MOU စနစ်နဲ့ မြန်မာအလုပ်သမားတွေ ထိုင်းကိုလာရောက်နိုင်ရေး စစ်ဆေးမှုများစတင်
2022.03.11
ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွာ (MOU) စနစ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မတ်လကုန်ပိုင်းမှာ စေလွှတ်နိုင်ဖို့ မြန်မာအလုပ်သမား သံအရာရှိတွေ ဘက်က စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
မတ်လအတွင်းမှာ MOU အလုပ်သမားတွေကို ခေါ်ဖို့ အလုပ်ခေါ်စာ တချို့ကို စစ်ဆေး နေသလို၊ မြန်မာအလုပ်သမားအရာရှိတွေအနေနဲ့လည်း အလုပ်ခေါ်ယူမဲ့ စက်ရုံ အလုပ်ရုံ တွေကို သွားရောက် စစ်ဆေးနေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF)က ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“MOU ဒီလကုန်လောက်တော့ ဝင်လာလိမ့်မယ်။ အခု demand တင်ထားတဲ့ ဘယ်ဌာန ဘယ်စက်ရုံဆိုလို့ရှိရင် နေပြည်တော်ကနေ စစ်ဆေးပြီးတော့ အဲဒါကို ကွင်းဆင်းစစ်ဆေး ပါလို့ ပြောတဲ့အခါမျိုးမှာ ဒီမှာရှိတဲ့ သံအရာရှိတွေက စက်ရုံ အဲဒီအလုပ်ဌာနကို သွားပြီးတော့ စစ်နေတာပေါ့။ ဒီလအတွင်းမှာ သေချာတယ်လို့ အန်ကယ် မြင်ပါတယ်”
ပြီးခဲ့တဲ့ရက်ပိုင်းက MOU စနစ်နဲ့လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦး ဗီဇာသက်တမ်းကုန်လို့ တိုးပေးဖို့ ထိုင်းအလုပ်ရှင်ကို ကုန်ကျငွေ ပေးခဲ့ပေမဲ့ ဗီဇာမတိုးပေးတဲ့အပြင် လုပ်အားခပါ မပေးတဲ့အတွက် လာရောက် အကူအညီ တောင်းတာတွေ ရှိနေတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။
“ထိုင်းဘက်ကနေပြီးတော့ အလုပ်ကို ခိုင်းတယ်။ ခိုင်းပြီးတော့ နှစ်ကုန်ရင် ဗီဇာထပ်တိုး ရတယ်လေ။ တိုးမဲ့ဗီဇာတွေကို တိုးပေးမယ်ဆိုပြီးတော့ သူတို့ တစ်ယောက်ကို ၁၃၀၀၀ ဖြတ်ထားပြီးတော့ တိုးမပေးဘူး။ အခု လုပ်ခလည်းမပေးဘဲနဲ့ မောင်းထုတ်လို့ ထွက်လာတာ နှစ်ယောက်ရှိတယ်။ ထိုင်းအလုပ်ရှင်တွေက ဥပဒေကို မလိုက်နာဘူးလေ”
မြန်မာဘက်ကMOU အလုပ်သမားတွေကို စေလွှတ်ဖို့ စီစဉ်နေပေမဲ့လည်း ထိုင်းအလုပ်ရှင် တွေဘက်က နှစ်နိုင်ငံသဘောတူညီမှုစာချုပ်ပါ အချက်တချို့ လိုက်နာမှု အားနည်းနေလို့ MOU အလုပ်သမားစေလွှတ်ဖို့ ခက်ခဲနေတာ ဖြစ်တယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
၂၀၀၃ ခုနှစ်က ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံသဘောတူညီမှု လက်မှတ်ရေးထားတဲ့စာချုပ်အရ လိုက်နာရမဲ့ အချက် ၂၄ ချက်ပါဝင်ပြီး အဲဒီအချက်တွေထဲက ၁၇၊ ၁၈ ၊ ၁၉ ပျက်ကွက်တဲ့ အတွက် အခုလို MOU လုပ်ငန်းစဉ်တွေ ထိခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
“၂၀၀၃ ခုနှစ်ကတည်းက MOU သွင်းရမယ်ဆိုရင် လက်ခံနိုင်ငံနဲ့ စေလွှတ်တဲ့ နိုင်ငံ တွေက ဘယ်အချက်တွေ လိုက်နာပါ့မယ်ဆိုတဲ့ ၂၄ ချက် ရှိတယ်။ အဲဒီအချက်တွေမှာ အဓိက ၁၇၊ ၁၈၊ ၁၉ ဆိုတဲ့ ထိုင်းနိုင်ငံဘက်က ဥပဒေတွေ လိုက်နာရမဲ့ အချက်တွေ ပျက်ကွက်တယ်။ အဲဒီလို ပျက်ကွက်တဲ့အခါ မျိုးတွေမှာ MOU လုပ်ငန်းစဉ်ကို ထိခိုက်တာပဲ။ အဲဒီသုံးချက်ဘဲ အခုအလုပ်သမား ပြဿနာကို ဒိုင်ခံဖြေရှင်းနေရတာ။ ညှိထားပြီးသားကို မလိုက်နာတာ”
