ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖိနှိပ်ခံနေရဆဲ

RFA Burmese
2024.05.01
ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖိနှိပ်ခံနေရဆဲ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၄ မေလ ၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနား ကျင်းပနေကြစဉ်။
RFA

မေလ ၁ ရက်နေ့မှာကျရောက်တဲ့ (၁၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အဝေးရောက်ပြည်တွင်း အခြေပြုအလုပ်သမား အင်အားစုများအဖွဲ့က ဦး ဆောင်ကျင်းပခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးကြပါတယ်။

ထိုင်းတွေကိုပဲလုပ်ခွင့်ပေးတဲ့ အလုပ်လုပ်ကိုင်တဲ့အခါ ထိုင်းရဲတွေက ဖမ်းဆီးတယ်လို့ ထိုင်းအခြေစိုက် (JACBA) မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

"မိခင်ထိုင်းနိုင်ငံသားတွေမလုပ်တဲ့ အလုပ်ကြမ်းမျိုးစုံကို လုပ်အားခဈေးပေါပေါနဲ့ ထိုင်းနိုင်ငံရဲ့လုပ်ငန်းခွင် အသီးသီးမှာ ဝင်ရောက်လုပ်ကိုင်တာတော့အများကြီးပဲ၊ သို့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ စကစ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ထိုင်းကိုပိုပြီးတော့ ဒီရေအလား တိုးပွားလာတာပေါ့ ရွှေ့ပြောင်းလုပ်သား တွေက၊ ဒီလို မိခင်ထိုင်းနိုင်ငံသားတွေပဲ လုပ်ရမယ်ဆိုတဲ့ အလုပ်အကိုင်၂၈ မျိုးကို ထိုင်းရောက်ရွှေ့ပြောင်း လုပ်သားတွေက သွားပြီးတော့လုပ်မိတဲ့အခါမှာ အဖမ်းခံရတဲ့ဖြစ်စဉ်တွေဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အရေအတွက် သိသာထင်ရှားလာတယ်။’’

စစ်အာဏာမသိမ်းခင်က ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၆ ဒသမ ၈ သန်းရှိခဲ့ပြီး ခု ၇ သန်း ကျော်ရှိပြီလို့လည်း ဆိုပါတယ်။
မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ရွှေ့ပြောင်းလုပ်သား ဒေါ်လှရီဆန်း က ပြောပါတယ်။

"ဆောက်လုပ်ရေးလုပ်သားတွေဆိုရင် ယောက်ျားလေးတွေဆိုရင် ဘတ် ၂၃၀၊ ဘန်ကောက်ဘက်တွေမှာ ဆိုရင် လုပ်ခလစာ အပြည့်ရတယ်ပေါ့နော်၊ မဲဆောက်ဘက်မှာတော့ လုပ်ခလစာအပြည့်မရဘူးပြောရမှာ ပေါ့၊ ဘာဖြစ်လို့လည်းဆို ၂၃၀ ရတယ်၊ တချို့ဆိုရင် ည ၈ နာရီ ၉ နာရီ ဆင်းမှပေါ့နော် အထည်ကြေး ပွိုင့် စားနဲ့ချုပ်တာ ဘတ် ၁၆၀၊ ၁၃၀၊ ၁၀၀ လောက်ရတာမျိုးတွေရှိတယ်ပေါ့နော်၊ မြန်မာပြည်မှာဆိုရင်တော့ လုပ်ခလစာက လစဉ်ကုန်ပြီး ၅ ရက်နေ့ဆိုရင် ၅ ရက်နေ့တိကျတာမျိုးတွေ ရှိတယ်ပေါ့နော်၊ ဒီမှာကကျ တော့ပုံမှန်မရှိဘူး ၁၀ ရက်၊ ၁၅ ရက်၊ ရက် ၂၀လောက်အထိရှိတယ်ပေါ့နော်၊ အဲလိုရှိတဲ့အခါမှာ အလုပ် သမားတွေက စားဝတ်နေရေးအခက်အခဲဖြစ်လာတဲ့အခါကျတော့ အခြားဖက်ဆီက အတိုးများများနဲ့ ယူ ရတာမျိုးတွေလည်းရှိတယ် အကြွေးတွေများလာတယ်ပေါ့နော်။’’

စစ်အာဏာရှင်အမြစ်ဖြတ်ရေး တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေနဲ့ အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကလည်း တော်လှန်ရေးမှာ တတ်နိုင်သလောက် ပါဝင်နေကြပါတယ်။

စစ်အာဏာအမြစ်ပြတ်ဖို့က အဓိကအရေးကြီးတယ်လို့ မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဌ ဒေါ်တင်တင်ဝေက ဆိုပါတယ်။

"ပြည်တွင်းမှာ လုံးဝစားဖို့၊ နေဖို့မလုံလောက်တော့ဘူး၊ ဒါကြောင့်မို့ ပြည်ပကို ရွှေ့ပြောင်းအလုပ်သမား အဖြစ်ရွေးချယ်လာကြတယ်ပေါ့၊ ဒီဖက်ကိုရောက်လာတော့လည်း မြန်မာအလုပ်သမားတွေဖြစ်တဲ့ အတွက် ခွဲခြားဆက်ဆံခံနေရတုန်းပဲ၊ ဆက်ပြီးတော့လည်း ဒီဒဏ်တွေခံနေရတာပဲ၊ ကျွန်မတို့ မိုးလင်းက နေမိုးချုပ်အထိ ည ၁၁ နာရီ ၁၂ နာရီအထိချုပ်မှ တစ်နေ့ကို ဘတ် ၁၀၀ ရဖို့ ကျွန်မတို့ကြိုးစားပြီး အလုပ် သမားတွေက ချုပ်နေရတယ်၊ ဒီဟာတွေက ဘာကြောင့်လဲဆိုရင် စစ်အာဏာသိမ်းထားတဲ့ ကာလဖြစ်တဲ့အတွက် ဒီဒဏ်တွေက ခံနေရဦးမှာပဲ လက်ရှိအခြေအနေကတော့ အားလုံးအမြင်ပဲပေါ့နော် အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်၊ လုပ်ငန်းခွင်ထဲမှာ ဖိနှိပ်ခံရတယ်၊ အဓမ္မ ချိုးဖောက်ခံနေရတယ်၊ ဒီဒဏ်တွေကို ကျွန်မတို့အလုပ်သမားတွေက အလူးအလဲခံနေရမှာပဲ ဒါကြောင့်မို့အားလုံးကိုပါဝင်ပြီးတော့ စစ်အာဏာ ရှင်ပြုတ်ကျဖို့အတွက်ကို ပါဝင်ဖို့တိုက်တွန်းပါတယ်လို့။’’

မြန်မာနိုင်ငံအလင်းသစ် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် တွဲဖက်ဥက္ကဌ ဒေါ်တင်တင်ပြောကြား သွားတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။