ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေ အနိမ့်ဆုံးလုပ်ခတိုးရေး ကန့်ကွက်မှုတွေရှိနေ
2024.07.20

ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အို လူဦးရေ တိုးပွားလာပြီး လူငယ် လူဦးရေနည်းပါးလာနေတဲ့အတွက် လုပ်သားလိုအပ်ချက် များပြားတဲ့ စက်မှုလက်မှုလုပ်ငန်းတွေမှာ အိမ်နီးချင်းနိုင်ငံတွေကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အမှီပြုပြီး လည်ပတ်နေရတာ ကြာပါပြီ။ ဒါပေမဲ့ ဒီလိုထိုင်းနိုင်ငံအတွက် အရေးကြီးတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းအစိုးရရဲ့ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်အတိုင်း မရကြဘဲ အမြတ်ထုတ်ခံနေရတယ်လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ထိုင်းအစိုးရဟာ အခုနှစ်အတွင်း အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ကို နှစ်ကြိမ်တိုးမြှင့်ခဲ့ပြီး မကြာခင် ထပ်တိုးဖို့လည်း ဖြစ်နိုင်ခြေရှိနေပါတယ်။ ဒါပေမဲ့ ထိုင်းလုပ်ငန်းရှင် တော်တော်များများကတော့ ဒီအနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်မှာ ရွှေ့ပြောင်းလုပ်သားတွေ အကျုံးမဝင်ဘူးလို့ပြောပြီး တိုးမပေးဘဲ ထားပါတယ်။ အဓိကကတော့ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရသမျှဝင်ငွေတွေကို အိမ်ပြန်ပို့မှာ ဖြစ်တဲ့အတွက် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်အရ လုပ်ခတိုးမပေးသင့်ဘူးလို့ အကြောင်းပြနေတာ ဖြစ်ပါတယ်။
အနိမ့်ဆုံးလုပ်ခဆိုတာ လူတစ်ယောက် ဘဝရပ်တည်ဖို့ အနိမ့်ဆုံးလိုအပ်တဲ့ ဝင်ငွေကို သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရတော့ အနိမ့်ဆုံးလုပ်ခက တစ်ရက်ကို ဘတ် ၃၇၀ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက်နဲ့ ညီပါတယ်။ ဒါပေမဲ့ ရောက်နေတဲ့ ဒေသနဲ့ အလုပ်အကိုင် အမျိုးအစားကို မူတည်ပြီး တစ်နေရာနဲ့ တစ်နေရာ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်တွေ မတူပါဘူး။ အခုအချိန်မှာ ထိုင်းနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာလုပ်သား နှစ်သန်းလောက်အထိ ရှိနေပြီး ထိုင်းနိုင်ငံရဲ့ လုပ်သားဈေးကွက် တစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ပဋိပက္ခတိုက်ခိုက်မှုတွေ ဖြစ်လာပြီး နိုင်ငံ့စီးပွားရေး ချွတ်ခြုံကျ ပျက်စီးသွားပါတယ်။ ဒါကြောင့် မြန်မာလုပ်သားတွေအတွက်ကတော့ ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်ခွင့်ရပြီး အိမ်ကို ငွေပြန်ပို့နေနိုင်တာကိုက ကံကောင်းလှပြီလို့ ယူဆကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မဲဆောက်လို ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က ဒေသတွေမှာ ဒီပြဿနာက ပိုကြီးနေပါတယ်။
