မြစ်ကြီးနား CDM မီးရထားဝန်ထမ်း ၈၀ ခန့် နေအိမ်ကနှင်ထုတ်ခံရ

2022.02.23
မြစ်ကြီးနား CDM မီးရထားဝန်ထမ်း ၈၀ ခန့် နေအိမ်ကနှင်ထုတ်ခံရ မြစ်ကြီးနားမြို့က CDM မီးရထားဝန်ထမ်းတွေ ဝန်ထမ်းအိမ်ရာကနေ ပြောင်းရွှေ့ပေးနေရစဥ်
Photo: Citizen Journalist

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က မီးရထားဌာနမှာ စုစုပေါင်းဝန်ထမ်း ၁၀၀ လောက်ရှိပြီး အဲဒီအထဲက CDM လုပ်ထားတဲ့ဝန်ထမ်း ၈၀ နဲ့ သူတို့ရဲ့မိသားစုတွေကို လက်ရှိနေထိုင်တဲ့ ဝန်ထမ်းအိမ်ရာကနေ တစ်ပတ်အတွင်း ပြောင်းရွှေ့ပေးဖို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကတည်းက စာထုတ် အမိန့်ပေးထားပါတယ်။

ဝန်ထမ်းတချို့က တစ်ပတ်အတွင်း ထွက်သွားကြပြီး တချို့ကလည်း ရုတ်တရက် နေစရာ ရှာမရသေးတဲ့အတွက် အခု ဖေဖော်ဝါရီ လလယ်ပိုင်းအထိ တဖြည်းဖြည်းချင်း ပြောင်းရွှေ့ ပေးနေတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

အဲဒီဝန်ထမ်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက CDM လုပ်နေတာကြောင့် တစ်နှစ်ကျော် လစာမရဘဲ နဂိုကတည်းက စားဝတ်နေရေး ခက်ခဲနေတာပါ။

အခု ဝန်ထမ်းအိမ်ရာကနေ နှင်ထုတ်ခံရတဲ့အတွက် ဝမ်းရေးအပြင် နေစရာပါ ခက်ခဲသွားပြီ လို့ နှင်ထုတ်ခံရတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“CDM ဝန်ထမ်းမှန်သမျှကတော့ အဆင်ပြေနေတဲ့သူက လက်ချိုး ရေလို့ရတာပေါ့။ ကျွန်တော်တို့အထဲမှာ သုံးလေးယောက်တော့ ရှိတာပေါ့။ ကျန်တဲ့ဟာတွေကတော့ ဝန်ထမ်း ဆိုတဲ့အခါကျတော့ အခြေအနေက ဆင်းရဲတာပေါ့။ ပုံမှန်ဝင်ငွေလည်း မရှိ တဲ့အခါကျတော့ အပြင်မှာနေပြီး အဲလိုမျိုးရတဲ့ဟာကို ကျွန်တော်တို့ လုပ်ကြတယ်။ ရေသန့်ကားမောင်းတဲ့သူက မောင်းတယ်။ ရေသန့်ကား ဆွဲတဲ့သူဆွဲတယ်။ အချိုရည်တွေ လိုက်ပို့တဲ့လူ ပို့တယ်။ စျေးရောင်းတဲ့သူ ရောင်းတယ်။ အဲလိုတွေပေါ့နော် သူ့ဟာသူ ဝမ်းစာတော့ ရှာစားတာပေါ့။ လောလောဆယ် ကျွန်တော်တို့က ဘာလဲဆိုတော့ မနှင် သေးတဲ့အခါကျတော့ နေစရာလည်း ရှိနေသးတော့ အလုပ်အားရင် ရှာစားရင် ရှာစားလို့ အဆင်ပြေတယ်။ အခု နေစရာ မဲ့သွားပြီဆိုတဲ့ အခါကျတော့ နေစရာအတွက်ပါ ပူလာရ ပြီပေါ့နော်။ ဝမ်းစာအတွက်ရော နေစရာအတွက်ရော ပူလာရပြီပေါ့”

အခုအချိန်မှာတော့ CDM ဝန်ထမ်း အားလုံးနီးပါး မြစ်ကြီးနား မီးရထားအိမ်ရာကနေ ထွက်ပေးကြရပြီး၊ တချို့က အပြင်မှာ အိမ်ခန်းငှားနေထိုင်ကြသလို တချို့ကတော့ ဇာတိနေရပ်ကို ပြန်သွားကြတယ်လို့ အဲဒီ CDM ဝန်ထမ်းက ပြောပါတယ်။

နှင်ထုတ်ခံရတဲ့ မီးရထားဝန်ထမ်းတွေထဲမှာ မီးဖွားပြီးစ အမျိုးသမီးနှစ်ယောက်နဲ့ ဆေးပုံမှန် ထိုးနေရတဲ့ ဆီးချိုရောဂါသည် သက်ကြီးဝန်ထမ်းတချို့လည်း ပါတယ်လို့ သူက ဆိုပါတယ်။

