ပြင်ဦးလွင်မြို့မှာ အိမ်ခြေငါးရာကျော် ဖယ်ရှားဖို့ ဖိအားပေးခံရ

RFA Burmese
2025.02.25
ပြင်ဦးလွင်မြို့မှာ အိမ်ခြေငါးရာကျော် ဖယ်ရှားဖို့ ဖိအားပေးခံရ ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရွာ ယာမြေ ဧက ၂၀၀ ပေါ်မှ ဖယ်ရှားပေးရမည့် နေအိမ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ်အနီး ရပ်ကွက်ကြီး ၁၂ (ရေချမ်းအိုးရွာ) က နေအိမ် ငါးရာကျော်ဟာ ယာမြေတွေပေါ်မှာ ဆောက်လုပ်ထားတာကြောင့် ဖယ်ရှားပေးဖို့ တိုင်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ဖိအားပေးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီရက်ပိုင်းမှာပဲ မန္တလေးတိုင်း စစ်ကောင်စီအဖွဲ့က ရေချမ်းအိုးရွာကို ကွင်းဆင်စစ်ဆေးခဲ့ပြီး ယာမြေပေါ်မှာ အခြားနည်းသုံးစွဲခွင့် မရှိဘဲ နေအိမ်ဆောက်လုပ်နေထိုင်တယ်ဆိုပြီး ဖယ်ခိုင်းတာလို့ ဆိုပါတယ်။

"ကျွန်တော်တို့ဆို နိုင်ငံသားတစ်ယောက်အနေနဲ့ တင်ပြချင်တာတောင်မှ ဘယ်သူ့ကိုမှ မတင်ပြရဲဘူး"

ဖျက်ပေးရမဲ့ အိမ်တွေကို အမှတ်အသားတွေ လုပ်သွားတယ်လို့ အမည်မဖော်လိုတဲ့ ရေချမ်းအိုးရွာမှာ နေထိုင်သူ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“၂၂ရက်နေ့က သူတို့မှင်နီတွေ တားပြီးတော့ ကြက်ခြေခတ်တို့ ဖျက်တို့၊ ဘာတို့ရေးတယ်။ တချို့အိမ်တွေကျတော့ အကွက်အမှတ် ဘယ်လောက်ပေါ့နော် A ဘယ်လောက်၊ B ဘယ်လောက် အဲဒီလိုမျိုးတွေ ရေးသွားတာဗျာ။ အဲဒါတွေက ဧကနှစ်ရာ အရင်ကိစ္စတွေနဲ့ ဖြစ်နေတာပေါ့ဗျာ။ အဲဒါတွေ ပြန်ဖျက်မှာပေါ့”

ဖျက်ရမဲ့အထဲမှာ ထရံကာ၊ သွပ်မိုးအိမ်ခြေ ၁၃၀ နီးပါးနဲ့ တိုက်အိမ်ကြီး လေးရာခန့် ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။


ဆက်နွှယ်သော သတင်းများ

မန္တလေးမြို့မှာ အိမ်နဲ့ ဆိုင်ခန်း နှစ်ရာကျော်ကို စစ်ကောင်စီ ဖျက်ဆီး

နေပြည်တော် စစ်ရုံးအနီးက နေအိမ်တွေ ဖယ်ရှားခံရ

မင်္ဂလာဒုံမြို့နယ်မှာ နေအိမ်နှစ်ရာကျော် အင်အားသုံး ဖယ်ရှားခံရ


ထရံကာ၊ သွပ်မိုးအိမ်တွေကို လာမဲ့ မတ်လထဲမှာ မန္တလေးတိုင်းစစ် ကောင်စီက ညွှန်ကြားထားကြောင်း အမည်မဖော်လိုတဲ့ ရေချမ်းအိုး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနှစ်က ဒီအချိန်လောက် ဖျက်သေးတယ်။ အခုကျတော့ ပြီးခဲ့တဲ့လက အုတ်တံတိုင်းတွေ ဖျက်တာရှိတယ်။ အခု လူမနေတဲ့ အိမ်တွေပါ လိုက်ဖျက်တယ်။ တချို့ကျောင်းသားတွေ၊ ဘာတွေရှိတဲ့ အိမ်တွေကျတော့ သုံးလပိုင်း အချိန်ပေးထားတယ်။ သုံးလနေရင် ဖျက်မယ်။ အဲဒါပါပဲ”