ဒီဒေသတွေက အထည်ချုပ်စက်ရုံတွေ၊ စိုက်ခင်းတွေဟာ မြန်မာနိုင်ငံဘက်က ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို အမြတ်ထုတ်ပြီး ဈေးပေါပေါနဲ့ ခိုင်းနေကြပါတယ်။ လယ်ယာစိုက်ပျိုးရေးလို တရားဝင် စာရင်းအင်းမရှိတဲ့ လုပ်ငန်းတွေမှာဆိုရင် လုပ်ခ တစ်ရက်ကို တစ်ဒေါ်လာလောက်ပဲရှိတဲ့ ၃၆ ဘတ်ပဲပေးပြီး ခိုင်းနေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က လက်ကိုင်အိတ်ချုပ်တဲ့ စက်ရုံတစ်ခုမှာ အပ်ချုပ်သမအဖြစ် အလုပ်လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာနိုင်ငံသူ မဇင်နွယ်ဦးဟာဆိုရင် ထိုင်းအစိုးရက တရားဝင် သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခထက်နည်းတဲ့ တစ်ရက်ကို ဘတ် ၂၀၀ လောက်နှုန်းနဲ့ အလုပ်လုပ်နေတာ ၁၀ နှစ်လောက် ရှိနေပါပြီ။
အနိမ့်ဆုံးလုပ်ခအတိုင်း မရပေမဲ့ အလုပ်ဆက်လုပ်ပြီး မြန်မာနိုင်ငံမှာ ကျန်ခဲ့တဲ့ မိသားစုကို ငွေပြန်ပို့ပေးနေရတယ်လို့ သူက ပြောပါတယ်။ ထိုင်းဘက်မှာ အနိမ့်ဆုံးလုပ်ခအတိုင်းရဖို့ထက် မြန်မာနိုင်ငံဘက်မှာ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတာကို ပိုစိုးရိမ်တယ်လို့ မဇင်နွယ်ဦးက ပြောပါတယ်။
“ကျွန်မ အခု မနည်းရုန်းကန်နေရပါတယ်။ ထိုင်းအစိုးရက အခြေခံလစာတွေ တိုးပေးလိုက်ပေမဲ့ မြန်မာဘက်မှာ ကုန်ဈေးနှုန်းတွေ ဆက်တက်နေမယ်ဆိုရင် လစာတိုးတဲ့အကျိုးကို ဘာမှခံစားရမှာ မဟုတ်ပါဘူး” လို့ သူက RFA ကို ပြောပါတယ်။
“ကျွန်မ မိဘတွေကို ထောက်ပံ့ချင်ပါတယ်။ ကျွန်မရဲ့ မောင်လေး၊ ညီမလေးတွေ ပညာကောင်းကောင်း မတတ်ရင် အလုပ်ကြမ်းသမားတွေပဲ ဖြစ်ကုန်ပါလိမ့်မယ်။ ဒီလို မဖြစ်အောင် ကျွန်မက အနစ်နာခံနေတာပါ” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာအလုပ်သမား တော်တော်များများဟာ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်အတိုင်း မရကြဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလွန်များပြားတဲ့ အထောက်အထားမဲ့ အလုပ်သမားတွေလည်း ရှိနေတာမို့ အနိမ့်ဆုံးလုပ်ခအတိုင်း မရတဲ့အလုပ်သမား ဘယ်လောက်များသလဲဆိုတဲ့ ကိန်းဂဏန်း အတိအကျသိရဖို့တော့ မလွယ်ကူပါဘူး။
ထိုင်းအစိုးရက အနိမ့်ဆုံးလုပ်ခကို တိုးမြှင့်ထားပေမဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ခတိုးမရကြတာနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးမှုမရှိတာက အဓိကပြဿနာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား စီမံချက်အဖွဲ့က စေ့စပ်ညှိနှိုင်းရေးမှုး Koreeyor Manuchae က ပြောပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင်ရောက်လာတဲ့ အထောက်အထားမဲ့ လုပ်သားတွေအတွက်တော့ မတရားခံနေရတာကို အာဏာပိုင်တွေဆီမှာ တိုင်ကြားလိုက်ရင် ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာ ကြောက်လို့ ဘယ်ကိုမှ မတိုင်ရဲကြဘူးလို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။
