မူဆယ်နယ်စပ်ကဝင်တဲ့ မြန်မာနိုင်ငံသားတွေကို တရုတ် ကန့်သတ်

RFA Burmese
2024.03.21
မူဆယ်နယ်စပ်ကဝင်တဲ့ မြန်မာနိုင်ငံသားတွေကို တရုတ် ကန့်သတ် ကျယ်ဂေါင်မြို့တွင် QR ကုတ်ရယူရန် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
Khin Mg Lwin

ရွှေလီမြို့ကို ဝင်ရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေဟာ ခြောက်ညအိပ်၊ ခုနစ်ရက်သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP)၊ ကျန်းမာရေး ထောက်ခံချက်၊ အလုပ်အကိုင် အေဂျင်စီတွေရဲ့ ထောက်ခံချက်တွေ တွဲထားတဲ့ ဓာတ်ပုံပါတဲ့ QR ကုတ်စာရွက်ပြနိုင်မှသာ ဝင်ခွင့်ပြုတယ်လို့ ကျယ်ဂေါင်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

"အလုပ်ရှင်ဘက်ကို အသာစီးယူပြီးတော့မှ ချုပ်ထားတဲ့ စာချုပ်တွေပဲပေါ့နော်”

မတ်လဆန်းပိုင်းကစပြီး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် သက်တမ်းကုန်နေသူတွေနဲ့ QR စာရွက်မပြနိုင်တဲ့ မြန်မာလုပ်သားတွေကို မူဆယ်နယ်စပ် ပြန်ပို့နေတာလို့ ရွှေလီမှာ နေ့စားလုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

“စစ်တယ် စစ်ပြီးရင် သူတို့ပြောပြီး ပြန်သွားတယ်။ တချို့ရဲကျတော့လည်း ဘာပစ္စည်းမှကို ယူလို့မရဘူး။ ချက်ချင်းကို ခေါ်သွားတာ။ အခက်အခဲ ကြုံရတာပေါ့။ သိပ်အပြင်သွားစရာ မရှိဘူးပေါ့။ အလုပ်သွားရင်လည်း မျက်စိရှင်ရှင် ထားရတာပေါ့။ ကောင်းတဲ့ သူဌေးကြတော့လည်း လိုက်ပြီးအာမခံပေးတာပေါ့။ တချို့ သူဌေးကျတော့လည်း ဒီအတိုင်းလေးပဲ မသိသလိုနေလိုက်တာ။ ကျွန်တော်ကျတော့ နေ့စားအလုပ်လုပ်တာဆိုတော့ အလုပ်သွားတဲ့အခါ၊ အလုပ်ပြန်တဲ့အခါ ရဲနဲ့မတွေ့အောင် ရှောင်ရတာပေါ့”

တရုတ်အလုပ်ရှင် ထောက်ခံချက်ရှိတဲ့ အလုပ်သမားတွေကတော့ ရွှေလီထဲ ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့် ရနိုင်ပေမယ့် အလုပ်ရှာဖို့ ဝင်လာသူတွေကတော့ QR ကုတ်စာရွက်ရဖို့တောင် မလွယ်တော့ပါဘူး။

“ရွှေလီကတော့ အဝင်တအားကျပ်တယ်။ အထွက်လည်း ကျပ်တယ်ပေါ့နော်။ အလုပ်ရုံသူဌေးနဲ့ တိုက်ရိုက်အဆက်အသွယ်ရှိရင် အလုပ်ရုံသူဌေးက အာမခံပေးရင် QR ရယ်၊ ဝင်ခွင့်လက်မှတ်ရတယ်။ သူဌေးလည်း လာမခေါ်ဘူး။ အလည်အပတ် ပုံစံပဲဆိုရင် QR မလုပ်ခိုင်းဘူးပေါ့။ လုပ်လည်း ကျွန်တော်တို့က အပိုပဲပေါ့။ ပိုက်ဆံ ပေးရတာပဲရှိတယ်”

ရွှေလီမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ ပြောဆိုချက်အရ မြန်မာလုပ်သား အများစုဟာ စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်၊ စက်ရုံ အလုပ်ရုံ၊ စိုက်ခင်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ နေ့စား၊ လခစားတွေ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

