စစ်ကောင်စီပြန်လည်ဖွင့်လှစ်မည့် မြန်မာ့ခရီးသွားလုပ်ငန်း အောင်မြင်နိုင်ပါ့မလား

2021.12.18
စစ်ကောင်စီပြန်လည်ဖွင့်လှစ်မည့် မြန်မာ့ခရီးသွားလုပ်ငန်း အောင်မြင်နိုင်ပါ့မလား ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို တွေ့ရစဉ်
Photo: RFA

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေတဲ့အချိန်အတွင်းမှာပဲ နိုင်ငံတကာခရီးသွားတွေကို ၂၀၂၂ ခုနှစ် ပထမ လေးလအတွင်း ပြန်လည်လက်ခံသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို သတ်မှတ်ထားတဲ့အတိုင်း ထိုးပြီးချိန်လည်းဖြစ်၊ ကမ္ဘာနဲ့အဝှမ်းကူးစက်နှုန်းလည်း လျော့ကျသွားမယ့်အချိန် ဖြစ်တာကြောင့် ၂၀၂၂ နှစ်ဦးမှာ ခရီးသွားလုပ်ငန်းကို ပြန်စမှာလို့ စစ်ကောင်စီက ခန့်အပ်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်က တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီက ခရီးသွားလုပ်ငန်း ပြန်စတင်မယ်ထုတ်ပြန်ပေမယ့် နိုင်ငံခြားခရီးသွားတွေက မြန်မာနိုင်ငံကို သွားဖို့ ဆန္ဒရှိကြပါသလား။

"ကျမကတော့ လုံးဝမသွားပါဘူး။ တစ်ကမ္ဘာလုံးကလည်း စစ်တပ်က ဘာတွေလုပ်နေတာလဲဆိုတာ မြင်နေပါတယ်။ တခြားသူတွေလည်း ခုလို တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းပြည်ကို သွားဖို့ ဆန္ဒရှိကြမှာ မဟုတ်ပါဘူး။ အားလုံးက မသွားဘူးလို့ ပြောကြမှာပါပဲ။ နိုင်ငံအစိုးရတွေကလည်း ဒီလိုကာလမျိုးမှာ မြန်မာနိုင်ငံကို မသွားကြဖို့ သူတို့နိုင်ငံသားတွေကို သတိပေးထုတ်ပြန်ထားပါတယ်။ ဒီလို သတိမပေးလည်း ကမ္ဘာလှည့်ခရီးသည်တွေက စစ်အုပ်ချုပ်မှုကို သပိတ်မှောက်တဲ့အနေနဲ့ မြန်မာပြည်ကိုသွားကြမှာ မဟုတ်ပါဘူး"

မြန်မာနိုင်ငံမှာ NGO ဝန်ထမ်းအနေနဲ့ လေးနှစ်နေထိုင်ခဲ့ဖူးသူဖြစ်တဲ့ ဆွီဒင်နိုင်ငံသား စာရေးဆရာမ ဟယ်လင်နာ သော်ဖင်း ပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုကလည်း အရှေ့တောင်အာရှဒေသအတွင်း ကိုဗစ်-၁၉ ကူးစက်မှု အမြင့်မားဆုံးထဲမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့်ရော၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြသနာတွေကြောင့်ပါ မြန်မာနိုင်ငံကို သူ့နိုင်ငံသားတွေကို သတိပေးထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို စစ်တပ်က ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းနှိမ်နင်းမှုတွေကြာင့် နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ထပ်ဆင့် သတိပေးထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မြန်မာ့ခရီးသွားလုပ်ငန်း ပြန်စဖို့ဖြစ်နိုင်မလားဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း မှာ ခရီးသွားလုပ်ငန်းကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ပြီး အာဏာသိမ်းမှုကြောင့် ရပ်နားထားရတဲ့ ခရီးသွား လုပ်ငန်းရှင် တစ်ယောက်က ခုလိုပြောပါတယ်။

"သူတို့ပြန်စတာက စလို့ရတယ်။ အောင်မြင်ဖို့ကတော့ မဖြစ်နိုင်ဘူး။ အောင်မြင်မှုရာခိုင်နှုန်းကတော့ 0% လို့ပဲ မြင်ပါတယ်ခင်ဗျ။ ဘာလို့လဲဆိုတော့ ခရီးသွားလုပ်ငန်းက တခြားလုပ်ငန်းတွေလို မဟုတ်ပါဘူး။ ဝန်ဆောင်မှု လုပ်ငန်းဖြစ်တဲ့အတွက် ဝုန်းဒိုင်း လုပ်လို့မရပါဘူး။ လတ်တလော နိုင်ငံရေးအခြေအနေတွေ ကြောင့် ဘယ်လိုမှ ခရီးသွားဧည့်သည် လာနိုင်တဲ့အနေအထားလည်း မရှိဘူး။ အင်တာနက်ပေါ်မှာ ဆိုရင် လည်း အနောက် ဥရောပနိုင်ငံတွေက ကျနော်တို့နိုင်ငံကို မသွားသင့်တဲ့နိုင်ငံတောင်မှ အနီရောင်အဆင့် သတ်မှတ်ထားတာလေ။ ဒီတော့ ခရီးသွားလုပ်ငန်းပြန်စမယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့အခြေအနေကို တကယ်ကို မလိမ်မညာတမ်းသိဖို့တော့ လိုပါတယ် ခင်ဗျ"

