မြဝတီမြို့နယ် မဲကနယ်ဒေသမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေ
2023.04.21

ကရင်ပြည်နယ် မြဝတီမြို့အနောက်ဘက် မဲကနယ်ရွာတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်က တစ်ဘက်၊ KNLA နဲ့ Cobra Column ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ကတစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေသေးတဲ့အတွက် နှစ်ဖက်အကျအဆုံးတွေရှိသလို ထောင်နဲ့ချီတဲ့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဧပြီ ၁၈ ရက်ကနေ ၂၁ ရက်နေ့အထိ တိုက်ပွဲမှာ လေယာဉ်နဲ့ ဗုံးကြဲတာတွေ လက်နက်ကြီးနဲ့ ပစ်တာတွေ ရှိတဲ့အကြောင်း Cobra Column တပ်ခွဲ (၅)ရဲ့ တာဝန်ရှိသူ ကိုရှိုင်းက ပြောပါတယ်။
“လက်ရှိ ဒီမဲကနယ်ဒေသတိုက်ပွဲဖြစ်နေတာကတော့ မနေ့ကလည်း ၂၀၂ ပေါ့နော် အမှတ် (၂) တက် လာတယ်။ တက်လာပြီး အခုသူတို့ ထိခိုက်ကျဆုံးမှုအများကြီးနဲ့ ပြန်ဆုတ်သွားတယ်၊ လက်နက်ပစ္စည်းလည်း သူတို့ အများကြီးကျန်ခဲ့တယ်ပေါ့။ ၆၀ မမ စိန်ပြောင်းတွေရော ကျန်ခဲ့တယ်၊ လေယာဉ်ကတော့ မနေ့မနက်က လာပစ်သွားတယ်။ လက်နက်ကြီးကတော့ အခုက ၆၀ မမတို့ ၈၁ တို့တင် မဟုတ်တော့ဘူး။ ၁၂၂ မမ MLRS ဆိုတဲ့ အတွဲလိုက်ဗုံးပစ်ယာဉ်တွေနဲ့ပါ ပစ်နေတာမျိုးတွေ ရှိတယ်။”
တိုက်ပွဲမှာ ဒေသခံတွေရဲ့အိမ်တွေနဲ့ ဘုရားကျောင်းတွေပျက်စီးတာ၊ မီးလောင်ခံရတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
“ထိခိုက်မှုတွေကတော့ မဲကနယ်ရွာထဲမှာဆိုရင်လည်း ဒေသခံတွေရဲ့ အိမ်တွေပျက်စီးတယ်။ ပြီးတော့ ဘုရားကျောင်းကန်တွေ ပျက်စီးတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ရွာထဲက အိမ်တော်တော်များများတော့ စကစရဲ့လေယာဉ်က ပစ်တာတွေ သူတို့လုပ်တာတွေနဲ့ BGF နဲ့အပေါင်း ပါတွေလုပ်တာကြောင့် မီးလောင်သွားတာတွေ ဆုံးရှုံးမှုတွေအများကြီးရှိတယ်။”
အခုဖြစ်နေတဲ့ မဲကနယ်ရွာဟာ မြဝတီကုန်သွယ်ရေးဇုန်နဲ့ နီးပါတယ်။ အဲဒီမှာ မတ်လ ၂၅ ရက်နေ့က မတ်လ ၃၁ ရက်အထိ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်ရဲစခန်းကို Cobra စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဧပြီ လ ၁ ရက်ကနေ အခု ဧပြီ ၂၁ ရက်အထိ စစ်တပ်နဲ့ BGF တပ်တွေက KNLA ပူးပေါင်းတပ်တွေလှုပ်ရှားတဲ့ မဲကနယ်ရွာ၊ ကွင်းကလေး ရွာ၊ ကျောက်တောင်ကျောက်မိုင်းနဲ့ ကျောက်ဂူတစ်ထောင်ဘုရားတောင် နေရာတွေဘက်ကို လေကြောင်းကရော၊ လက်နက်ကြီးတွေနဲ့ပါ စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အခုလို ရက်ရှည်ဖြစ်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီပြီး မြဝတီမြို့ပေါ်နဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မြဝတီရပ်ကွက်တွေထဲက ဘုန်းကြီးကျောင်း ၅ ကျောင်းမှာ လူဦးရေ ငါးရာနီးပါးရှိတယ်လို့ သိရပါတယ်။ မြေနီကုန်းရပ်ကွက်က ဘုန်းကြီးကျောင်းဘက်မှာလည်း လူ ၅၀၀ ကျော် ခိုလှုံနေကြရပြီး တိုက်ပွဲမအေးသေးဘဲ လေကြောင်းကနေ တိုက်ခိုက်တာတွေ ဆက်ရှိနေလို့ နေရပ်မပြန်ရဲသေးဘူးလို့ မဲကနယ်ရွာက စစ်ဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