အခုရက်ပိုင်း တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မူဆယ်နယ်စပ်ကို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားက တစ်ရက်ကို အနည်းဆုံး ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နယ်စပ် ဖြတ်သန်းခွင့်အတွက် မူဆယ်ခရိုင်အတွင်းက မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ် (ပန်ဆိုင်း)၊ ကွတ်ခိုင်စတဲ့ မြို့နယ်အတွင်း နေထိုင်သူတွေကို ခြောက်ညအိပ်၊ ခုနစ်ရက်သက်တမ်းရှိတဲ့ စာအုပ်အနီ ထုတ်ပေးပါတယ်။

အခြားတိုင်းနဲ့ပြည်နယ်ကနေ လာတဲ့သူတွေကိုတော့ ခြောက်ညအိပ်၊ ခုနစ်ရက်သက်တမ်းရှိတဲ့ တစ်ခါသုံး နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် TBP ကို နှစ်နိုင်ငံနယ်စပ် အာဏာပိုင်တွေက ထုတ်ပေးတာပါ။

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဟာ နှစ်နိုင်ငံနယ်စပ် ဖြတ်သန်းဖို့အတွက်ပဲ ထုတ်ပေးတာဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်ခွင့် မရှိပါဘူး။

အရင်က နယ်စပ်ဖြတ်သန်းခွင့် TBP အတွက် မြန်မာကျပ်ငွေ နှစ်ထောင်သာပေးရပေမယ့် အခုလ ၅ ရက်နေ့ကစပြီး တရုတ် အလုပ်သမားအေဂျင်စီ ထောက်ခံချက်နဲ့ QR စာရွက်ရဖို့ တရုတ်ယွမ်နှစ်ရာ၊ မြန်မာကျပ်ငွေ ရှစ်သောင်းကျော် တရုတ်ဘက်ကို ပေးဆောင်ရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။

စာအုပ်အနီ ကိုင်ဆောင်ခွင့်ရသူတွေကိုတော့ တရုတ်ယွမ် တစ်ထောင်ကျော်နဲ့ တည်းခိုမယ့် နေရာတိတိကျကျ ပြသနိုင်မှသာ ဝင်ခွင့်ပြုတော့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ်လကစပြီး မူဆယ်နယ်စပ်ကနေ မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ တရုတ်နိုင်ငံထဲ ဝင်ရောက်အလုပ်လုပ်ခွင့်ရဖို့ ကြိုးစားလာကြပါတယ်။

ဒီလိုဝင်ရောက် လာတာကြောင့် တရုတ်နိုင်ငံအတွင်းမှာ မြန်မာလုပ်သားတွေ ပေါများလာပြီး လုပ်ခဈေးတွေ လျော့လာတယ်လို့ ရွှေလီမှာရောက်နေတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။

အရင်က လစာယွမ် သုံးထောင်သတ်မှတ်တဲ့ လုပ်ငန်းတွေက ယွမ် တစ်ထောင့်ငါးရာ၊ နှစ်ထောင်အထိ လျော့သွားပြီး နေ့စားသမားတွေလည်း လုပ်ခတွေ အနှိမ်ခံကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြန်မာလုပ်သားတွေက RFA ကို ပြောပါတယ်။

မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံကို ထပ်မံဝင်ရောက်ခွင့်ရဖို့ နေ့စဉ် တန်းစီစောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား အရေအတွက် တစ်ထောင်နီးပါးရှိတယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဖမ်းတာက ဖမ်းတာပဲ။ တစ်ရက်၊ တစ်ရက်ကို ကျွန်တော်တို့ အမြင်က ၈၀၀ လောက်ရှိတယ်။ တစ်ခါတလေက ထောင်ချီတယ်။ အောက်မြန်မာပြည်က ပိုဆိုးတာပေါ့ဗျာ။ လမ်းစရိတ် အကုန်အကျခံပြီတော့ တန်းဝင်လည်းမရ၊ တည်းခိုခန်းမှာ အိပ်ပြီးတော့ ဘယ်တော့ဝင်ရမလဲ၊ တစ်ပတ်ဆယ်ရက်လား တချို့နောက်ကျတဲ့လူက ရက်နှစ်ဆယ်လောက်ကြာတယ်”

တရုတ်နိုင်ငံဘက်က မြန်မာတွေကို ရွှေလီမြို့အတွင်း ဝင်ရောက်ခွင့် ကန့်သတ်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ယူနန်ပြည်နယ်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံး တာဝန်ရှိသူတွေကို RFA က အီးမေးလ်နဲ့ ဖုန်းကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

