မြစ်ဆုံစီမံကိန်းပြန်စမဲ့ စစ်ကောင်စီခြေလှမ်း ဒေသခံတွေကန့်ကွက်
2024.05.29

ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိုးစစ်ကြောင့် မြို့ရှစ်မြို့နဲ့ တပ်စခန်းပေါင်း တစ်ရာနီးပါး စွန့်လွှတ်ထားရတဲ့ စစ်ကောင်စီက ၁၃ နှစ်ကြာ ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီး တစ်ကျော့ပြန် စဖို့ပြင်ဆင်လာပါတယ်။ စစ်ကောင်စီက ပြင်ဆင်နေပေမဲ့ ဒေသခံတွေနဲ့ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေကတော့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဒီစီမံကိန်းကို လက်မခံကြောင်းနဲ့ နိုင်ငံမတည်မငြိမ်ဖြစ်နေချိန်မှာ အခုလိုပြန်စဖို့ ကြိုးစားတာဟာ စစ်ကောင်စီက တစ်နိုင်ငံလုံးကို စိန်ခေါ်လိုက်တာပဲလို့ ပြောပါတယ်။
“ဒီနိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်မှာ သူတို့က အခွင့်ကောင်းယူပြီး လုပ်တယ်လို့ မြင်တယ်။ ဦးဆောင်ကော်မတီ ဖွဲ့လိုက်တယ်ဆိုတာက ကချင်ပြည်နယ်မှမဟုတ်ဘူး။ မြန်မာပြည်တစ်နိုင်ငံလုံးကို စိန်ခေါ်လိုက်သလားလို့ မြင်မိတယ်။ နောက်ပြီးတော့ ပြည်သူတွေကို သွေးတိုးစမ်းသလားပေါ့။ ကျွန်မတို့စိတ်ထဲမှာ ဒီလိုခံယူတယ်။ ၂၀၀၈ ကနေ ပြီးတော့ ဒါကိုကန့်ကွက်ခဲ့တာ အခုအချိန်အထိပဲ။ ဒါကိုပြန်စမယ်ဆိုရင် ဘယ်သူမှ သဘောတူမယ်လို့ မထင်ဘူး”
ပြီးခဲ့တဲ့မေ ၁၇ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကို တာဝန်ပေးထားပြီး စစ်ကောင်စီအဖွဲ့ဝင် ဆယ်ဦးကို ထည့်သွင်းဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။ အဲဒီပြန်တမ်းအရ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ဒီစီမံကိန်းဦးဆောင်အဖွဲ့ကို ဧပြီ ၂၄ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
လူမှုဘဝတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမဲ့ ဒီစီမံကိန်းကို ဒေသခံတွေတင်မကဘဲ တစ်နိုင်ငံလုံးက ကန့်ကွက်ခဲ့တာကြောင့် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ရပ်နားခဲ့တာပါ။ စီမံကိန်းကို အပြီးဖျက်သိမ်းတာ မဟုတ်တဲ့အတွက် ဒီစီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခဲ့ရတဲ့ တန်ဖရဲ၊ မလီဇွပ်၊ လမြဲ၊ တောင်ပန်နဲ့ အောင်ဂျာ စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ နေရပ်ပြန်လို့ မရသလို စိုက်ပျိုးရေးလည်း လုပ်ကိုင်လို့ မရခဲ့ပါဘူး။
“စစ်ကောင်စီရဲ့ မြစ်ဆုံစီမံကိန်းအိပ်မက်က ဖြစ်လာနိုင်စရာမရှိပါဘူး”
မူလ မြစ်ဆုံစီမံကိန်းဟာ မေခမြစ်နဲ့ မလိခမြစ် နှစ်ခုဆုံရာနေရာမှာ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာပါ။ မေခမြစ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ ဆည်ကြီး ငါးခု၊ မလိခမြစ်မှာ တစ်ခုနဲ့ မလိခ-မေခ မြစ်နှစ်ခုဆုံရာ နေရာမှာ တစ်ခု စုစုပေါင်း ဆည် ခုနစ်ခုတည်ဆောက်ဖို့ စီစဥ်ထားတဲ့စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းကို တရုတ်က ဒေါ်လာ ၃.၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး မြန်မာအာဏာပိုင်တွေဘက်က ဖျက်သိမ်းလိုက်ရင် ဒေါ်လာ သန်း ရှစ်ရာ လျော်ကြေးပေးရဖွယ် ရှိတယ်လို့ တရုတ်အာဘော် သတင်းဌာနတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာ မြစ်ဆုံစီမံကိန်းကိုအသက်သွင်းဖို့ ကြိုးစားတာဟာ စစ်ကောင်စီက နိုင်ငံရေးလှည့်ကွက်အနေနဲ့ သုံးတာလို့ ကချင်ပြည်နယ်က သဘာဝသယံဇာတ တူးဖော်မှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ ကချင်ပတ်ဝန်းကျင်ရေးရာအဖွဲ့ (KEG) ရဲ့ တာဝန်ခံ မခွန်ထွယ့်က သုံးသပ်ပါတယ်။
