သွားလာရေးခက်ခဲတဲ့ နာဂဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှာ စိုးရိမ်နေ

ကျော်လွင်ဦး
2020.04.05

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသ နန်းယွန်းမြို့နယ်မှာ ကျန်းမာရေးဝန်ထမ်းသုံးပစ္စည်း မလုံလောက် တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာရင် ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်လာမှာကို ဒေသခံတချို့က စိုးရိမ်နေကြပါတယ်။ အစိုးရကတော့ ဦးစားပေးဒေသတွေထဲ ပါဝင်တဲ့ နာဂဒေသမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်တိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသထဲက  သွားလာရေးခက်ခဲတဲ့ လဟယ်၊ လေရှီးနဲ့ နန်းယွန်း မြို့နယ်တို့ဟာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေကြောင့် ကူးစက်ရောဂါ ပျံ့နှံ့ ရောက်ရှိလာရင် တခြားဒေသထက် ပိုပြီးတော့ ဆိုးဆိုးရွားရွား ခံစားရမှာကို ဒေသခံတချို့က စိုးရိမ်နေပါတယ်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က နန်းယွန်းဆေးရုံမှာ ဆေးဝန်ထမ်းတွေ အသုံးပြုဖို့ နှာခေါင်းစည်း၊ လက်အိပ်နဲ့ PPE လို့ ခေါ်တဲ့ ရောဂါပိုး ခုခံကာကွယ်တဲ့ဝတ်စုံ ကာကွယ်ရေးပစ္စည်းတွေ လုံလောက်မှုမရှိဘူးလို့ ပြောပါတယ်။

“သူနာပြုဆရာမတွေသုံးတဲ့ လက်အိပ်တို့၊ N95 တို့၊ PPE တို့က ဆရာဝန်တွေရဲ့ စံသတ်မှတ်ချက်တွေအရ ဆိုရင်တော့ တော်တော်များများ လိုသေးတယ်၊ မကိုက်သေးဘူးပေါ့နော်၊ အဲဒါတွေက လိုအပ်နေတယ်၊ အနည်းဆုံးကတော့ ကျနော်တို့ တစ်ပတ်စာလောက်တော့ ပြင်ဆင်ထားဖို့လိုတယ်၊ ဆေးရုံမှာ လူနာ ပြုစုမယ် ဆိုရင်တောင် တစ်ပတ်စာတော့ လုပ်ထားဖို့လိုတယ်။”

နာဂဒေသဟာ လူဦးရေများတဲ့ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေသလို တရားမဝင် လမ်းတွေလည်း အများအပြားရှိပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း လူစုလူဝေးမလုပ်ဖို့၊ ရွာတွေမှာ တစ်ခြားဒေသကလူတွေ ဝင်ရောက်လာရင် သတိပေးတားမြစ်တာမျိုးတွေနဲ့ ပတ်သက်ရင် ဒေသခံတို့က လိုက်နာမှု အားကောင်းကြပါတယ်၊ ဒါပေမဲ့လည်း အခြေခံကျတဲ့အချက်တွေဖြစ်တဲ့ ဆပ်ပြာ၊ နှာခေါင်းစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ ခက်ခဲတယ်လို့ ဦးစိမ်းမောင် က ပြောပါတယ်။

လူဦးရေ ခုနှစ်သောင်းကျော်ရှိတဲ့ နန်းယွန်းမြို့မှာသာ ဒီရောဂါဖြစ်ရင် ကုသရေးပစ္စည်း အားနည်းတာ၊ သွားလာရ ခက်ခဲတာတွေကြောင့် အခက်အခဲ ကြီးကြီးမားမား တွေ့နိုင်တယ်လို့  ဦးစိမ်းမောင်က ပြောပါတယ်။