အလားတူ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရကြား တရားဝင် အလုပ်သမားစေလွှတ်မှုဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးမထားတဲ့အတွက် တစ်ခါသုံးနယ်စပ်ဖြတ်သန်းခွင့် ကိုင်ဆောင်ပြီး တရုတ်နိုင်ငံထဲ အလုပ်ရှာတဲ့ မြန်မာနိုင်ငံသားတွေဟာ ခေတ်အဆက်ဆက်မှာ တရုတ်အာဏာပိုင် ဖမ်းဆီးတာ၊ အလုပ်ရှင်တွေ ခေါင်းပုံဖြတ်တာ စတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ နယ်စပ်က မြန်မာအလုပ်သမားအရေး လေ့လာစောင့်ကြည့်နေသူတွေက ထောက်ပြကြပါတယ်။

လက်ရှိတရုတ်ဘက်က QR စနစ်နဲ့ မြန်မာအလုပ်သမားရုံးတွေ ဖွင့်ထားပေမယ့် စာချုပ်တွေဟာ အလုပ်ရှင်အလိုကျ ချုပ်ရတာဖြစ်လို့ မြန်မာလုပ်သားတွေ ပိုသတိထားသင့်တယ်လို့ တရုတ်နယ်စပ် မြန်မာအလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ထောက်ပြပါတယ်။

“တစ်ခါသုံးကတ်ရဲ့ သဘောက ခြောက်ညအိပ်၊ ခုနစ်ရက်ပဲရှိတယ်။ တရုတ်ပြည်ကိုရောက်သွားရင် ဘယ်သူဌေးပဲ အာမခံခံ နှစ်နိုင်ငံစလုံးက ဒါ မင်းတစ်နှစ်သွားနေဆိုပြီး မြန်မာအစိုးရကလည်း ခွင့်ပြုထားတာ မရှိသလို တရုတ်အစိုးရကလည်း ခွင့်ပြုထားတာ မဟုတ်ဘူး။ အဲကျတော့ သူတို့ကို အချိန်မရွေး ဖမ်းလို့ရတယ်။ ထောင်ချလို့ရတယ်။ ပြန်ပို့လို့ရတယ်။ ခြင်းထဲက ကြက်လိုပဲ။ ပလိုင်းထဲက ဖားလိုပဲ။ သူတို့ အခုစာချုပ်ချုပ်တယ်ဆိုတာက သူတို့လိုချင်တဲ့ အချက်တွေကိုပဲ ထည့်ချုပ်တာ။ ကျွန်တော်တို့ အလုပ်သမားတွေကို အလုပ်ချိန်ဘယ်နှစ်နာရီပဲ ခိုင်းမယ်တို့၊ အချိန်ပိုကြေး ဘယ်လိုပေးမယ်၊ လုပ်ခလစာ ဘယ်လို၊ ဘောနပ်စ် ဘယ်လိုတို့ဆိုတာ မရှိဘူး။ အလုပ်ရှင်ဘက်ကို အသာစီးယူပြီးတော့မှ ချုပ်ထားတဲ့ စာချုပ်တွေပဲပေါ့နော်”

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှာ တရုတ်ပြည်က ပြန်လာသူတွေကို ၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရစဉ်။ (Photo: RFA)
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်မှာ တရုတ်ပြည်က ပြန်လာသူတွေကို ၂၀၂၀ ဖေဖော်ဝါရီလက တွေ့ရစဉ်။ (Photo: RFA)

မူဆယ်ကနေ တရုတ်နိုင်ငံအတွင်းကို နန်းတော်ဂိတ်ပေါက်၊ ဆင်ဖြူဂိတ်ပေါက်တွေကနေ ဝင်ထွက်ခွင့်ပြုထားပြီး မန့်ဝိန်းဂိတ်ပေါက်တော့ ကုန်ကားတွေနဲ့ ယာဉ်မောင်းတွေကို ဝင်ခွင့်ပြုတာပါ။

ဒီဂိတ်သုံးခုကနေ တစ်ရက်ကို လူဦးရေ ၅၀၀ နဲ့ ၁၀၀၀ ကြားသာ ဝင်ထွက်ခွင့်ပြုနေတယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မူဆယ်နယ်စပ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းကို MNDAA က သိမ်းပိုက်နိုင်ခဲ့ပေမယ့် မူဆယ်မြို့ကတော့ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာပဲရှိနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း) ဂိတ်တွေကို MNDAA က သိမ်းပိုက်ထားပါတယ်။ အခုလ ၁၁ ရက်နေ့ကတော့ ကြူကုတ် (ပန်ဆိုင်း) နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေကို MNDAA က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။