မြင်းခြံမြို့နယ်မှာ ကျေးရွာ ပကဖရုံး ဗုံးကြဲခံရပြီး လူ ၁၉ ဦး သေဆုံး
2025.01.27

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဆင်းဂွတ်ရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရုံး၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းအနီးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာကြောင့် ကလေးနှစ်ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၉ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးတဲ့သူတွေထဲမှာ ကျေးရွာ ပကဖတာဝန်ခံအပါအဝင် အဖွဲ့ဝင် ၁၄ ဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ရပ်ကျေး(ပ.က.ဖ) တာဝန်ခံကတော့ ဗုံးကြဲတဲ့အထဲမှာ ပါသွားတယ်ပေါ့။ ကျွန်တော့်ရဲဘော် လေးယောက်ပေါ့ ရဲမေတစ်ယောက်၊ ရဲဘော် သုံးယောက်ပေါ့။ ဒါမြို့နယ် (ပ.က.ဖ) ဖွဲ့စည်းပုံထဲမှာ ပါလာတဲ့ ရဲဘော်တွေပေါ့နော်။ ကျန်တာက ရပ်ကျေး(ပ.က.ဖ)တွေ ဖြစ်ပါတယ်”
ဒဏ်ရာရတဲ့သူ ရှစ်ဦးရှိပြီး အဲဒီအထဲမှာ ကျန်းမာရေးဆရာမနဲ့ နွားလှည်းမောင်းလာတဲ့ အရပ်သား လင်မယားနှစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရှစ်နာရီထိုးလောက်မှာ ပေါင်ငါးရာ နှစ်လုံးချတယ်။ ပြန်ပြီးတော့ ပွိုင့်ဖိုက်နဲ့ ပြန်လာကုတ်တယ်။ ကုတ်ပြီးတော့ ဗုံးချလေယာဉ်နဲ့ ပတ်ပြီးတော့ တစ်ခါချ အဲလိုမျိုးဆိုတော့ ထွက်ချိန်လည်း မရလိုက်ဘူးလေ"
စစ်ကောင်စီတပ်က ပထမအကြိမ်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားပြီး၊ အဲဒီနောက်မှာ တစ်ခါ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရှစ်နာရီထိုးလောက်မှာ ပေါင်ငါးရာ နှစ်လုံးချတယ်။ ပြန်ပြီးတော့ ပွိုင့်ဖိုက်နဲ့ ပြန်လာကုတ်တယ်။ ကုတ်ပြီးတော့ ဗုံးချလေယာဉ်နဲ့ ပတ်ပြီးတော့ တစ်ခါချ အဲလိုမျိုးဆိုတော့ ထွက်ချိန်လည်း မရလိုက်ဘူးလေ။ သေဆုံးမှု အလောင်းအတိုင်းအတာလေးတွေပေါ့ ခေါင်မိုးပေါ် ရောက်တာတွေ၊ အဲဒါတွေ ကျွန်တော်သွားတော့ သန့်ရှင်းရေးတွေ လုပ်နေပြီလေ”
ဆက်နွှယ်သောသတင်းများ
မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေကို စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ
မန္တလေးတိုင်းကို စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်နေ
မြင်းခြံတိုက်ပွဲမှာ PDF ထိန်းချုပ်ထားတဲ့ နေရာတချို့ ဆုတ်ခွာပေးရ
ရုပ်အလောင်းအချို့ဟာ ယောက်ျား၊ မိန်းမ ခွဲခြားမရလောက်အောင် ပျက်စီးသွားတဲ့အတွက်ကြောင့် သေဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို စိစစ်နေဆဲပဲလို့ နောက်ထပ် အမည်မဖော် လိုတဲ့ မြင်းခြံဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နောက်ဆက်တွဲကကျတော့ အလောင်းတွေက ရှာမရတာက ရုပ်တွေပျက်ပြီး ဘယ်သူဘယ်ဝါလို့ မသဲကွဲတော့ဘူး။ မသဲကွဲတော့ အသားတစ်တွေအတိုင်း၊ ပေါင်တွေ၊ လက်တွေအတိုင်း မနေ့က သင်္ဂြိုဟ်လိုက်ပြီ။ အယောက် အရေအတွက်ကတော့ သိရသလောက်ကတော့ ၁၉ ယောက်နဲ့ပဲ။ နောက်ထပ် ပစ်တာခတ်တာတော့ မကြားသေးဘူး”
ဆင်းဂွတ်ကျေးရွာဟာ မြင်းခြံမြို့ရဲ့မြောက်ဘက်မှာရှိပြီး အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ မနေ့ကဖြစ်ရပ်ကြောင့် ဒေသခံ ရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို ဒီနေ့မှာလည်း စစ်ကောင်စီတပ်က ရွာပတ်ဝန်းကျင်ကို လေယာဉ်နဲ့ ကင်းထောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
မနေ့ကတိုက်ခိုက်မှုဟာ အတော်ပြင်းထန်ခဲ့ပြီး သတင်းပေါက်ကြားခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က RFA ကို ပြောပါတယ်။
“သူတို့က ဒါသတင်းပေါက်ကြားမှုလည်းဖြစ်နိုင်တယ်။ ပြီရင် ဒါ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာဘက်ဆိုရင် သူတို့ က ပါရာဒရိုက်တာပေါ့နော် စက်တပ်လေထီးတွေနဲ့ ကင်းထောက်နေတာရှိတယ်။ သူတို့က အခု ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ ရှိတဲ့အပြင် တော်လှန်ရေးအင်အားစုတွေပါ ရောက်နေတယ်ဆိုတဲ့ သတင်းအတိအကျရလို့ ဒီလိုမျိုး ရက်ရက်စက်စက် ရွာကိုပါ ဒေသခံပြည်သူတွေကိုပါမရှောင် ပစ်ခတ်သွားတယ်လို့ မြင်ပါတယ် ခင်ဗျ”
ဆင်းဂွတ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆို တာမရှိပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလကလည်း မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာနဲ့ ငါန်းဇွန် မြို့နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးကြောင့် သေဆုံးသူ ၁၉ ဦးအထိ ရှိခဲ့ပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက် ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာ ရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။