“ဘယ်လိုဖြစ်နေလဲဆိုတော့ ပထမဦးတုန်းက သူတို့ဖြစ်ကြတော့ လေယာဉ်နဲ့ကြဲ။ ကြဲတော့ ရွာထဲမှာလည်း တောထဲကကလေးတွေရှိတော့ တိုက်ပွဲဖြစ်မှာကြောက်လို့ ထွက်လာ။ ထွက်လာပြီးတော့ အိမ်တွေလည်း မှန်တဲ့အိမ်တွေ မှန်တယ်။ စင်တဲ့အိမ်တွေလည်း စင်တယ်။ မီးလောင်တဲ့အိမ်တွေလည်း လောင်တော့ အခုတစ်ခါ သင်္ကြန်ပြီးတော့ ပြန်မယ်ဆိုပြန်တော့ ဒီနေ့လည်း လေယာဉ်နဲ့ ကြဲတယ်လေ။ လေယာဉ်တွေလာတော့ မပြန်ရဲ ဘယ်လိုလုပ်ပြန်မလဲ လေယာဉ်နဲ့ ကြဲနေတယ်ဆိုမှတော့”

လက်ရှိသူတို့ ခိုလှုံနေရတဲ့ ဖားချောင်းရွာက ရှမ်းဘုန်းကြီးကျောင်းမှာတော့ စစ်ဘေးဒုက္ခသည် ၁၀၀ ကျော်ရှိပြီး သူတို့အတွက် သောက်သုံးရေနဲ့ စာသောက်စရာ နေရာထိုင်ခင်း မပြည့်စုံဘူးလို့ သူက ပြောပါတယ်။
“တစ်ရာ့နဲ့ ခြောက်ယောက်လားပဲ။ အငယ်ဆုံးက ၁ နှစ်ခွဲ အဲလောက်ပဲ။ အသက်အကြီးဆုံးက ၆၀ ကျော်ပေါ့ ၆၀ကျော် ၇၀ ပတ်ဝန်းကျင်လည်း ရှိတယ်။ ရေကတော့ သောက်ရေဝယ်သုံးရတယ်၊ ဒီကျောင်းက တစ်နေ့တစ်ခါရေချိုးပေါ့ ဒီမှာ ဆီဝယ်ပေးရတယ် ဒီကကျောင်းက ရေတင်ပေးတယ် ရေကတော့ မပေါဘူးပေါ့ တစ်နေ့တစ်ခါချိုးပေါ့”
အဲဒီနားမှာ ဖားကျောင်း၊ မင်္ဂလာရွာဦးကျောင်း၊ ရှမ်းကျောင်း၊ မေတ္တာကျောင်းတို့ရှိပြီး ဒုက္ခသည်တွေ ခိုလှုံနေရတယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို မဲကနယ်ရွာအခြေစိုက် ကရင်နယ်ခြားစောင့်တပ် ၁၀၂၂ ရဲ့ အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးကြီး စောမိုသိုလ် (စောမုတ်သုန်) ကို မေးမြန်းဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးပါဘူး။
ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်မှာလည်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၂၄ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်တွေဘက်က နှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဧပြီလ ၁၉ ရက်နေ့မှာ Cobra စစ်ကြောင်းက ထုတ်ပြန် ထားပါတယ်။ RFA အနေနဲ့ ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ မနေ့ကဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
အဲဒီတစ်ဝိုက်မှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ဝန်းကျင်ရှိနေပြီး သူတို့ကို ကူညီပေးထားတယ်လို့ ဦးစောခင်မောင်မြင့်က ဧပြီ ၂၀ ရက်နေ့က ပြောထားပါတယ်။ ကူညီရေးအဖွဲ့တွေကတော့ စစ်ဘေးဒုက္ခသည်သုံးထောင်လောက် ရှိတယ်လို့ပြောပါတယ်။