MOU အလုပ်သမားခန့်ထားရေး စာချွန်လွှာရဲ့ ကာကွယ်စောင့်ရှောက်မှုဆိုတဲ့ အပိုဒ် ၁၇ မှာ အလုပ်သမားခန့်ထားသော စာချုပ်ဝင်နိုင်ငံများသည် တဖက်စာချုပ်ဝင်နိုင်ငံမှ အလုပ်သမား များကို မိမိနိုင်ငံရှိ ပြည်တွင်း ဥပဒေများနဲ့အညီ ကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန် ဆောင်ရွက်ပေးရမည်။ အပိုဒ် ၁၈ မှာ နှစ်ဖက်စာချုပ်ဝင်နိုင်ငံများမှ အလုပ်သမား များသည် ဒေသခံအလုပ်သမားများနဲ့အတူ လုပ်ခနှင့် ခံစားခွင့်များကို လူမျိုး၊ ဘာသာ၊ ကျားမခွဲခြားမှု မရှိစေဘဲ တန်းတူညီတူခံစားခွင့်ရှိရမည်။
အပိုဒ် ၁၉ အလုပ်ခန့်ထားမှုနဲ့ ဆောင်ရွက်ရန် အလုပ်ရှင်နဲ့ အလုပ်သမားများကြားမှာ ဖြစ်ပေါ်လာသော အငြင်းပွားမှုများအား အာဏာအပ်နှံထားပြီး ဌာနများက အလုပ်ခန့် ထားသော နိုင်ငံ၏ တည်ဆဲ ဥပဒေများ စည်းမျဉ်းများနှင့်အညီ ညှိနှိုင်းဖြေရှင်းပေးရမည်။
“ဗီဇာတွေ တိုးပေးမယ်ဆိုပြီးတော့ သူတို့ တစ်ယောက်ကို ၁၃၀၀၀ ဖြတ်ထားပြီးတော့ တိုးမပေးဘူး။ အခု လုပ်ခလည်းမပေးဘဲနဲ့ မောင်းထုတ်လို့ ထွက်လာတာ နှစ်ယောက်ရှိတယ်။ ထိုင်းအလုပ်ရှင်တွေက ဥပဒေကို မလိုက်နာဘူးလေ”
MOU နဲ့လာတဲ့ မြန်မာအလုပ်သမားတစ်ဦးက ထိုင်းနိုင်ငံမှာ အလုပ်လုပ်တဲ့အခါ MOU စာချုပ်အတိုင်း အကျိုးခံစားခွင့်ရပေမဲ့ အလုပ်ကြမ်းလုပ်တဲ့ ဖိုးလပ်မောင် (ဆောက်လုပ်ရေး လုပ်ငန်း) ပြောပြတာကတော့ သူဌေးက မတရား အလုပ်ခိုင်းတဲ့အတွက် တခြားဘော်ဒီ ကုမ္ဗဏီ အလုပ်ဘက် ပြောင်းခဲ့ရတယ်လို့ ပြောပါတယ်။
“MOU နဲ့လာတုန်းက ဒီကိုရောက်တော့ သူဌေးဆီရောက်တော့ တခြားလူတော့မသိဘူး။ ကျနော်တို့ အဖွဲ့က အကုန်လုံး အဆင်ပြေကြတယ်။ အလုပ်လစာနည်းလို့ အလုပ် ပြောင်းတာဘဲ ရှိတယ်။ လစာက ၃၃၁ ဘတ်လေ ဆိုတော့ လစာနည်းတော့ ဘေးသူဌေးဆီ ပြောင်းသွားတာပါ။ ဖိုးလပ်မောင်သူဌေး မကောင်းလို့ ဒီဘက် ဘော်ဒီ ဆတ် သူဌေးကို ပြောင်းလာတာ။ သူဌေးမကောင်းဘူးဆိုတာ သူဌေးက အလုပ်ကို ပင်ပန်းတယ်။ ဖိုးလပ်မောင်ဆိုတာ အလုပ်ကြမ်းပေါ့။ သူဌေးက အလုပ်များများ ခိုင်းတာပေါ့နော်။ ဘော်ဒီဆတ်ကြတော့ အလုပ်တအားမခိုင်းဘူး။ အလုပ်သက်သာတယ်။ တခြားအခက်အခဲတော့ ဘာမှ မရှိဘူး။ သူဌေးက အလုပ်မတရားခိုင်းတာတို့ဘာတို့ဘဲ ရှိတယ်။”
ထိုင်းအစိုးရက အလုပ်သမားရှားပါးမှုကို တားဆီးနိုင်ဖို့နဲ့ ကိုဗစ်အရေးပေါ်ကာလအတွင်း အဆင်ပြေစေဖို့
၂၀၂၂ ခုနှစ်မှာ လေးနှစ်သက်တမ်းကုန်တော့မဲ့ MOU ရွှေ့ပြောင်းအလုပ်သမားတွေကို ၆ လ သက်တမ်း တိုးပေးမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရက သူ့နိုင်ငံ စီးပွားရေး လိုအပ်ချက်အရ MOU စနစ်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ သိန်း ခေါ်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာဘက်က အလုပ်သမားတွေကို မပို့နိုင်သေးတာ ဖြစ်ပါတယ်။