အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်မယ့်လူငယ်တွေ ပိုများလာ

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.06.14

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်လာခဲ့ပြီး ပညာရေး၊ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးမှုများစွာ ရှိလာခဲ့ပါတယ်။ ဒီအခြေအနေမှာ အနာဂတ်ပျောက်သလို ခံစားရတဲ့ လူငယ်လူရွယ်တွေဟာ တချို့က စစ်အာဏာရှင် တော်လှန်ရေးမှာ ပါဝင်သွားခဲ့ကြသလို တချို့ကလည်း သူတို့ရဲ့ ပညာရေးအခွင့်အလမ်းတွေ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ပြည်ပတိုင်းပြည်တွေကို သွားရောက်ဖို့ ကြိုးစားလာကြပါတယ်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးမှာဆိုရင် လျှောက်ထားသူတွေ များပြားနေတယ်လို့ ပြည်ပမှာ အဆင့်မြင့်ပညာ သင်ယူဖို့ ကြိုးစားနေတဲ့ အမျိုးသမီးငယ်တဦးက ဆိုပါတယ်။

“ဒေါ်စုအစိုးရ လက်ထက်တုန်းကမှ IT ပိုင်းတွေ သင်ရတာ။ ကုမ္ပဏီကောင်းကောင်းလေးတွေ ဝင်လာတော့ အော် ငါတို့လည်း ပညာကို မသိတာတွေ ခုမှ ပြန်သင်ရတယ်။ နောက်ပြီး အလုပ်ကောင်းကောင်းလေးတွေ ရတယ်ဆိုပြီး ပျော်နေတာ။ ဒီကလူတွေက အဲဒါကြောင့် နိုင်ငံခြား သိပ်မသွားတော့ဘူးလေ ဒီအတောအတွင်းကို။ ပညာတွေ သွားသင်တာတွေလဲ မရှိဘူး။ ခုကျမှ ဒီလိုကြီးဖြစ်သွားတော့ အကုန်လုံးက ထွက်မယ်ဆိုပြီး ဖြစ်ကုန်တာ။ ပတ်စ်ပို့ရုံးမှာဆို အုံခဲနေတာပဲ”

IT နည်းပညာနဲ့ ဘွဲ့ရထားတဲ့ညီမငယ်တဦးကလည်း သူ့မျှော်မှန်းတဲ့ ပညာရေးအခွင့်အလမ်းတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှေ့လျှောက်ရနိုင်ဖို့လမ်း မမြင်တော့တာကြောင့် နိုင်ငံခြားထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

youth-in-yangon.jpg
ဧပြီလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ လူငယ်များ။(Photo-AFP)


“နိုင်ငံမှာ ဒီလိုအခြေအနေတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ညီမတို့ IT သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလဲ ရှိတော့မှာ မဟုတ်ဘူး၊ IT ကုမ္ပဏီ တော်တော်များများက အင်တာနေရှင်နယ် ကုမ္ပဏီများတယ်။ Local ကုမ္ပဏီက နည်းတယ်။ Local ကုမ္ပဏီကလဲ သိသိသာဖွံ့ဖြိုးတိုးတက်တာမဟုတ်ဘူး အရမ်းကို industry က ကျဉ်းတယ်၊ သူတို့တွေကလဲ စစ်တပ်ကို အားပေးတဲ့သူတွေများတယ်။ နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနိုင်ငံကထွက်သွားပြီဆိုရင် ညီမတို့ရဲ့ Life career က တိုးတက်ဖို့ မရှိတော့ဘူးပေါ့နော်”