“၂၀၁၆၊၂၀၁၈၊၂၀၁၈ သုံးနှစ်ဆက်တိုက်ဆိုရင် အခြားရောဂါတွေ ကျေးရွာအတွင်းထဲဖြစ်တဲ့အခါမှာ လူသေဆုံးမှုတွေ တော်တော်များတယ်ဗျ၊ ပြီးတော့ အဖျားကူးတာတွေက တစ်ယောက်နဲ့တစ်ယောက် နေ့ချင်းညချင်းကိုမြန်တယ်၊ ဒီလို့အနေထားကို ကြုံဖူးတဲ့အတွက်ကြောင့် အခုလို ကမ္ဘာကပ်ရောဂါကြီး ဖြစ်ခဲ့မယ်ဆိုရင် တော်ရုံနဲ့ ထိန်းနိုင်မယ်မထင်ဘူးဗျ၊ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ပြည်သူတွေမှာ ကျန်းမာရေးဗဟုသုတနည်းတယ်၊ ကုသနိုင်တဲ့ဆေးဝါးတွေ၊ ကိရိယာတွေ လုံလုံလောက်လောက် မရနိုင်ဘူး၊ ကျန်းမာရေးဝန်ထမ်းတွေ လုံလုံလောက်လောက်မရှိဘူး၊ ဒီအခက်အခဲတွေပေါ့၊ ဖြစ်လို့ရှိရင် အချိန်မှီလည်း ကုလို့မရဘူး၊ မဆောင်ရွက်ပေးနိုင်ဘူး တစ်ရွာနဲ့တစ်ရွာအလှမ်းဝေးတယ်၊ ဒါတွေကြောင့် အရမ်း စိုးရိမ် ပူပန်တာပါ”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဋ္ဌ ဦးကေဆိုင်းက ဒေသတွင်း မြို့နယ်တွေအတွက် ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးနဲ့ ပတ်သက်ပြီး ပြင်ပကနေ လိုသလောက် ဝယ်လို့ မရနိုင်ဘူးလို့ ပြောပါတယ်။

“လုံလုံလောက်လောက်တော့ မရှိသေးဘူးဗျ၊ အလွယ်တကူ ဝယ်လို့မရဘူးဖြစ်နေတယ်၊ ကျနော်တို့ ရန်ပုံငွေ တွေလည်း ရှာထားတယ်လေ၊ ကျနော်တို့ဆီမှာ ပစ္စည်း အခက်အခဲရှိပါတယ်၊ ရှိသလောက်နဲ့ အကောင်းဆုံး ဝိုင်းပြီးလုပ်နေပါတယ်”

တစ်မြို့နယ်ကို ဆရာဝန်တစ်ယောက်စီသာ ရှိတဲ့အတွက် ဆရာဝန် အရေအတွက် တိုးမြှင့်ချထားပေးဖို့ တိုင်းအစိုးရဆီ တင်ပြတောင်းဆိုထားတယ်လို့လည်း ဦးကေဆိုင်းက ပြောပါတယ်။

နာဂဒေသအတွက် လိုအပ်နေတဲ့ဆရာဝန် တာဝန်ချထားပေးဖို့ တိုင်းကျန်းမာရေးဦးစီးဌာနကို ညွှန်ကြားထားတယ် လို့လည်း စစ်ကိုင်းတိုင်း လှုမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း က ပြောပါတယ်။

အစိုးရ ထောက်ပံ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရာမှာ သုံးတဲ့ အသုံးဆောင်တွေ ဖြန့်ဝေရာမှာ နာဂဒေသ က ဦးစားပေး ဒေသတစ်ခု ဖြစ်တယ်လို့  သူက ဆက်ပြောပါတယ်။

“PPE ဝတ်ဆုံတွေ မနေ့ကဘဲ လွှတ်တော် ကိုယ်စားလှယ် ကိုရိထင် သူသယ်သွားပါပြီ၊ နာဂအတွက် ခွဲတမ်းကို၊ လေရှီးနဲ့ လဟယ်အတွက်၊ နန်းယွန်းကတော့ သူ့ဟာသူ ကြီးကြပ်၂ က ယူသွားပါတယ်၊ ပစ္စည်းက လိုသလောက် မရဘူး၊ ရရင်ရသလို ၃၇ မြို့နယ်ကို အညီအမျှ၊ နောက်ပြီးတော့ကျ နာဂဒေသကို ဝေးလို့ဆိုပြီး သူ့ကိုဦးစားပေးပြီး အရင်ပို့ပေးပါတယ်၊ တချို့လည်းမသိလို့နေမှာပါ”

စစ်ကိုင်းတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအတွက် ပြည်ထောင်စုအစိုးရက ကူညီတဲ့အပြင် တိုင်းဒေသကြီးအစိုးရ ဘဏ္ဍာငွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူ ထောက်ပံ့နေတယ်လို့လည်း ဒေါက်တာ ဇော်ဝင်း က ပြောပါတယ်။

၂၀၁၉  သြဂုတ်လကုန်ပိုင်း နန်းယွန်းမြို့နယ် ကျေးရွာတချို့မှာ  ဖြစ်ပွားခဲ့တဲ့ ရာသီပေါ်တုပ်ကွေးနဲ့ဆင်တဲ့ တုပ်ကွေးရောဂါတစ်မျိုးကြောင့် အဲဒီဒေသမှာ နှစ်ပတ်အတွင်း ကလေး ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။

သွားလာရေး ခက်ခဲတဲ့ ဒီဒေသမှာ ထူးခြားတဲ့ အခြေအနေ ဖြစ်ခဲ့ကြောင့် ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ဒီဒေသရောက်လာပြီး ထိန်းမနိုင် သိမ်းမရ  ဖြစ်လာမှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။