စာရွက်စာတမ်းရှိတဲ့ တရားဝင်လုပ်သားတွေတောင်မှ မတရားပြုမူခံရတာတွေကို တိုင်ကြားရင် အချိန်အကြာကြီး စုံစမ်းစစ်ဆေးလိမ့်မယ်ဆိုတာ သိကြပါတယ်။ ဒီလို စစ်ဆေးနေတဲ့ အတောအတွင်းမှာ သူတို့ အလုပ်ဖြုတ်ခံရမှာ အလုပ်ရှင်က အမျိုးမျိုးခြိမ်းခြောက် အနှောင့်အယှက်ပေးမှာကိုလည်း ကြောက်ကြပါတယ်။ မတရားပြုမူခံရတာကို တိုင်ကြားခဲ့ပြီး တရားရုံးမှာ စစ်ဆေးတဲ့ အဆင့်အထိရောက်အောင် လုပ်နိုင်ခဲ့တဲ့ အချို့အလုပ်သမားတွေကျတော့လည်း စီရင်ချက်ချဖို့ နှစ်နဲ့ချီပြီး စောင့်ရပြန်ပါတယ်။
“အလုပ်သမားတွေဟာ တရားရုံးမှာ ဖြေရှင်းရတဲ့အဆင့် မရောက်ချင်ကြပါဘူး။ တရားရုံးကနေ စီရင်ချက်ချဖို့ ခြောက်လကနေ တစ်နှစ်အထိ အချို့ဆိုရင် တစ်နှစ်ကျော်တဲ့အထိ ကြာတတ်ပါတယ်” လို့ အလုပ်သမားအရေး လှုပ်ရှားသူ Koreeyor က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက ထိုင်းနိုင်ငံမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခလစာတွေ တိုးမြှင့်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလကတော့ နောက်တစ်ကြိမ် ထပ်တိုးမယ်လို့ ထိုင်းလွှတ်တော်က ကြေညာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ဒေသတွေမှာ ဝန်ထမ်း ၅၀ အထက်ရှိတဲ့ ကြယ်လေးပွင့်ဟိုတယ်တွေမှာ ဝန်ထမ်းတွေကို အနိမ့်ဆုံးလုပ်ခ တစ်ရက်ကို ဘတ် ၄၀၀ ပေးရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလကတော့ အနိမ့်ဆုံးလုပ်ခ တစ်ရက်ကို ဘတ် ၄၀၀ ဆိုတဲ့ သတ်မှတ်ချက်ကို တစ်နိုင်လုံးအတိုင်းအတာနဲ့ တိုးချဲ့မယ်လို့ မနှစ်က ရွေးကောက်ပွဲအပြီး တက်လာတဲ့ အရပ်သားအစိုးရက ကြေညာခဲ့ပါတယ်။
ဒီအနိမ့်ဆုံးလုပ်ခတိုးမဲ့ ဆုံးဖြတ်ချက် အတည်ဖြစ်ဖို့အတွက် အလုပ်ရှင်၊ အလုပ်သမားနဲ့ အလုပ်သမားအရေး အရာရှိတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်ကော်မတီမှာ ဆွေးနွေးညှိနှိုင်းကြဦးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံရဲ့ လုပ်သားတာဝန်ကို အများဆုံးထမ်းထားရတဲ့ ရွှေ့ပြောင်းလုပ်သားတွေကတော့ အလုပ်သမားသမဂ္ဂ (ယူနီယံ) အဖွဲ့တွေ ဖွဲ့စည်ေဆောင်ရွက်ခွင့် မရှိတဲ့အတွက် ဒီဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်နိုင်ခြင်း မရှိပါဘူး။
ထိုင်းလုပ်ငန်းရှင်တွေနဲ့ စက်မှုလုပ်ငန်းအသင်းအဖွဲ့တွေကလည်း အနိမ့်ဆုံးလုပ်ခ တိုးတဲ့အထဲမှာ ရွှေ့ပြောင်းလုပ်သားတွေကို မထည့်ဖို့ တိုက်တွန်းနေကြပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေအတွက်ပါ အနိမ့်ဆုံး လုပ်ခကို တိုးလိုက်မယ်ဆိုရငေ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို အများဆုံး ထိခိုက်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ ပိုရတဲ့ လုပ်ခလစာတွေကို အိမ်ပြန်ပို့မှာ ဖြစ်တဲ့အတွက် လုပ်ခတိုးရပေမဲ့ ထိုင်းနိုင်ငံဘက်မှာ ဘာမှ အကျိုးခံစားရမှာ မဟုတ်ဘူးလို့ အကြောင်းပြကြပါတယ်။