မြန်မာနိုင်ငံဟာ ကမ်းခြေတွေ၊ တောင်တန်းတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေ၊ မပျက်ယွင်း သေးတဲ့ သဘာဝတောတောင်ဒေသတွေ၊ မြစ်ကြောင်းခရီးလမ်းတွေ၊ ကျွန်းစုတွေ အစုံအလင်ရှိတဲ့အပြင် တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုအစုံအလင်ရှိတဲ့ နိုင်ငံဖြစ်တာကြောင့် နိုင်ငံ တည်ငြိမ်အေးချမ်းမယ်ဆိုရင် ပြည်တွင်း၊ ပြည်ပခရီးသွားတွေ စိတ်ဝင်စားတဲ့နိုင်ငံ ဖြစ်ပါတယ်။

ပထဝီဝင် ရေမြေအနေအထားနဲ့ ယဉ်ကျးမှုဓလေ့ထုံးစံတွေကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်ဖို့ကောင်းတဲ့ နိုင်ငံဖြစ်ပေမယ့် မခိုင်မာတဲ့ ဥပဒေနဲ့ စနစ်၊ မတည်ငြိမ်တဲ့ မူဝါဒတွေကတော့ ခရီးသွားလုပ်ငန်းအတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

"ကိုယ့်နိုင်ငံမှာ ခိုင်မာတဲ့ဥပဒေ မရှိဘူးဆိုရင် ဘယ်သူမှ မလာချင်ဘူးလေ။ အခု အာဏာသိမ်းတဲ့ကိစ္စမှာပဲ ကြည့်ကြည့်လိုက်။ ဒါ.. ခိုင်မာတဲ့ဥပဒေမရှိလို့ ဒီလိုဖြစ်သွားတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆို ဥပမာ.. ထိုင်းဆို အာဏာသိမ်းတာ ကျနော်တို့နိုင်ငံထက်တောင် သိမ်းသေးတယ်။ ဒါပေမဲ့ ဘာတွေများ စီးပွားရေး ကို ကြီးကြီးမားမား ထိခိုက်သွားလဲ။ ဘာလို့မထိခိုက်လဲ၊ သူတို့မှာ သေချာခိုင်မာတဲ့ ဥပဒေတွေ ပြဌာန်း ထားတာကိုး။ ကျနော်တို့ဆီမှာက အဲဒီလိုမဟုတ်ဘူးလေ။ ဥပဒေက ဥပဒေပဲ။ လုပ်ချင်တာလုပ်ချင်တာပဲ။ ပြီးတော့ ဝန်ကြီးဌာနအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတယ်။ ဒီဝန်ကြီးဌာနက သွားခွင့် ပြုပြီး ဟိုဝန်ကြီးဌာန က သွားခွင့်မပြုတာက ရှိသေးတယ်။ ဒါမျိုးတွေကလည်း ကျနော်တို့ ခရီးသွား လုပ်ငန်းမှာ အမြဲကြုံတွေ့ နေရတာ ရှိသေးတယ်။ ထားပါတော့ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ဟိုတယ်ခရီးဌာန၊ ဟိုတယ်ခရီးနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အချိတ်အဆက်ကမ မိဘူး။ ဒါတောင် ကောင်းနေတဲ့ ကာလ မှာနော်..။ ခုလိုမကောင်းတဲ့ ကာလမှာတော့ ပြောဖို့တောင် မလိုတော့ဘူး"

စစ်ကောင်စီရဲ့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာထွန်း ကတော့ ခရီးစဉ်တွေကို အန္တရာယ်ကင်းပြီး အဆင်ပြေအောင် စီစဉ်နိုင်ရင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားပြီးသား နိုင်ငံခြားခရီးသွားတွေကိုလက်ခံဖို့ စီစဉ်ထားပါတယ်လို့ နိုဝင်ဘာလဆန်းပိုင်းက CNN သတင်းဌာနကို ဖြေကြား ထားပါတယ်။

"မြန်မာပြည်ကို ခရီးသွားဖို့ သင့်တော်တဲ့ အစိုးရကိုပဲ စောင့်ကြမှာပါ"

ဒါပေမဲ့ ဟယ်လင်နာသော်ဖင်းကတော့ နိုင်ငံတကာ ခရီးသွားတွေဟာ မြန်မာနိုင်ငံထဲမှာ လည်ပတ်ဖို့ စိတ်ချ ယုံကြည်ရတဲ့အစိုးရကို စောင့်ကြမှာပဲလို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ပြန်စဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ လူတွေက ပဋိပက္ခတွေ ဖြစ်နေတဲ့နေရာကို သွားဖို့ စိတ်မဝင်စားကြဘူး။ ကြောက်ကြတယ်။ မြန်မာပြည်ကို ခရီးသွားဖို့ သင့်တော်တဲ့ အစိုးရကိုပဲ စောင့်ကြမှာပါ"

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံတကာခရီးသွားတွေကို ဝင်ရောက်ခွင့်မပြုခဲ့ရာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မငြိမ်သက်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ၈၈ ရာခိုင်နှုန်းထိ လျော့ကျ သွားခဲ့ပါတယ်။

ဒီကာလတွေအတွင်း ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတွေနဲ့ မြစ်ကြောင်းသွား ခရီးသွားလုပ်ငန်းတွေလည်း မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့ကြပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ နိုင်ငံတကာအစိုးရတွေက သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံဆီ မသွားရောက်ဖို့ တားမြစ်ထားတာတွေကြောင့် ဒီကာလအတွင်း ခရီးသွားလုပ်ငန်းက ဝင်ငွေ ပြန်လည် ရရှိဖို့ဆိုတာ မဖြစ်နိုင်သလောက် အခြေအနေဖြစ်တယ်လို့ ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းတွေက မှတ်ချက်ပေးကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။