စစ်အာဏာသိမ်း တစ်နှစ်အတွင်း ချင်းတိုင်းရင်းသား ၂၀၀ နီးပါး အသတ်ခံရ

2022.02.10
စစ်အာဏာသိမ်း တစ်နှစ်အတွင်း ချင်းတိုင်းရင်းသား ၂၀၀ နီးပါး အသတ်ခံရ ကလေးမြို့နယ် ကြံသာရွာကနေ ဟားခါးမြို့ရှိ ချင်းစစ်‌ဘေးဒုက္ခသည်စခန်းကို ၂၀၂၂ ဖေဖော်ဝါရီ ၇ ရက်နေ့က ရောက်လာသူတွေကို တွေ့ရစဥ်
Photo: The Chin Journal

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ စစ်အာဏာသိမ်း တစ်နှစ်တာကာလအတွင်း ချင်းလူမျိုး ၂၀၀ နီးပါး အသတ်ခံရပြီး၊ ၉၀၀ ကျော် အဖမ်း ခံထားရကြောင်း  ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ RFA က ဆက်သွယ်မေးမြန်းစဥ် ချင်းရေးရာ အဖွဲ့ချုပ်နဲ့ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်တဲ့ NUG အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာ ဆာဆာ က  ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ရဲနဲ့ စစ်တပ်ရဲ့ ဖျက်ဆီးမှု၊ မီးရှို့မှု၊ ကာလကြာရှည် ဝင်ရောက်တပ်စွဲမှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်းတွေ အပါအဝင် ဘာသာရေးအဆောက်အအုံ ၅၀ ကျော် ပျက်စီး ပြီး၊  လူနေအိမ် အလုံး ၉၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

 ဒါဟာ စစ်ကောင်စီဘက်က ချင်းလူမျိုးတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ၊ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက်မှု အများဆုံးလို့ ပြောလို့ရတာပေါ့နော်။ နေအိမ်တွေ ဖျက်ဆီးတာမျိုးဆိုရင် အိမ် ၉ဝဝ နီးပါးလောက်ထိ စစ်ကောင်စီက မီးရှို့တယ်။ ထန်တလန်အပြင်ကို ဖလမ်းမြို့နယ်ထဲမှာ ဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါးကို တစ်ကြိမ်တည်း မဟုတ်ဘူး။ နှစ်ကြိမ်၊ သုံးကြိမ် ဝင်ပြီး တော့မှ ရွာလုံးကျွတ် မီးရှို့တဲ့ဟာတွေပါတယ်။ ဒီလိုအချက်တွေကို ကြည့်ခြင်းအားဖြင့် သူတို့ စစ်တိုက်ရင်းနဲ့ မတော်တဆလုပ်မိတာမျိုး မဟုတ်ဘူး။ ဒါရည်ရွယ်ချက်ရှိရှိနဲ့ ချင်းလူမျိုး ချင်းတိုင်းရင်းသားတွေကို ဦးတည်ပြီးတော့ ချင်းတော်လှန်ရေးတပ်သားတွေ တင် မဟုတ်ဘူး ချင်းအရပ်သားတွေအပေါ်ကိုပါ ပစ်မှတ်ထားပြီးတော့ လူသားမျိုးနွယ် ကို ကျူးလွန်တဲ့ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတယ် ဆိုတာကို လုံးဝထင်ရှားနေတယ်”

စစ်အာဏာသိမ်း တစ်နှစ်အတွင်း ဖမ်းဆီးခံထားရတဲ့ လူ ၉၀၀ ကျော်မှာ ချင်းလူမျိုး ခရစ်ယာန်ဓမ္မဆရာ ၁၈ ယောက်ပါဝင်ပြီး အဲဒီထဲက လေးယောက်ကတော့ အသတ်ခံ ခဲ့ရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရိုးရာဓလေ့ အမဲလိုက်ရာမှာ တူမီးသေနတ်ကို အသုံး ပြုလေ့ရှိတဲ့ ချင်းတိုင်းရင်းသားတွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက် လက်နက်မဲ့ဆန္ဒပြ သူတွေ ဖိနှိပ်သတ်ဖြတ်ခံရချိန်မှာတော့ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံး စတင်ခဲ့ကြပါတယ်။

ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ စတဲ့မြို့နယ်တွေမှာ ဒေသကာကွယ်ရေး CDF တပ်တွေ အသီးသီး ပေါ်လာပြီး ၂၀၂၁ ဧပြီလထဲမှာ စစ်ကောင်စီတပ်နဲ့ မင်းတပ် CDF တို့ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ခဲ့တာပါ။