ရုပ်ရှင်ထုတ်လုပ်ရေးလုပ်နေတဲ့ လူငယ်တဦးဆိုရင်လဲ မြန်မာနိုင်ငံရဲ့ အနုပညာအရည်အသွေး တိုးတက်မြင့်မားဖို့ သူ့ရဲ့ ရည်မှန်းချက် မျှော်လင့်ချက်တွေဟာ စစ်အာဏာသိမ်းမှုနဲ့အတူ ပျောက်ကွယ် သွားခဲ့ရပါတယ်တဲ့။ ပိတ်ပင်မှုတွေ ကန့်သတ်မှုတွေကြားမှာ သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် နေရပ်စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“၂ဝ၁၈ လောက်ကစပြီး မြန်မာ့ရုပ်ရှင်လောကမှာ ရုပ်ရှင်ကားကောင်းလေးတွေ ထွက်လာတယ်။ Film industry ကလည်း အဲဒီကစပြီး သိသိသာသာ ကောင်းလာတာ။ ကျနော်တို့ လူငယ်တွေကလည်း မျှော်လင့်တာပေါ့နော်။ ရုပ်ရှင်ကောင်းကောင်းလေး ငါတို့ ဖန်တီးမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့နော်။ အခုတော့ ရည်ရွယ်ချက်တွေ မှေးမှိန်သွားတယ်။ ရှေ့လျှောက် အနုပညာလုပ်ငန်းတွေ ဘယ်လိုလုပ်မလဲ လွတ်လွတ်လပ်လပ် ဘယ်လို လုပ်ကိုင်ခွင့်ရမလဲပေါ့။ လူတိုင်းက ကိုယ့်နိုင်ငံကို ကိုယ်ချစ်တာပေါ့နော် ကိုယ့်နိုင်ငံမှာပဲ လုပ်ကိုင်ချင်တာပေါ့။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာမှ လုပ်ကိုင်စားသောက်လို့မရရင်တော့ ရေကြည်ရာ မြက်နုရာ ရှာရတော့မယ့် အနေအထား ဖြစ်လာတာပေါ့”

မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးပြီး မိမိရဲ့ပညာနဲ့ ထိုက်တန်တဲ့အလုပ်အကိုင်အခွင့်အလမ်း မရတဲ့အတွက် ဘဝရပ်တည်ဖို့ အခက်အခဲရှိနေရာက ကိုဗစ်ကြောင့်ရယ် စစ်အာဏာသိမ်းမှုရယ်ကြောင့် လူငယ်တွေ လမ်းပျောက်နေကြပြီး ခုလိုနိုင်ငံခြားထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာလို့ အင်ဂျင်နီယာနဲ့ ဘွဲ့ရတဦးရဲ့ ဖခင်ကပြောပါတယ်။

“၂၀၁၀ ကစပြီး အခု လက်ရှိအခြေအနေထိ အင်ဂျင်နီယာနဲ့ ဘွဲ့ရပြီးသူတောင် ယူထားတဲ့ဘွဲ့နဲ့ ကိုက်ညီတဲ့အလုပ် လုပ်ဖို့ အခွင့်အရေး မရဘူး။ သက်ဆိုင်ရာ ရုံးတွေမှာ နှစ်သိန်း သုံးသိန်းနဲ့ စာရေးစာချီအလုပ်ပဲ လုပ်ရတယ်။ နောက်ပိုင်းဆို ဘွဲ့ရပြီးပေမဲ့လည်း တချို့ဆို delivery လုပ်ရတယ်။ တချို့ဆို ဒရိုင်ဘာ လုပ်ရတယ်။ မြန်မာပြည်မှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် ရရာအလုပ် ဝင်လုပ်ကြရတာပေါ့။ ၂ဝ၁၉ ကစပြီး ကိုဗစ်ဖြစ်တော့ ပိုဆိုးတာပေါ့။ အလုပ်တွေလည်း လုံးဝမရှိဘဲ နားနေရတယ်။ အခု စစ်အာဏာ သိမ်းတော့ ပိုပြီး အလုပ်အကိုင် ရှားပါးတာပေါ့။ စီးပွားရေးလည်း မကောင်းဘူး။ ဘာဆက်လုပ်ရမှန်း မသိဘူး။ အနာဂတ်မဲ့နေတာပေါ့။ အခု အသက် ၂ဝ-၃ဝ ကြား လူငယ်တွေ ဗမာပြည်မှာ ဆက်ပြီးနေရင် သူတို့ဘဝ အခြေခိုင်မှာ မဟုတ်တဲ့အတွက် နိုင်ငံခြားကို ထွက်ဖို့ပဲ အာရုံစိုက်နေပြီး နည်းမျိုးစုံနဲ့ ထွက်ဖို့ ကြိုးစားနေကြတယ်”

နိုင်ငံရဲ့လက်ရှိအခြေအနေကြောင့် ဒီလို ဆုံးဖြတ်ကြတဲ့လူငယ်တွေရှိသလို တဖက်မှာလည်း မိမိဘဝရှေ့ရေးကို မျိုသိပ်ပြီး နိုင်ငံ့အရေး ပြည်သူ့အရေး စွန့်စားနေတဲ့လူငယ်တွေလည်း ရှိနေပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲဝင်ဖို့ ကြိုးစားနေတဲ့ လူငယ်တဦးက -

youth-in-myanmar.jpg
ဇွန်လ ၁၄ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတဲ့ လူငယ်များ။(Photo-RFA)

