မြဝတီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပိတ်လှောင်ခံထားရသူတွေရှိနေ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ ရပ်ကွက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၂ ဂိတ်ဝင်းက ခရမ်းပြာရုံလို့ ခေါ်တဲ့ (Eastern Complex) ကာစီနိုနဲ့ အွန်လိုင်းလောင်းကစားရုံမှာ မြန်မာနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ပိတ်လှောင် ခိုင်းစေခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပိတ်လှောင်ခံထားရသူတွေဟာ မိသားစုနဲ့ အဆက်အသွယ်လုပ်ခွင့်လည်း မရဘဲ ပိတ်ပင်ခံထားရကြောင်း မြဝတီ ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ နီးစပ်တဲ့ မြဝတီမြို့ခံ သတင်းအရင်းအမြစ်က ပြောပါတယ်။
"ခရမ်းပြာ ကာစီနိုနဲ့ အွန်လိုင်းလောင်းကစားရုံမှာက နေ့ပိုင်း၊ ညပိုင်း အချိန် နှစ်မျိုးနဲ့ အလုပ်လုပ်ကြရတယ်၊ ထိုင်းတွေ တရုတ်တွေနဲ့ တခြား နိုင်ငံခြားသားတွေလဲရှိတယ်၊ အခုက ရှမ်းမြောက်ဘက်က ငွေလိမ်ဂိုဏ်းတွေကို ဖမ်းနေတဲ့ အခြေအနေမျိုး မြဝတီဘက်မှာ ဖြစ်လာနိုင်တဲ့ သတင်းတွေ ထွက်နေတော့ အလုပ်သမားတွေ အပြင်ထွက်ခွင့်နဲ့ အပြင်က မိသားစုဝင်နဲ့ ဆက်သွယ်ခွင့် မပေးတော့ဘဲ (လော့ဒေါင်းချ) ထားတယ်၊ အထဲမှာဘဲ အလုပ်ခိုင်းတာမျိုး ရှိနေတယ်"
လက်ရှိမှာတော့ တရားမဝင် လောင်းကစားလုပ်ငန်းတွေဖြစ်တဲ့ ဖဲဝေ၊ ကာစီနိုခုံလှည့်၊ အွန်လိုင်းငွေလိမ်၊ စားပွဲထိုး၊ အချက်အပြုတ်၊ သန့်ရှင်းရေး၊ ဧည့်ကြို၊ ကွန်ပျူတာဂိမ်း၊ ကာရာအိုကေ၊ အရက်ဘားနဲ့ တခြား လောင်းကစားနည်းတွေကို လုပ်ငန်းပိုင်းအလိုက် အလုပ်လုပ်နေရသူ လူ ၃၀၀ ခန့် ရှိနေပြီး စည်းကမ်းထိန်း အလုပ်ကြီးကြပ်သူတွေက အချိန်ပြည့် စောင့် ကြပ်နေတယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။
ဒါ့အပြင် ကာစီနို လောင်းကစားရုံထဲက အခြေအနေတွေကို ပြင်ပက လာရောက်စုံစမ်းတာ တယ်လီဖုန်းနဲ့ ဆက်သွယ်စုံစမ်းတာအပြင် အွန်လိုင်းကနေ စုံစမ်းမေးမြန်းတာတွေပါ အပြင်ကို ပြန်ပြောဆိုတာ မလုပ်ရဘူးလို့ ခရမ်းပြာကာစီနိုက အလုပ်သမား သုံးဦးထက်မနည်းကို RFA က ဆက်သွယ်စုံစမ်း မေးမြန်းချက်အရ သိရပါတယ်။ အဲဒီထဲက အလုပ်သမားတစ်ဦးက အခုလိုပြောပါတယ်။
"အဲဒီကာစီနိုမှာက စည်းကမ်းကြီးတယ်၊ နေရာလည်း ဝင်းအကျယ်ကြီး မြန်မာလစာက ဘတ် ၆၀၀၀ ကနေ စပေးတယ်၊ ဘတ် ၁၈၀၀၀ အထိရှိတယ်၊ ၆ လ ပြည့်မှ အပြင် ထွက်ခွင့်ရပါတယ်၊ ၁၅ ရက်ခွင့်ပေးတယ်၊ လစာများရင် များလာသလို ပိုပြီးဖိအားရှိတယ်၊ ပိုပြီးခိုင်းတယ်၊ အလုပ်ကြိုးစားရင်တော့ ဘောနက် ဆုကြေးပေးတယ်၊ ဒီဝင်းထဲက အကြောင်းတွေ အပြင်ကို မပြောရဘူး၊ အဲဒီမှာ တရုတ်နဲ့ နိုင်ငံခြားသားတွေက သတ်သတ် အထပ်မြင့်အဆောင်တွေမှာထားတယ်၊ အဲ့ထဲမှာ တရုတ်စကားပြန်လုံခြုံရေးစောင့်တယ်၊ အပြင်မှာ BGF စစ်သားတွေ အစောင့်ရှိတယ်။"
လတ်တလော မြဝတီမြို့က အမှတ် ၃ ရပ်ကွက် ကြံခင်းလမ်း၊ ကျွန်းတောဂိတ်၊ အမှတ် ၅ ရပ်ကွက် ဝါးတော၊ ဖားခြောက်ကောင်၊ စိုက်ပျိုးရေးဇုန်၊ ပတ္တမြားဓာတ်ဆီဆိုင်လမ်း၊ ရေပူချောင်း၊ အမှတ် ၁ ရပ်ကွက် သဲပုံဂိတ်နေရာတွေမှာ ကရင်နယ်ခြားစောင့်တပ် (BGF) တွေ လုံခြုံရေးယူထားတဲ့ ကာစီနိုနဲ့ ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်တဲ့ အထပ်မြင့် ကွန်ဒိုတိုက်တွေ အခု ၁၀၀ ကျော်လောက် ရှိနေတယ်လို့ မြဝတီ မြို့ခံတွေက ပြောပါတယ်။
အခုလို တရားမဝင် ကာစီနိုလုပ်ငန်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ မြန်မာနဲ့ နိုင်ငံခြားသားတွေ လူကုန်ကူးခံရပြီး ပိတ်လှောင်ခိုင်းစေနေတာနဲ့ ပတ်သက်လို့ မြဝတီမြို့မ ရဲစခန်း၊ BGF တပ်နယ် ၃ လုံခြုံရေး တာဝန်ခံ ဗိုလ်မှူးကြီး စောတင်ဝင်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူတို့ကို မေးမြန်းဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
အခုလို ကာစီနို လောင်းကစားရုံမှာ အလုပ်လုပ်သူတွေ ပိတ်လှောင်ခိုင်းစေခံရသူတွေရဲ့ သတင်းတွေက သိပ်အထူးအဆန်း မဟုတ်တော့ဘူးလို့ မြဝတီ ကာစီနိုလောင်းကစားရုံတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ မြဝတီမြို့ခံ စီးပွားရေးသမားတစ်ဦးက ပြောပါတယ်။
"ဒီ မြဝတီ၊ ရွှေကုက္ကိုလ်တို့က ကာစီနိုတွေ မြန်မာပြည်ထဲက လူရှာပွဲစားတို့၊ စကားပြန်တို့ကနေချိတ်ပြီး အလုပ်လာလုပ်တယ်၊ အလုပ်ခိုင်းတာတွေ အဆင်မပြေတော့ ပြဿနာတွေဖြစ်တယ်၊ အဲဒီက တရုတ်ခိုင်းထားတဲ့ သူတွေက ရိုက်နှက်တာတွေ လုပ်တယ်၊ တချို့ပစ်သတ်လို့ သေတာလဲကြားတယ်၊ မိသားစုနဲ့ ဆက်သွယ်ပြီးတော့ တချို့က BGF လက်နက်ကိုင်ခေါင်းဆောင်ပိုင်းနဲ့သိတဲ့ အဆက်အသွယ်ကနေ ပြန်ရွေးထုတ်ရတယ်၊ ဆိုင်ရာပိုင်ရာ ပေါ့၊ အဲဒီကလွတ်ရင် နောက်ထပ် တစ်နေရာပြောင်းလုပ်ကြတာဆိုတော့ ဒါမျိုးသတင်းတွေက မြို့မှာ သိပ်မထူးဆန်းတော့ဘူး။"
လက်ရှိ မြဝတီမြို့နယ်ထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်လောင်းကစားလုပ်ငန်း၊ အွန်လိုင်းငွေလိမ်လုပ်ငန်း အကြီးအသေးအလိုက် လုပ်ငန်းပေါင်း ၃၀၀ လောက် ရှိနေတယ်လို့ မြို့အုပ်ချုပ်ရေးဌာနဆိုင်ရာတွေနဲ့ နီးစပ်တဲ့ မြဝတီ မြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
လတ်တလော တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖမ်းဆီးနှိမ်နင်းနေပေမဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ သောင်းရင်းမြစ်ဘေး နယ်စပ်ဒေသဘက်က လုပ်ငန်းတွေကတော့ ဒီကနေ့အထိ ဝင်ရောက်ဖမ်းဆီးတာ မရှိသေးပါဘူး။