တရားဝင်လုပ်သားအဖြစ် ထိုင်းရောက်လာသူတွေ တကယ်အလုပ်မရရှိ
2023.09.28

တရားဝင် MOU လုပ်သားအဖြစ် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအလုပ်သမား နှစ်ရာနီးပါး လပေါင်းများစွာကြာတဲ့အထိ အလုပ်မရဘဲ နေစရာမရှိ စားစရာမရှိဖြစ်နေကြပါတယ်။
သူတို့တွေဟာ ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်ရမယ်ဆိုတဲ့ အခွင့်အရေးအကြောင့် ငွေကြေး အနည်းဆုံး သိန်းနှစ်ဆယ်ကျော် အကုန်ကျခံပြီး ထွက်ခွာလာခဲ့ကြတာပါ။
ဒါပေမဲ့ ထိုင်းနိုင်ငံကို သူတို့ တကယ်ရောက်လာတဲ့အခါ စာချုပ်ပါအတိုင်း အလုပ်မရရှိကြဘဲ ဒုက္ခအခက်အခဲတွေ ကြုံနေကြရတာပါ။
ဘန်ကောက်မြို့က လေအေးပေးစက် (Air con) ထုတ်တဲ့ စက်ရုံမှာ အလုပ်ရမယ်ဆိုပြီး ငွေ ကျပ် ၂၆ သိန်း အကုန် အကျခံ ထွက်လာတဲ့ အလုပ်သမားတစ်ဦးက အခု သုံးလ ကြာတဲ့အထိ အလုပ်မရဘဲ အခက်အခဲတွေ့နေရတယ်လို့ ပြောပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ရမယ်ဆိုတဲ့အတွက် ငွေကြေးချေးငှားပြီး အလုပ်အကိုင်ရှာဖွေပေးတဲ့ ကုမ္ပဏီကို ဇနီးမောင်နှံ နှစ်ယောက်အတွက် ကျပ်ငွေ သိန်း ငါးဆယ်နီးပါး ပေးခဲ့ရတဲ့ မနီကလည်း အခုချိန်အထိ အလုပ်မရသေးတဲ့အတွက် သူတို့ရော ကျန်ခဲ့တဲ့မိသားစုပါ ဒုက္ခရောက်နေရတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ လေးလ ကထဲက ထိုင်းနိုင်ငံကိုရောက်လာခဲ့တဲ့ နောက်ထပ်အလုပ်သမား တစ်ဦးကလည်း အလုပ်မရှိတဲ့အတွက် မြန်မာပြည်မှာကျန်ခဲ့တဲ့ မိဘတွေဆီက ပြန်လည်ပြီး အထောက်အပံ့ယူနေရတယ်လို့ RFA ကို ပြောပါတယ်။
တရားဝင် နှစ်နိုင်ငံ သဘောတူညီချက် MOU စနစ်နဲ့ ထိုင်းနိုင်ငံမှာ စက်ပစ္စည်းတပ်ဆင်ရမယ်ဆိုပြီး ထိုင်းနိုင်ငံကို ရောက်လာခဲ့တဲ့ မြန်မာအလုပ်သမားတစ်ဦးလည်း ရှိပါသေးတယ်။
သူက တစ်လ ကျော်ဘဲ အလုပ်လုပ်ခဲ့ရပြီး အလုပ်က ရပ်နားခံခဲ့ရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ စားဝတ်နေရေးအခက်အခဲဖြစ်ပြီး အလုပ်မှာ ထိခိုက်ဒဏ်ရခဲ့တဲ့ ဒဏ်ရာတွေကို သူ့ကိုယ်ပိုင်ငွေနဲ့သူ ကုနေရတယ်လို့ ပြောပါတယ်။
ဒီမြန်မာအလုပ်သမားတွေအရေးနဲ့ပတ်သက်ပြီး ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ထိုင်းအစိုးရ အလုပ်သမားဥပဒေအရ MOU စနစ်နဲ့ တရားဝင်စေလွှတ်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ အလုပ်အကိုင်မရရှိဘဲ ၁၅ ရက်ကျော်လွန်လာရင် ကုမ္ပဏီက သတ်မှတ်ထားတဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးရမှာဖြစ်တယ်လို့ အလုပ်သမားတွေကို ကူညီနေတဲ့ AAC မဟာမိတ်အဖွဲ့ တာဝန်ခံ ကိုနေလင်းသူက ပြောပါတယ်။
လက်ရှိမှာ MOU နဲ့ ထွက်လာပြီး အလုပ်မရရှိတဲ့ အလုပ်သမား ၁၈၀ ကျော် ရှိနေပြီး သူတို့တွေကို စမွတ်စခွန် ခရိုင် မဟာချိုင်မြို့က AAC မဟာမိတ်အဖွဲ့ရဲ့ ဂေဟာမှာ စောင့်ရှောက်ကူညီထားတယ်လို့ ကိုနေလင်းသူက ပြောပါတယ်။
ဒီလိုအခက်အခဲတွေ ရှိနေပေမဲ့လည်း မြန်မာနိုင်ငံသားတွေဟာ ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာမှု၊ စားဝတ်နေရေးအခက်အခဲတွေကြောင့် MOU လမ်းကြောင်းကဖြစ်စေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော် လမ်းကြောင်းကဖြစ်စေ ထိုင်းနိုင်ငံကို ထွက်ခွာနေကြဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာအလုပ်သမားအရေအတွက် အတိအကျမသိရပေမဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အပြောအရ တရားမဝင် မြန်မာအလုပ်သမား တစ်သန်းကျော် ထိုင်းနိုင်ငံမှာ ရှိနေတယ်လို့ ဆိုပါတယ်။