မြင်းခြံနယ်မှာ မိုဘိုင်းအင်တာနက် အဖြတ်ခံထားရတာ တစ်နှစ်ခွဲကျော်ရှိလာ
2023.04.20

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ကျေးလက်တွေမှာ တယ်လီဖုန်းဆင်းမ်ကတ်ကနေ အသုံး ပြုရတဲ့ မိုဘိုင်း အင်တာနက်ဖြတ်တောက်ခံထားရတာ တစ်နှစ်နဲ့ ရှစ်လထဲရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဒေသမှာလည်း တခြားဒေသတွေလိုပဲ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ပြည်သူတွေ အကြမ်းဖက်ဖြိုခွဲခံရသလို၊ လူထုရဲ့ ခုခံစစ်တွေ ရှိလာခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၁ ဩဂုတ်လ ၂၁ ရက်နေ့ကစလို့ အခုအချိန်အထိ မြင်းခြံတစ်မြို့နယ်လုံးမှာ မိုဘိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာပါ။ မြို့ပေါ်မှာတော့ ဝိုင်ဖိုင်အင်တာနက် အသုံးပြုလို့ရနေသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"အင်တာနက်လိုင်းဖြတ်တယ်၊ မီးတွေလည်းဖြတ်တယ်။ တချို့ ရွာတွေဆိုလို့ရှိရင် အခုအချိန်အထိ မီးလုံးဝ လုံးဝ မလာတော့တဲ့ အဲလိုရွာတွေလည်းရှိတယ်"
မိုဘိုင်းအင်တာနက်လိုင်းကိုပဲ အားကိုးနေရတဲ့ ကျေးလက်ပြည်သူတွေကတော့ နား၊ မျက်စိကန်းသလို ဖြစ်နေတယ်လို့ လူငယ်တစ်ဦးက ပြောပါတယ်။
"မျက်စိနှစ်လုံး စုံမှိတ်ထားရသလိုဖြစ်နေတာဗျာ။ နားကန်းနေသလိုကြီးပဲဗျာ။ ကျနော် တို့ဆိုလည်း လူငယ်တွေပဲ။ သူများနဲ့တန်းတူ သိချင်တာလေးတွေ ကြည့်ချင်တာတောင် မှ ကျနော်တို့မှာ အခက်အခဲ ရှိတယ်။ ပိုက်ဆံရှိပြီးတော့ အင်တာနက်သုံးချင်လို့ လွယ်လွယ်ကူကူသုံးလို့မရဘူး။ ရွာမှာဆိုတော့ကျတော့ ဘယ်လိုမှလည်း အဆင်မပြေ ဘူး။ သွားမယ်၊ သွားပြီးချိတ်မယ်၊ ချိတ်ပြီးပြန်လာတဲ့အချိန် ကျနော့်ဆီမှာ ဖုန်းက ဝင်လာမယ်ဆိုရင် ပြုတ်ကျသွားပြန်ရော။ အဲတော့ ပြန်သွားပြီး ချိတ်ရပြန်ရော။ ပြောရမယ်ဆိုရင် အရေးပေါ်ငွေရေး ကြေးရေးလို လို့ ကေပေး (K - Pay) ထဲမှာ ကိုယ့်ပိုက်ဆံ သိန်းတစ်ရာပဲရှိရှိ အင်တာနက်လိုင်းမရရင် ဘာမှလုပ်မရဘူး။ အဲဒီလို အခက်အခဲမျိုးလေးတွေတော့ ကြုံတာပေါ့"
သူ့အနေနဲ့ အင်တာနက်သုံးရဖို့ ရွာကနေ မြို့ပေါ်အထိသွားပြီး ဝိုင်ဖိုင်အင်တာနက်ရတဲ့ နေရာတွေမှာ သွားသုံးရတယ်လို့ ပြောပါတယ်။
တချို့ကလည်း မြင်းခြံမြို့နယ်နဲ့ကပ်နေတဲ့ တောင်သာနဲ့ နွားထိုးကြီးမြို့တွေကိုသွားပြီး အင်တာနက် လိုင်းမိတဲ့နေရာမှာ ချိတ်ဆက်အသုံးပြုနေရတယ်လို့ ပြောပါတယ်။