“ဒီမြစ်ဆုံကိစ္စပြန်ပြီးတော့ ဘာလို့ အစဖော်လဲဆိုတော့ သူက နိုင်ငံရေးလှည့်ကွက်အနေနဲ့လည်း ဗျာများအောင်ပေါ့။ စိတ်ရှုပ်အောင်ပေါ့ကွာ။ စိတ်အနှောင့်အယှက်ပေးတဲ့အနေနဲ့ ဒီအစီအစဥ်ကို ပြန်ပြီး အကောင်အထည်ဖော်တယ်လို့ မြင်ပါတယ်။ ဖြစ်နေတဲ့အခြေအနေအရ တော်လှန်ရေးအဖွဲ့တွေအားလုံးနဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့အဖွဲ့အားလုံးကို စိတ်အနှောင့်အယှက်ပေးချင်တဲ့ ရည်ရွယ်ချက်တစ်ခုအနေနဲ့ ဒီအစီအစဥ်ကို ပြန်ပြီး အကောင်အထည်ဖော်တယ်လို့ မြင်ပါတယ်”
စစ်ကောင်စီ ထုတ်ပြန်ချက်အရဒီစီမံကိန်း ဦးဆောင်အဖွဲ့မှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါ်ဇင်မာထွန်းက စီမံကိန်းပတ်သက်တဲ့အသေးစိတ်ကို မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“ကျွန်မဆီတော့ အမိန့်ကြော်ငြာစာ ရောက်လာတော့မှ ကျွန်မလည်း တွေ့တယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်မထင်တယ်၊ လျှပ်စစ်စွမ်းအားကပဲ ဦးစီးပြီး လုပ်တာထင်ပါတယ်။ ကျွန်မဆီကို ဘာမှ ဒါနဲ့ပတ်သက်တဲ့ အစည်းအဝေးသော်လည်းကောင်း၊ တစ်ခုခုလာတာ မရှိသေးဘူးရှင့်”
၂၀၁၆ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ မြစ်ဆုံစီမံကိန်း ကော်မရှင်မှာ ပါဝင်ခဲ့သူ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ စီမံကိန်း အကောင်အထည်ဖော်လို့မရမှန်း တရုတ်အစိုးရ ကိုယ်တိုင်လည်း သိနေတယ်လို့ RFA ကို ပြောပါတယ်။
"တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဒီအချိန်မှာ ဒီစီမံကိန်းလုပ်လို့မရတာ ကောင်းကောင်းသိပါတယ်။ သိတာကို သူ့အနေနဲ့ အချိန်ဆွဲချင်တဲ့ သက်သက်နဲ့ ရုပ်ပြအနေနဲ့ လုပ်ခြင်းပဲ၊ တစ်ဖက်မှာလည်း သူတို့အနေနဲ့ KIA နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ်ခံနေရတာဖြစ်လို့ အဲဒီအပေါ်မှာလည်း တရုတ်ဘက်ကနေ မျက်နှာသာရမလားဆိုပြီး ဒီဟာကို ထိန်းပေးနိုင်မလားဆိုတဲ့အမြင်နဲ့ ဖွဲ့တယ်မြင်ပါတယ်"
အခုဖွဲ့စည်းလိုက်တဲ့ စီမံကိန်းဦးဆောင်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ SPIC Yunnan International Power Investment Co., Ltd (SPICYN) အဖွဲ့နဲ့ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံခန့်ခွဲသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ခဲ့ပေမဲ့ တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စစ်ကောင်စီရဲ့ ဒီစီမံကိန်းကို ပြည်သူလူထုက ဆက်ပြီးကန့်ကွက်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောပါတယ်။
“ကျွန်တော်တို့ KIO အနေနဲ့ကတော့ ဘာမှ သဘောထား၊ မှတ်ချက်ပေးစရာ မရှိဘူး။ အရင်ကလည်း ပြည်သူလူထုကန့်ကွက်တဲ့ စီမံကိန်းဖြစ်ပါတယ်။ အခုလည်း ပြည်သူလူထုက ကန့်ကွက်မယ်လို့တော့ ယုံကြည်ပါတယ်။ ကျွန်တော် တစ်ဦးတစ်ယောက်ရဲ့အမြင်နဲ့ပြောရရင် သိပ်ပြီး ထိရောက်မှာလည်း မဟုတ်ပါဘူး”
စစ်ကောင်စီရဲ့ မြစ်ဆုံစီမံကိန်းအိပ်မက်က ဖြစ်လာနိုင်စရာမရှိဘူးလို့ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံရေးလ့လာသူ ဒေါက်တာ လှကျော်ဇောက သုံးသပ်ပါတယ်။
“ကျွန်မသိတယ်။ ဒီကိစ္စက ဘာမှဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ အဲဒီနေရာတွေက အခုက တိုက်ပွဲတွေလည်း အကြီးအကျယ်ဖြစ်လာတာပါတယ်။ တရုတ်ကတော့ အစောပိုင်းကတည်းက ရေကာတာ အသေးလေးတွေကိုမရပ်ဘဲ ဆက်ဆောက်တယ်လို့ ကြားတယ်။ အခုကျမှ အိပ်မက်ကနေ ကယောင်ကတမ်း ထလာပြီးတော့ ရည်ရွယ်ချက်က ပြည်သူလူထုရဲ့ စိတ်အာရုံတွေကိုလွှဲဖို့နဲ့ တူပါတယ်”
၂ဝ၁၁ ခုနှစ်ကရပ်နားခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေက အပြီးပိတ်သိမ်းဖို့ ဆယ်စုနှစ်တစ်ခုကြာ တစိုက်မတ်မတ်တောင်းဆိုခဲ့ပေမဲ့ ခေတ်အဆက်ဆက် အစိုးရတွေက လျစ်လျူရှုခဲ့ကြတယ်လို့ ဒီအရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။