ထိုင်းစီးပွားရေးအလုပ်ရှင်များ ကွန်ဖက်ဒရေးရှင်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှုးချုပ် Chaiyan Charoenchokethavee ကဆိုရင် ရွေ့ပြောင်းလုပ်သားတွေအတွက် အနိမ့်ဆုံးလုပ်ခ တိုးစရာအကြောင်းမရှိဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။
“အနိမ့်ဆုံးလုပ်ခ တိုးလိုက်ရင် ထိုင်းစီးပွားရေးလုပ်ငန်းတွေ ထိခိုက်မဲ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ ဒီငွေတွေကို ထိုင်းနိုင်ငံဘက်မှာ သုံးစွဲမှာ မဟုတ်တဲ့အတွက် ထိုင်းနိုင်ငံအတွက်လည်း အကျိုးမရှိနိုင်ပါဘူး။ ဒါက အစိုးရရဲ့ မူဝါဒနဲ့ ဆန့်ကျင်နေပါတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလဲ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်တာကို မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံတွေ၊ အီလက်ထရောနစ်ပစ္စည်း စက်ရုံတွေနဲ့ ဆက်သွယ်ရေးပစ္စည်း စက်ရုံတွေလိုမျိုး နည်းပညာမြင့် လုပ်ငန်းတွေက ကျွမ်းကျင်လုပ်သားအချို့အတွက်ပဲ ကန့်သတ်ထားဖို့ ထိုင်းစက်မှုလုပ်ငန်းများ ဖက်ဒရေးရှင်း FTI က တောင်းဆို ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖိနှိပ်ခံနေရဆဲ
အခက်အခဲတွေကြား ရုန်းကန်နေဆဲ ထိုင်းရောက် မြန်မာများ
ထိုင်းနိုင်ငံရောက် MoU အလုပ်သမားရာနဲ့ချီပြီး စာချုပ်အတိုင်းအလုပ်မရ
FTI ရဲ့ ဒုဥက္ကဋ္ဌ Wiwat Hemmondharop ကဆိုရင် အနိမ့်ဆုံးလုပ်ခကို ရွှေ့ပြောင်းလုပ်သားတွေ အပါအဝင် အားလုံးအတွက် တိုးပေးမယ်ဆိုရင် ထိုင်းနိုင်ငံအတွက် အကျိုးမရှိနိုင်ဘူးလို့ ပြောပါတယ်။
“ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ရတဲ့ လုပ်ခတွေရဲ့ တစ်ဝက်လောက်ကိုပဲ ဒီမှာ သုံးစွဲပြီး ကျန်တာကို သူတို့မိသားစုတွေအတွက် ပြန်ပို့ကြတာ များပါတယ်။ ဒါကြောင့် သူတို့ကို လုပ်ခတိုးပေးရင် အိမ်နီးချင်းနိုင်ငံတွေ GDP တိုးလာအောင် ကူညီသလိုပဲ ဖြစ်ပါလိမ့်မယ်” လို့ သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောထားပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ ဒီလို အကြောင်းပြချက်မျိုးကို လက်မခံကြပါဘူး။
“အနိမ့်ဆုံးလုပ်ခဆိုတာ လူတစ်ယောက် ဘဝရပ်တည်ဖို့ အနိမ့်ဆုံးလိုအပ်တဲ့ ဝင်ငွေကို သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အနိမ့်ဆုံးလုပ်ခတိုးမှာကို မဆန့်ကျင်သင့်ပါဘူး” လို့ အလုပ်သမားရေးလှုပ်ရှားသူ Koreeyor က ပြောပါတယ်။
လုပ်ငန်းရှင်တွေ၊ စက်ရုံပိုင်ရှင်တွေအနေနဲ့လည်း ကိုယ့်အလုပ်သမားတွေအတွက် အနိမ့်ဆုံးပေးရမဲ့ လုပ်ခကိုတောင် မပေးနိုင်ရင် စီးပွားရေးမလုပ်သင့်ပါဘူးလို့ Koreeyor က ပြောပါတယ်။