အင်တာနက်လိုင်းမရတဲ့အတွက် ကျေးလက်နေလူငယ်တွေ အွန်လိုင်းပေါ်ကနေ အလုပ်ရှာ ရတာမျိုး တွေ၊ ပညာရှာရတာတွေလည်း မရတော့ဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးအတွက် ဆေးခန်းပြဖို့လိုတဲ့အခါမှာလည်း အွန်လိုင်းပေါ်ကနေတစ်ဆင့် ဆရာဝန်နဲ့ ဆေးခန်းတွေကို ဆက်သွယ်ရတာမျိုးတွေကအစ ခက်ခဲသွားတယ်လို့ ဆိုပါတယ်။
နောက်ထပ် အခက်အခဲကလည်း ပြည်ပထွက်ပြီး အလုပ်လုပ်နေတဲ့သူတွေက မိသားစုနဲ့ ဆက်သွယ်တဲ့အခါ အင်တာနက်လိုင်းမိတတ်တဲ့တောတွေထဲကိုသွားပြီး သုံးရတဲ့ဒုက္ခတွေ လည်း ရှိနေတယ်လို့ ပြောပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ကျေးလက်လူငယ် အရေအတွက်ဟာ မြို့ပေါ်ကလူငယ်တွေထက် နှစ်ဆမက ရှိနေပါတယ်။
လက်ရှိ မြင်းခြံမြို့နယ်ကရွာတွေကို အင်တာနက်ဖြတ်ထားတာဟာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကို ထောက်ပံ့ကူညီလို့မရအောင်လုပ်တာလည်း ဖြစ်နိုင်တယ်လို့ မြင်းခြံသား တစ်ဦးက ပြောပါတယ်။
"အင်တာနက်လိုင်း ဖြတ်ထားတာတော့ကြာပြီ။ အင်တာနက်လိုင်းဖြတ်တယ်၊ မီးတွေလည်းဖြတ်တယ်။ တချို့ ရွာတွေဆိုလို့ရှိရင် အခုအချိန်အထိ မီးလုံးဝ လုံးဝ မလာတော့တဲ့ အဲလိုရွာတွေလည်းရှိတယ်။ ဒီကောင်တွေ အခုလုပ်ငန်းလုပ်တာ ဒရုန်းတွေလည်း သူတို့ကြောက်တယ်လေ။ မိုင်းခွဲတာတွေ၊ ဘာတွေ အဲဒါမျိုးတွေ ကြောက်တယ်။ ပိုက်ဆံ ငွေသွင်းငွေထုတ်တွေလေ၊ အလှူရှင်တွေဘာတွေနဲ့ အဲလိုမျိုးတွေ လည်းပါမှာပေါ့။ ကျနော်ယူဆတာပေါ့နော်"
လက်ရှိအချိန်မှာ အင်တာနက်အပြင် လျှပ်စစ်မီးပါအဖြတ်ခံထားရတဲ့အတွက်ကြောင့် အိမ်တွင်းစက်မှု လုပ်ငန်းတွေလုပ်ဖို့ခက်တဲ့အပြင် ဖုန်းအားသွင်းဖို့တောင် အနိုင်နိုင် ဖြစ်နေတယ်လို့ ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ဧပြီလ ၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ယုန်တိုးတောင်နားမှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်တွေက ရွာသစ်၊ ထိန်ပန်း၊ မီးပေါက်၊ တည်ပင်၊ နတ်ကြိုတောနဲ့ ထန်းတစ်ပင် ရွာကလူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"အခုလက်ရှိဆိုရင်ပေါ့နော် ဒီကောင်တွေ တစ်ရွာဝင်တစ်ရွာထွက်နဲ့ပေါ့နော် အဲလိုမျိုး ပတ်ပြီးတော့ စစ်ကြောင်း ထိုးတဲ့အခါမှာ ကျနော်တို့ တစ်ရွာကိုရောက်တယ်ဆိုရင် အဲရွာကလူ အနည်းဆုံး လေးငါး ခြောက်ယောက် လောက်ကို