“ကိုယ့်အိမ်ကို ကိုယ် မိုးလုံအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးမျိုး ကျနော့်မှာ ရှိတယ်။ ခုချိန်က ကိုယ့်အနာကို ကိုယ်ပြန်ကုရမယ့် အချိန်၊ ကိုယ့်တိုင်းပြည် အခက်အခဲကို ကိုယ်ကိုယ်တိုင် ပြန်ရင်ဆိုင်ရမယ့် အချိန်၊ ကိုယ့်တိုင်းပြည် ပြဿနာကို ကိုယ်ကိုယ်တိုင် ပြန်ဖြေရှင်းရမယ့် အချိန်ပဲ။ အဲဒါကြောင့် အသက်ငင်နေတဲ့ တိုင်းပြည်ကို ကျနော်ကျောပေးပြီး ဘယ်မှ ထွက်မသွားနိုင်ပါဘူး”

မျိုးဆက်သစ် လူငယ်များအဖွဲ့ Generation Wave က ကိုမိုးသွေးက လူငယ်တွေ မိမိရဲ့ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ခုလို စွန့်စားကြတာတွေကို နားလည်လက်ခံရမှာ ဖြစ်ပြီး ဒီလူငယ်တွေအနေနဲ့လည်း မိမိတတ်မြောက်တဲ့ ပညာနဲ့ တိုင်းပြည်ကို ပြန်ပြီးအလုပ်အကျွေးပြုနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

“ဒီလိုဖြစ်မှာပဲ။ ဒါက ဖြစ်ကို ဖြစ်လာမယ့် အနေအထားတခုပဲ။ ကျနော်ကတော့ ဒါကိုအပြစ်လို့ မမြင်သလို တချို့နေရာတွေမှာ ကျနော် အားပေးတယ်လို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံတကာမှာ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံတကာရေစီးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်လုပ်ကိုင်မယ်။ တခုပဲရှိတယ်။ 119859557_173719880994475_1519172887374608384_n.jpgဒီပြင်ပကို ရောက်သွားတဲ့ လူငယ်လူရွယ်တွေ အနေနဲ့ ပြည်တွင်းက ကိုယ့်ရဲ့ မိသားစုတွေကတဆင့် ငွေကြေးထောက်ပံ့ပါ။ ကိုယ့် community လူ့အသိုင်းအဝိုင်းကို တတ်နိုင်သလောက် ထောက်ပံ့ပါ။ အထူးသဖြင့် ငွေကြေးပေါ့နော်။ နောက်တခုက ပြင်ပမှာ နိုင်ငံတကာမှာ ပညာရပ်တွေ အတွေ့အကြုံတွေကို အခု ဒီဂျစ်တယ်ခေတ် ဖြစ်နေတဲ့အခါကျတော့ ပြည်တွင်းက လူငယ်တွေကို တတ်နိုင်သလောက် အချိန်ပေးပြီး အွန်လိုင်းကတဆင့် ပညာပေးပါ မျှဝေပါ။ ဒါဆို ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေး လှုပ်ရှားမှုကို ငွေကြေးအရ သော်လည်းကောင်း ပညာရပ်အရ သော်လည်းကောင်း ပံ့ပိုးရာလည်း ရောက်တယ်။ ပါဝင်ရာလည်း ရောက်တယ်။ တော်လှန်ရေး အလွန်ကာလ ပြန်လည် ထူထောင်ရမယ့် တိုင်းပြည်အတွက်ကိုလည်း အရင်းအနှီးတွေ ကြိုပြီး စုဆောင်းရာ ရောက်တယ်လို့ ကျနော်က မြင်ပါတယ်"

လက်ရှိတိုင်းပြည်ရဲ့အခြေအနေအရ လူငယ်လူရွယ်တွေ နိုင်ငံခြားထွက်ဖို့ စဉ်းစားကြလာသလို ကိုယ့်တိုင်းပြည်မှာပဲ နေပြီး အာဏာရှင်ကို တိုက်ထုတ်မယ်ဆိုတဲ့ သူတွေကိုလည်း တွေ့မြင်နေရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့အားလုံးရဲ့ ရင်ထဲမှာတော့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အမိမြန်မာပြည်ကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒတွေကတော့ တူညီနေတာတွေ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။