အဲဒီမြေဟာ ၁၉၆၁ ခုနှစ်ကတည်း ဒေသခံအဆက်ဆက် အရောင်းအဝယ်လုပ်ပြီး နေထိုင်လာကြတာလို့ ဆိုပါတယ်။

နေအိမ်ဖျက်ရမဲ့ ရေချမ်းအိုး ဒေသခံတစ်ဦးက နေစရာ အခက်အခဲရှိနေတဲ့အကြောင်း ဘယ်သူ့ကိုမှ တင်ပြခွင့်လည်း မရကြဘူးလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ၂၁ ရက်နေ့ ညနေပိုင်းကစပြီးတော့ ဧက ၂၀၀ ထဲက လူတွေအားလုံး အခြားနည်းပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အားလုံးကို ဧည့်စာရင်း ပိတ်သိမ်းလိုက်တယ်ဗျ။ ဧည့်စာရင်း လုံး၀မပေးတော့ပါ။ ကျွန်တော်တို့ ပြောချင်တာက လူသားချင်းစာနာစေချင်တာဗျာ။ လူလူချင်းပဲဗျာ။ ကျွန်တော်တို့ဆို နိုင်ငံသားတစ်ယောက်အနေနဲ့ တင်ပြချင်တာတောင်မှ ဘယ်သူ့ကိုမှ မတင်ပြရဲဘူး၊ မပြောရဲ မဆိုရဲဖြစ်နေတာဗျာ”

အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက ယာမြေသုံးစွဲခွင့် အခြားနည်း ရထားပြီးသားသူတွေကို ဖယ်ရှားခိုင်းတာဟာ ဥပဒေနဲ့ မညီဘူးလို့ ထောက်ပြပါတယ်။

“ရွာမြေအဖြစ် သတ်မှတ်မယ်၊ အိမ်ဆောက်နိုင်ဖို့ဆိုတာက ဗဟိုအဆင့် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီက ခွင့်ပြုမိန့်ပေးပြီးမှ ဂရန်တို့၊ ဘာတို့ လျှောက်လို့ရတာလေ။ အဲဒါကို ပြန်သိမ်းရင် မြေအစားပြန်ပေးရတယ်။ အစားပြန်ပေးတဲ့ အစီအစဉ်မရှိဘူး ဒီအတိုင်း ပြန်သိမ်းလိုက်တယ်ဆိုရင်တော့ ဥပဒေနဲ့ ညီညွတ်တယ်လို့ ပြောလို့မရပါဘူး”

ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရွာ ယာမြေ ဧက ၂၀၀ ပေါ်မှ ဖယ်ရှားပေးရမည့် နေအိမ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
ပြင်ဦးလွင်မြို့နယ် ရေချမ်းအိုးရွာ ယာမြေ ဧက ၂၀၀ ပေါ်မှ ဖယ်ရှားပေးရမည့် နေအိမ်များအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နေအိမ်ဖျက်ပေးရမဲ့ ဒေသခံတွေကတော့ စစ်ကောင်စီ တာဝန်ရှိသူတွေဘက်က ပြေလည်အောင် ညှိနှိုင်းပေးစေချင်တယ်လို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်း ရပ်ကွက်မှာရှိတဲ့ အိမ်သုံးရာကျော်ကို ကျူးကျော်နေထိုင်သူတွေဆိုပြီး စစ်ကောင်စီက ဖယ်ရှားခဲ့ပါတယ်။

ဒါ့အပြင် အောင်မြေသာစံမြို့နယ်၊ အောင်မြေမန္တလာ ဘောလုံးကွင်းဘေးက ဆိုင်ခန်းပေါင်း တစ်ရာကျော်နဲ့ ချမ်းအေးသာစံမြို့နယ် ဗထူးကွင်းဘေးက ဆိုင်ခန်းနဲ့ လူနေတိုက်ခန်းပေါင်း ၁၃၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖယ်ရှားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။