ဖမ်းပြီးတော့နော် လူသားဒိုင်းအဖြစ်လုပ်ပြီးတော့ နောက်တစ်ရွာကို ကူးတယ်ဗျ။ ဒီ လူသားဒိုင်းလုပ်ပြီး သူတို့ ပစ္စည်းတွေကိုလည်း သယ်ခိုင်းတယ်။ နောက်တစ်ရွာ ရောက်တယ်ဆိုတာနဲ့ အဲလူ တွေကို ပြန်လွှတ်ပြီးတော့ ရောက်တဲ့ရွာကလူကို တစ်ခါ လူလေးငါး ခြောက်ယောက် လောက်ကို လူငယ်တွေပဲဖြစ်ဖြစ် ပြန်ခေါ်ပြီးတော့ နောက်တစ်ရွာကို ထပ်ပြီး ကူးတယ်ဗျ။ အခုကတော့ အဲလိုမျိုးလုပ်ပြီးတော့ မြင်းခြံနယ်ထဲမှာ တော်တော်များများ ရွာတွေပတ်ပြီးတော့ စစ်ကြောင်းထိုးနေတာ"
မတ်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီစစ်ကြောင်းက ပျိုးကန်ရွာကနေ မီးပေါက်ရွာ အသွား လမ်းမှာတွေ့တဲ့ တောင်ယာသမားငါးဦးလောက်ကို ဓားစာခံအဖြစ် ဖမ်းခေါ် သွားသလို ရွာသစ်ရွာက လူငယ်တစ်ဦး ကိုလည်း ဖမ်းထားတယ်လို့ ပြောပါတယ်။
အင်တာနက်နဲ့ လျှပ်စစ်ဖြတ်ပြီး စစ်ဆင်ရေးလုပ်နေသလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ ထောက်ခံအားပေးသူတွေကို သွေးသောက်အမည်ခံအဖွဲ့က ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေတယ်လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။
"သွေးသောက်ကသတ်တဲ့ဟာကကျတော့ ဘယ်နှဦးလောက် ရှိတုန်းဆိုတော့ ဆရာ ဦးမိုးဟိန်း ဆိုတာရှိတယ်ဗျ။ သင်္ချာဆရာ ဦးမိုးဟိန်းဆိုတာ။ ကျနော်တို့ ပါတီအမာခံ အီးစီအဟောင်းပေါ့နော်။ ပြီးတော့ သူ့ရဲ့ အမျိုးသမီး မခင်စုစုလှိုင်ဆိုတာ မြို့နယ်အီးစီ။ အမှတ် ၂၀ ရပ်ကွက်က တစ်ယောက်။ ဦးနီသား။ ကျနော်တို့ ဧရာဝတီသွေး လှူရှင်က ဥက္ကဋ္ဌ ဦနီသား။ မြင်းခြံမှာ ဖမ်းဆီးခံရတဲ့ ပါတီဝင်တွေ အများကြီး ရှိတယ်ဗျ။ လက်ရှိ ဖမ်းဆီးခံရတဲ့ တော်တော်များများကတော့ ရပ်ကျေး NLD ခေါင်းဆောင်တွေပဲရှိတယ်ဗျ"
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ NLD ပါတီဝင်တွေကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်တဲ့အတွက် ပါတီဝင်အများစုက ဘေးလွတ်ရာကို ထွက်ပြေးရှောင်တိမ်း နေရတယ်လို့ သူက ပြောပါတယ်။ ကိုယ့်အိမ်မှာ လုံခြုံတယ်လို့ ထင်ပြီးနေတဲ့ပါတီဝင်တွေတော့ အများဆုံးဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရပ်ကျေးပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းလိုက် ပြန်လွှတ် လိုက်လုပ်နေပြီး ပါတီဝင်တချို့က ပြန်လွတ်ဖို့ ငွေပေးရတဲ့သူတွေ လည်း ရှိနေသလို ပျောက်ဆုံးနေ တဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ဒီလို ဖမ်းဆီးတာတွေနဲ့ အင်တာနက်ဖြတ်တောက်တဲ့လုပ်ရပ်တွေဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တွေမှာ အင်တာနက် ဖြတ်တောက်ခံထားရပြီး ကိုယ့်ရဲ့လူမှုကွန်ရက်မှာ ရင်ဖွင့်စာ ရေးပြီးတင်တာကအစ ဖမ်းဆီးထောင်ချခံရ တာတွေ ရှိနေတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြန်ကြားရေးအတွင်းဝန် ဦးနေဘုန်းလတ်က ပြောပါ တယ်။
"စစ်ကိုင်း၊ မကွေး ဒီလိုဒေသတွေမှာ လုံးဝ အင်တာနက်ကိုသုံးမရအောင် ဖြတ်တောက် ထားတာတွေ ရှိတယ်ပေါ့ ။ အဲလိုပဲ သုံးခွင့်ရနေတဲ့အနေအထားမှာ ဆိုရင်လည်း အခုဆို လည်း တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့ အယူအဆတစ်ရပ် တစ်စုံတစ်ရာ နိုင်ငံရေးတောင် မဟုတ်ပါဘူး။ တချို့ဆို ကိုယ့်ဘာသာကိုယ် အာဏာသာမသိမ်းရင် ဒီအချိန်ခါခရီး ထွက်နေရမယ့်အချိန် စသဖြင့်ပေါ့နော်။ ဘာမှမဟုတ်တဲ့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို အသုံးချပြီး စာလေး တစ်ကြောင်း၊ နှစ်ကြောင်းတင်တာတောင်မှ ဖမ်းဆီးပြီးတော့ ထောင်ဒဏ်တွေပေးနေတဲ့ကိစ္စတွေလည်း ကျနော်တို့တွေ့နေရတယ်ပေါ့"
ဒါကြောင့် စစ်ကောင်စီလက်ထက်မှာ အင်တာနက်လွတ်လပ်ခွင့်ဟာ ကမ္ဘာမှာ အနိမ့်ကျဆုံး အဆင့်ကို ရောက်သွားတယ်လို့ သူက ပြောပါတယ်။
မြင်းခြံမြို့နယ်မှာ မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ် မေးမြန်းရာမှာ ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်လို့ အဲဒီကိုမေးလိုက်ပါလို့ ပြောပါတယ်။ ဒါကြောင့် RFA က စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။
ပြည်တွင်းမှာ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီတချို့က 2600 MHz လိုင်းအသုံးပြုပြီး (Wireless Broadband Data Service) ကြိုးမဲ့ဝိုင်ဖိုင်စနစ်နဲ့ပေးနေတဲ့ အင်တာနက် ဝန်ဆောင်မှုအားလုံးကို ရပ်ဆိုင်းထားဖို့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ စစ်ကောင်စီက ညွှန်ကြားခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၁ ဩဂုတ်လက စလို့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်နဲ့ ကယား စတဲ့ တိုင်းနဲ့ ပြည်နယ် ငါးခုက မြို့နယ်ပေါင်း ၂၉ ခုမှာ မိုဘိုင်းအင်တာနက်ဖြတ်တောက်ထားတာနဲ့ မြန်နှုန်း လျှော့ချခံရတာတွေ ကြုံနေရပါတယ်။