ကျနော်တို့ သိရသလောက်တော့။ တချို့တော့ ရပ်သွားကြပြီ၊ ငွေချေမှ သူတို့က လည်ပေးမှာလေ။ ကျနော်တို့က ငွေမချေတော့ သူတို့ကရပ်ကုန်တာပေါ့၊ ပြီးခဲ့တဲ့နှစ် တစ်ရာသီလုံး သင်္ဘောကြီးနဲ့ ကူလိုက်ရတာလေ၊ အခုက အဲသင်္ဘောလည်း မရှိတော့ဘူး သွားပြီလေ။ မီတာခ မဆောင်တာတော့ ကွက်ပြီး တစ်အိမ်ထဲတော့ ဖြတ်လို့တော့ ဘယ်ရမလဲ၊ တစ်ရွာလုံးကျွတ် တစ်မြို့လုံးကျွတ် မဆောင်လို့ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမှမရှိတာ သူ့ဟာသူ ဆောင်နေကြတာပဲလေ။ ရာခိုင်နှုန်းတစ်ခုအနေနဲ့သာ မဆောင်တဲ့သူ ရှိကောင်းရှိမှာပေါ့။ အဲလိုဆိုတော့ မဆောင်တဲ့သူချည်းပဲ ရွေးဖြတ်လို့လည်း မရဘူးလေ။ ဆောင်တဲ့သူလည်း ပါသွားမှာပေါ့။ ဝန်အားလျှော့ရင်တော့ အကုန် ပါသွားမှာပေါ့"
လက်ရှိ ဝန်အားလျှော့ချမယ်လို့ ကြေညာပြီးသား တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ ပုံမှန် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၂၇၅ မဂ္ဂါဝပ်ရှိနေပြီး ဒီထဲက ၁၅၀ မဂ္ဂါဝပ်ကို ညနေ ၆ နာရီကနေ ၈ နာရီအတွင်း လျှော့ချ သွားမယ်လို့ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက ၂၅ မဂ္ဂါဝပ်၊ ဧရာဝတီတိုင်းက ၂၀ မဂ္ဂါဝပ်၊ မကွေးတိုင်းက ၂၀ မဂ္ဂါဝပ် နဲ့ အများဆုံး အလျှော့ချခံရမှာဖြစ်ပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ စာရင်းအရ အောက်တိုဘာလအထိ နေ့စဉ် လျှပ်စစ်ဓာတ်အား ၃၇၀၀ မဂ္ဂါဝပ်ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ရန်ကုန်က ၁၄၀၀ မဂ္ဂါဝပ်ကျော် မန္တလေးက မဂ္ဂါဝပ် ၆၀၀ ကျော်နဲ့ နေပြည်တော်က ၁၄၆ မဂ္ဂါဝပ် သုံးစွဲခဲ့ပါတယ်။
ဒါပေမဲ့ နိုဝင်ဘာလထဲမှာတော့ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၃၀၀ ကျော်အထိပဲ ထုတ်လုပ်နိုင်တာတွေ့ရပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ရဲ့ လျှပ်စစ်မဂ္ဂါဝပ်သုံးစွဲမှုရာခိုင်နှုန်း ပြောင်းလဲမှုမရှိဘဲ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ အခြားပြည်နယ်နဲ့တိုင်းတွေမှာ ဝန်အားစတင်လျှော့ချမှုတွေ ရှိနေပါတယ်။
ပြည်သူမှပြည်သူသို့ မျှဝေခြင်း အဖွဲ့တည်ထောင်သူ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာဇော်နိုင်ကတော့ အခုလိုဖြစ်လာတာကြောင့် နှစ်ဖက်စလုံးမှာ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
“ဖြေရတာခက်တယ်၊ ပထမဆုံးတစ်ခုကတော့ စကစလက်ထက်မှာ ဘာမှအလုပ်မဖြစ်တော့ဘဲ အစိုးရ ယန္တရားကြီးရော ခက်ခဲကျပ်တည်းသွားအောင်လုပ်မှ စကစအနေနဲ့ အခက်တွေ့မယ်ပေါ့ဆိုတဲ့ အယူအဆ နဲ့က တစ်ဖက်ပေါ့၊ နောက်တစ်ဖက်ကတော့ စကစကိုတော့ အခက်တွေ့စေမယ် ပြည်သူတွေကိုတော့ အခက်မတွေ့ စေဖို့ကတစ်ဖက်ပေါ့၊ စကစကိုပဲ အခက်တွေ့အောင် လုပ်မယ်ဆိုတဲ့ဟာမျိုးက တကယ်တမ်း ကျတော့ ခက်တယ်၊ အခုလို သက်ရောက်မှုက စကစရော အကုန်လုံးသက်ရောက်မှုရှိနိုင်တယ်၊ အဲတော့ ပြောရခက်ပါတယ် ”
တစ်ဖက်မှာလည်း လျှပ်စစ်မီတာခ ပေးဆောင်ဖို့ စစ်ကောင်စီဘက်က ပြည်သူတွေကို ဖိအားပေးလာတာ တွေကြောင့် မေလကုန်ပိုင်းစပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေက လျှပ်စစ်မီတာရုံးတွေကို ဗုံးဖောက်ခွဲတာတွေ လုပ်ဆောင်လာခဲ့ပါတယ်။
RFA က ကောက်ယူထားတဲ့ စာရင်းအရ အောက်တိုဘာ လကုန်ပိုင်းအထိ မြို့နယ်အသီးသီးက လျှပ်စစ်မီတာ ရုံးတွေမှာ အနည်းဆုံး အကြိမ် ၃၀ ကျော် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။