လူကုန်ကူးမှုသားကောင်ဖြစ်လာနိုင်တဲ့ စစ်ဘေးဒုက္ခသည်တွေဘဝ
2022.05.23

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးဆိုတဲ့ စစ်ပွဲတွေကို ယူကရိန်းနဲ့ မြန်မာပြည်သူတွေ ရင်ဆိုင်နေရတာပါ။ ဒီစစ်ပွဲတွေကနေ လွတ်မြောက်ရေး ထွက်ပြေးကြတဲ့ ဒုက္ခသည် ဦးရေဟာလည်း နေ့စဉ် တိုးလာနေပါတယ်။
ဒီဒုက္ခသည်တွေကို ရက်ရက်ရောရော ကူညီနေသူတွေလည်း ရှိသလို၊ အကြင်နာကင်းမဲ့တဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ အမြတ်ထုတ်မယ့် အန္တရာယ်လည်း များလာတယ်လို့ မြန်မာနိုင်ငံ ရိုမန်ကက်သလစ် ရဟန်းအမတ် ချားလ်စ်မောင်ဘို အပါအဝင် နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့တွေက သတိပေးနေကြတာပါ။
ကိုဗစ်ကြောင့် အလုပ်အကိုင်ရှားပါးမှုနဲ့ နိုင်ငံရေးနဲ့ စစ်ရေးပဋိပက္ခတွေက ဒီလူတွေကို အန္တရာယ်တွင်းထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ဦးထူးချစ်ကပြောပါတယ်။
“အခုလက်ရှိ နွေဦးတော်လှန်ရေးမှာပါနေတဲ့ လူငယ်တွေ နိုင်ငံထဲမှာ မလုံခြုံတော့ဘူး။ အရင်ကဆိုရင် မိဘတွေကအစ ကိုယ့်သားသမီးတွေ နိုင်ငံခြားသွားဖို့ကို တားမြစ်တယ်။ သိပ်သဘောမတူကြဘူး။ အခုဆို မိဘတွေကအစ မရှိ ရှိတာကို ပေါင်နှံရောင်းချပြီးတော့ နိုင်ငံတကာကို သွားနေရတဲ့ အနေအထားဖြစ်တယ်။ အဓိက ထိုင်းတို့၊ မလေးရှားတို့ပေါ့။”
မြန်မာနိုင်ငံမှာ ဒုက္ခသည်အရေအတွက်ဟာ အရင်က ၁ သန်းလောက်ပဲ ရှိရာကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၄.၄ သန်းအထိ သိသိသာသာ တိုးလာနေတယ်လို့ ကုလသမဂ္ဂနဲ့ အီးယူ ဥရောပသမဂ္ဂ က ပြောဆိုထားပါတယ်။
“သူတို့ရဲ့အသက်အန္တရာယ်တွေက အဲဒီဒေသမှာ ဆက်နေရင် အန္တရာယ်ရှိလာတယ်။ အဲဒါတွေကို လူကုန်ကူးတဲ့ ဂိုဏ်းတွေက သိတယ်။”
လူမှောင်ခိုဂိုဏ်းတွေက အထူးသဖြင့် တစ်ယောက်တည်း ခရီးသွားတဲ့သူတွေ၊ နိုင်ငံမဲ့ ဒါမှမဟုတ် ခရီးသွားအထောက်အထားမရှိတဲ့ ဒုက္ခသည်တွေကို ပုံစံမျိုးစုံနဲ့ မက်လုံးပေး စည်းရုံးကြတယ်လို့ အရပ်ဘက်အဖွဲ့တွေက သတိပေးနေတာဖြစ်ပါတယ်။
“အလုပ်အကိုင်တွေက ရှားလာတယ်။ သူတို့ရဲ့အသက်အန္တရာယ်တွေက အဲ့ဒီဒေသမှာ ဆက်နေရင် အန္တရာယ်ရှိလာတယ်။ အဲ့ဒါတွေကို လူကုန်ကူးတဲ့ဂိုဏ်းတွေက သိတယ်။ ပြည်တွင်းမှာရှိတဲ့ အသင်းအဖွဲ့တွေရယ်၊ နောက်တခု နိုင်ငံခြားမှာရှိတဲ့ ထိုင်းနဲ့ မလေးရှားတို့မှာထိုင်တဲ့ သူတို့က အမြဲတမ်း အချိတ်အဆက်ရှိတယ်။ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု Network ကြီးက အကြီးကြီးပဲ။ သူတို့က အဲဒီပြဿနာ အခက်အခဲတွေကို သိတယ်။ အဲ့ဒီအခက်အခဲတွေပေါ်မှာ အခြေခံပြီး မက်လုံးတွေ ပေးပြီးတော့ ပိုဆိုးတာ မိန်းကလေးငယ်တွေကို စည်းရုံးပြီး လုပ်နေတဲ့ ဂိုဏ်းတွေ မြန်မာပြည်မှာ တော်တော်များများရှိနေတယ်။”