CDM လုပ်ခါစက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ထံက ငွေကြေးအကူအညီ အနည်းငယ်ရရှိခဲ့ပေမယ့် အခု နောက်ပိုင်း အဖမ်းအဆီးတွေ များလာတဲ့အတွက် ဘယ်သူ့ဆီကမှ အကူအညီ မယူရဲတော့ဘူးလို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ကြီးနား CDM ဝန်ထမ််းတွေက ပြောပါတယ်။

ဒီအခြေအနေတွေကြောင့် မြစ်ကြီးနား မီးရထားဌာနက CDM ဝန်ထမ်းအယောက် ၈၀ မှာ ၂၀ လောက်က CDM ကနေ ပြန်ထွက်ဖို့ ပြင်ဆင်နေပြီး ကျန်အယောက် ၆၀ ကတော့ အာဏာဖီဆန်ရေး ဆက်လုပ်နေဆဲပဲလို့လည်း ဝန်ထမ်းတွေက ဆိုပါတယ်။

သူတို့ဘဝက နေ့စဉ်စားဝတ်နေရေး အခက်အခဲအပြင် ဘယ်တော့အဖမ်းခံရမလဲဆိုပြီး အမြဲစိုးရိမ်နေရတယ်လို့ CDM ဝန်ထမ်းတစ်ယောက်ကလည်း ပြောပါတယ်။

"တချို့က ပြောင်းကုန်ကြပြီ။ တချို့က အိမ်ခန်းရှာနေကြတုန်း။ သူတို့အဆင်ပြေတဲ့ နေရာ ပြောင်းကြမှာ။ ချက်ချင်းဆိုတော့ အခက်အခဲတော့ဖြစ်တာပေါ့။ ငွေကြေးအခက် အခဲရော၊ နေစရာဘာညာ မရှိဆိုတော့၊ ကျန်တာတွေ အလုပ်မလုပ်လည်း အပြင်မှာ ထွက်ရှာကြရတာပဲ။ ဒီကြားထဲ ထုတ်ပယ်စာတွေ တစ်မျိုးပြီး တစ်မျိုးလာတော့ စိတ် ထဲမှာ တစ်မျိုးတော့ဖြစ်တယ်ပေါ့။ တစ်ခါတလေ ဖမ်းမယ်ဆီးမယ် ကြားရင် ပြေးရပြန်ပြီ။ ညမအိပ်ဘဲ ရှောင်ရပြန်ပြီပေါ့။ အိမ်မှာလည်း ကောင်းကောင်းမနေရပါဘူး။ ဟိုပြေး ဒီပြေးလိုက်ပေါ့။ ငြိမ်သွားရင် ပြန်သွားနေပေါ့။ မငြိမ်ရင် အပြင်ရှောင်ပေါ့"

စားဝတ်နေရေး ခက်ခဲတဲ့အပြင် လုံခြုံမှု မရှိတော့တာကြောင့် မြစ်ကြီးနားမြို့နယ်ထဲက ဇာတိကျေးရွာတစ်ခုဆီ ပြန်နေထိုင်တော့မယ်လို့ သူက ဆိုပါတယ်။ သူ့ဇာတိ ဘယ်ရွာလဲ ဆိုတာကို လုံခြုံရေးအခြေအနေအရ ထုတ်မပြောပါဘူး။

"ကျနော်တို့ ရပ်တည်ချက်က ယုံကြည်မှုနဲ့ သွားတာလေ။  ကျနော်တို့ ရပ်တည်ချက်အတိုင်းပဲ ဘယ်ချိန်မှ မလုပ်တော့ဘူး။"

CDM ဝန်ထမ်းတွေဟာ အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရတာကြောင့် မိသားစုဝမ်းရေး အတွက် အရင်က တစ်ခါမှမလုပ်ဖူးတဲ့ အလုပ်မျိုးစုံလုပ်ပြီး စားဝတ်နေရေးကို ဖြေရှင်း နေရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အခြား CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ သူ့မှာ အရွယ်မရောက်သေးတဲ့ သားသမီး နှစ်ယောက်ရှိတာမို့ သူ့မိသားစု အတွက် ကုန်တင်ကုန်ချအလုပ်၊ ရေသန့်ပို့တဲ့အလုပ်၊ ပန်းရံ၊ လက်သမား စတဲ့ ကြုံရာ ကျပန်း အလုပ်မျိုးစုံလုပ်ကိုင်ပြီး မိသားစုကို ရှာဖွေကျွေးမွေးနေရတယ်လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ ဘယ်လောက်ပဲ ခက်ခဲပါစေ ပြည်သူရွေးချယ်တဲ့ အရပ်သားအစိုးရ ပြန်တက်မှ ဝန်ထမ်းပြန်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ RFA ကို ပြောပါတယ်။