မြန်မာနိုင်ငံသားတွေ အဓိကလူကုန်ကူးခံရတဲ့နိုင်ငံတွေကတော့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ အများဆုံးဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ အမ်စတာဒန်မြို့မှာ အခြေစိုက်ပြီး အဖွဲ့ဝင် ၈ နိုင်ငံပါဝင်တဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး La Strada International (LSI) အဖွဲ့ကတော့ အစိုးရတွေအနေနဲ့ ဒီဒုက္ခသည်တွေကို တရားဝင် မှတ်ပုံတင်ပြီး၊ အကူအညီတွေပေးကြဖို့ ဒီလဆန်းမှာပဲ တိုက်တွန်းထားတာပါ။
“လက်ရှိဖြစ်နေတဲ့ အခြေအနေကို လျော့နည်းအောင်လုပ်ရမယ်ဆိုရင် ၁ အချက် - မြန်မာအစိုးရအနေနဲ့ ရွှေ့ပြောင်းသွားလာမယ့် အလုပ်သမားတွေကို ပတ်စ်ပို့တွေ တရားဝင်သွားနိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ အကောင်ထည်ဖော် ဆောင်ရွက် ပေးရမယ်။ အစိုးရအနေနဲ့ အလုပ်သမားတွေနဲ့ လူကုန်ကူးမှုကို စနစ်တကျ ကာကွယ်မယ်ဆိုရင်တော့ လက်ရှိကျင့်သုံးနေတဲ့ ဥပဒေတွေကို အကောင်အထည် ဖော်နေတဲ့ အဖွဲ့အစည်းဌာနဆိုင်ရာတွေကို အသက်ဝင်အောင် လုပ်ရမယ်။ တချိန်တည်းမှာပဲ လူကုန်ကူးမှုနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေရှိတယ်။ အဲဒီအဖွဲ့တွေကိုလည်း ကြပ်ကြပ်မတ်မတ် ကိုင်ရမယ်။ ၂ အချက် - သွားရောက်အလုပ်လုပ်ကိုင်မယ့် နိုင်ငံတွေပေါ့ ထိုင်းနိုင်ငံတို့၊ မလေးရှားနိုင်ငံတို့ အဲဒီနိုင်ငံတွေမှာရှိတဲ့ အစိုးရရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေကိုလည်း စနစ်တကျ လေ့လာရမယ်။ သူတို့အနေနဲ့လည်း ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုတယ်။”
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက လူကုန်ကူးမှု အစီရင်ခံစာကို နှစ်စဉ်ထုတ်ပြန်လေ့ ရှိပြီး၊ ထိုင်းနိုင်ငံကို Tier-2 ဥပဒေစံနှုန်းတွေကို တချို့တစ်ဝက်ပဲ လိုက်နာတဲ့ နိုင်ငံအဖြစ် စောင့်ကြည့်အဆင့်မှာ သတ်မှတ်ထားပြီး၊ မြန်မာနိုင်ငံကိုတော့ စောင့်ကြည့်အဆင့် Tier-2 ကနေ အဆိုးဆုံးအဆင့် Tier-3 - လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် တားဆီးအရေးယူနိုင်ခြင်း မရှိတဲ့ နိုင်ငံအဖြစ် ၂ဝ၁၈ ခုနှစ်မှာ လျှော့ချခဲ့ပါတယ်။

ကုလသမဂ္ဂလက်အောက်ခံ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ကတော့ - ကမ္ဘာတဝန်း ဒီလူကုန်ကူးမှုကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ဝ ဒဿမ ၂ ဘီလီယံ အကျိုးအမြတ် ရနေကြတယ်လို့ ခန့်မှန်းထားပါတယ်။
ဒါဟာ လက်နက်မှောင်ခိုမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုမှုပြီးရင် ကမ္ဘာမှာ တတိယ အများဆုံး ဝင်ငွေရနေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာပဲ ဗာတီကန်မှာ Santa Marta Group က ခေတ်သစ် ကျေးကျွန်စနစ်နဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ညီလာခံတစ်ခုကို ကျင်းပခဲ့ပြီး၊ ဒီညီလာခံကို ကမ္ဘာတစ်ဝန်းက ဘာသာရေးခေါင်းဆောင်တွေ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေ တက်ရောက်ခဲ့ကြတာပါ။
ဒီညီလာခံမှာ ပုပ်ရဟန်းမင်းကြီး Francis ကလည်း - နည်းပညာနဲ့ ဆိုရှယ်မီဒီယာလို လူမှုကွန်ရက်တွေကို တွင်တွင်ကျယ်ကျယ် အသုံးချပြီး လူကုန်ကူးမှုကို အမြစ်ပြတ် ချေမှုန်းဖို့ တိုက်တွန်းခဲ့ပါတယ်။