“အရမ်းကို ခက်ခဲတယ်။ ခက်ခဲတဲ့အတွင်းမှာပဲ ကျနော်တို့က ရရာအလုပ် လျှောက်လုပ် ပြီးတော့ အခုက နေအိမ်ပါ ဖယ်ရတော့မယ်ဆိုတော့ ပိုဆိုးသွားတာပေါ့နော်။ သူတို့က ကျနော်တို့ကို ပြန်ခေါ်တယ်။ နေ့တိုင်း လာခေါ်တယ်။ ခေါ်လည်း မလုပ်ဘူး။ ကျနော်တို့ က မလုပ်တော့ဘူး။ ကျနော်တို့ ရပ်တည်ချက်က ယုံကြည်မှုနဲ့ သွားတာလေ။ ကျနော် တို့ ရပ်တည်ချက်အတိုင်းပဲ ဘယ်ချိန်မှ မလုပ်တော့ဘူး။ ကျနော်တို့ ခံယူချက်နဲ့ ကျနော် တို့လုပ်နေတဲ့ သူငယ်ချင်းတွေနဲ့ကတော့ လုံးဝမပြောင်းဘူး။ ကျနော်တို့ ဖြစ်သလို နေမယ်၊ ဖြစ်သလို ရအောင်လုပ်မယ်။ အဲလိုမျိုး ကျနော်တို့ ခံယူထားတယ်။ ဘယ်တော့ မှ နောက်မဆုတ်ဘူး။ ကျနော်တို့ ရပ်တည်ချက်အတိုင်းပဲ။ ဘယ်ချိန်မှ မလုပ်တော့ဘူး။ ကျနော်တို့ အစိုးရ ပြန်တက်လာရင်တော့ ကျနော်လုပ်မယ်"

(မြစ်ကြီးနား မီးရထား CDM ဝန်ထမ်းတွေ ၂၀၂၁ ဖေဖော်ဝါရီလက ဆန္ဒပြနေစဥ်) Photo: CJ
(မြစ်ကြီးနား မီးရထား CDM ဝန်ထမ်းတွေ ၂၀၂၁ ဖေဖော်ဝါရီလက ဆန္ဒပြနေစဥ်) Photo: CJ

အခု နှင်ထုတ်ခံရတဲ့ မြစ်ကြီးနား မီးရထား CDM ဝန်ထမ်းတွေရဲ့ စာရင်းကို အတိအကျ ကောက်ယူပြီး NUG လက်အောက်က သက်ဆိုင်ရာဝန်ကြီးဌာနကနေ အကူအညီရအောင် ဆောင်ရွက်ပေးနေတယ်လို့ CRPH အဖွဲ့ဝင်ဖြစ်တဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် က ပြောပါတယ်။

"ဒီမီးရထားဝန်ထမ်းတွေကို နေအိမ်လိုင်းကနေ ဖယ်ရှားခိုင်းတယ်လို့ ကျနော်တို့ကြား တော့ ဝန်ကြီးဌာနတွေကို ဆက်သွယ်ပြီးတော့မှ အခြေအနေကို တင်ပြထားပါတယ်ဗျ။ ထောက်ပံ့မှုကတော့ ဝန်ကြီးဌာနလာဖို့ပဲ ရှိနိုင်ပါတယ်ဗျ။ အဓိကက ကျနော်တို့က CDM နဲ့ ပတ်သက်ပြီးတော့မှ သူ့သက်ဆိုင်ရာ မြို့နယ်အလိုက် လုပ်နေတာတွေပဲ ရှိတော့တယ်။ မဟုတ်ရင်တော့ ကျနော်တို့ပြောသလိုပဲ  ဝန်ကြီးဌာနက သွားနေတဲ့ဟာတွေပေါ့နော်၊ ဘဏ္ဍာရေးဝန်ကြီးဌာနကနေလည်း နွေးဦးထီကနေ မျှဝေတာမျိုး၊ ပြီးတော့အခါကျ တော့လေ တကယ့်အရေးပေါ်လိုအပ်ချက် ရှိတယ်ဆိုရင်တော့လေ သက်ဆိုင်ရာ အလှူရှင်တွေ ချိတ်ဆက်ပြီးတော့မှ တတ်နိုင်သမျှ အထောက်အပံ့ရအောင် ကူညီ ပေးတာမျိုး၊ အဲလို အခြေအနေပဲရှိသေးတယ်"

မြစ်ကြီးနား CDM ဝန်ထမ်းတွေထဲမှာ PDF နဲ့ ဆက်နွယ်တယ်ဆိုပြီး အဖမ်းခံထားရသူ တစ်ယောက်၊ စားဝတ်နေရေး ခက်ခဲတာကြောင့် စိတ်ကျရောဂါနဲ့ သေဆုံးသွားသူ တစ်ယောက် ရှိတယ်လို့ ဝန်ထမ်းတွေက ပြောပေမယ့် သူတို့ရဲ့ အမည်နဲ့ အသက်အရွယ်ကို အတိအကျ မသိရသေးပါဘူး။

CRPH အဖွဲ့ဝင် ဦးဝင်းနိုင် ကတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း သူတို့ ကောက်ယူထားတဲ့ စာရင်းအရ ကချင်ပြည်နယ်မှာ CDM ဝန်ထမ်း စုစုပေါင်း ၁၃,၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ ပညာရေး၊ ကျန်းမာရေးနဲ့ မီးရထားဝန်ထမ်းတွေက အများဆုံးဖြစ်တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။