လက်နက်ကိုင်ခုခံမှုတွေကြောင့် စစ်ကောင်စီဘက်ကလည်း ချင်းပြည်နယ်ကို လေကြောင်း၊ ကြည်းကြောင်း နှစ်ဖက်ညှပ်ပြီး အင်အားသုံးတိုက်ခိုက်တာ၊ ကျေးရွာတွေကို မီးရှို့တာ၊ ချင်း တိုင်းရင်းသားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နှစ်ဖက်တိုက်ပွဲတွေမှာ အသေပစ်သတ်တာ တွေ လုပ်လာတာကြောင့် အခုလို သေဆုံးထိခိုက်မှု များရတာလို့လည်း ချင်းရေးရာအဖွဲ့ချုပ် နဲ့ CDF ခေါင်းဆောင်တွေက ပြောကြပါတယ်။

အစကတည်းက ဖွံဖြိုးမှုအနည်းဆုံးနဲ့ အဆင်းရဲဆုံးပြည်နယ်ဖြစ်ခဲ့တဲ့ ချင်းပြည်နယ်မှာ တန်းတူအခွင့်အရေးမရတာကြောင့် အခုချိန်မှာ လက်နက်စွဲကိုင် တော်လှန်နေတာလို့ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အဆင်းရဲဆုံးပြည်နယ်၊ နောက်ပြီးတော့ ခွဲခြားခံ၊ အပယ်ခံပုံစံမျိုးဖြစ်ခဲ့တယ်။ စစ်အာဏာရှင်လက်ထက် အဆက်ဆက်မှာ ကျွန်တော်တို့ ချင်းတွေဟာ တန်းတူရည်တူ တစ်ခါမှ မရခဲ့ဖူးဘူး။ အဲဒါကြောင့် စစ်အာဏာသိမ်းတဲ့ အချိန်မှာ ချင်းပြည်ထောင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပဲ ဖြစ်ဖြစ်ပေါ့။ အဲမှာ ကျနော်တို့က ကိုယ်ပိုင်အုပ်ချုပ်နိုင်မှ ကိုယ်တိုင်အုပ်ချုပ်ရေးအရ အုပ်ချုပ်နိုင်မှ ချင်းပြည်နယ် တိုးတက်လာမယ့် အခြေအနေမှာရှိတဲ့အတွက် လက်နက်စွဲ ကိုင်တိုက်တဲ့အထဲမှာ ပေါ်ပေါ်ထင်ထင်ဖြစ်နေတာ ဖြစ်လိမ့်မယ်ဗျ”

လူဦးရေ ငါးသိန်းကျော်ရှိတဲ့ ချင်းပြည်နယ်မှာ လူဦးရေ တစ်သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲဒီအထဲက သုံးသောင်းလောက်ကတော့ အိန္ဒိယနိုင်ငံဘက် ထွက်ပြေး ခိုလှုံသွားတယ်လို့ CDF ခေါင်းဆောင်တွေ၊ ဒေသခံတွေနဲ့ ချင်းရေးရာအဖွဲ့ချုပ် တာဝန်ရှိသူ တွေက ပြောပါတယ်။

"ချင်းအရပ်သားတွေအပေါ်ကိုပါ ပစ်မှတ်ထားပြီးတော့ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေတယ်"

အခုချိန်ထိ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးအယောက် ၃၀ စစ်ရှောင်ရင်း သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ မင်းတပ်မြို့ခံတစ်ဦးက RFA ကို  ပြောပါတယ်။

“ကျွန်တော်တို့ မင်းတပ်က ဧပြီလကစတင်ပြီး တိုက်ပွဲတွေဖြစ်လာတယ်။ တောက် လျှောက်တိုက်ပွဲတွေ ဖြစ်လာတဲ့အခါမှာ ပြည်သူတွေက ကြားထဲမှာ တောထဲတောင်ထဲ မှာ ရောက်တယ်။ စစ်ဘေးရှောင်ရင်းနဲ့ အသက်သေတဲ့ဟာတွေ အများကြီးရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှု မရှိတော့ဘူး။ ခက်ခဲနေတယ်။ အဲလိုဖြစ်တဲ့အတွက်ကြောင့် ဆုံးရှုံးနစ်နာမှုတွေက အများကြီးပဲ။ တိုက်ပွဲကာလမှာ။ နောက် ဟိုဘက်ကလည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လည်း ဖွဲ့ကြတယ်။ လူတွေကတော့ တစ်ရွာပြီး တစ်ရွာပြောင်း၊ တပ်မတော်တွေကလည်း စစ်ကြောင်းသွားတဲ့အခါမှာ ရွာထဲမနေရဲ ဖြစ်ကြတဲ့အခါမှာ မိမိရွာစွန့်ပြီးတော့မှ အိုးအိမ်တွေကို ထွက်ခွာတဲ့သူတွေ အများကြီးရှိပါတယ်”

စစ်အာဏာသိမ်း တစ်နှစ်အတွင်း ချင်းပြည်နယ်က သေဆုံးမှု၊ ဖမ်းဆီးမှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ ပတ်သက်လို့  စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဒီကနေ့ ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လက်ခံဖြေကြားခြင်း မရှိပါဘူး။ 

(အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချပ်ပီကျေးရွာမှာ ချင်းစစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဥ်)  Photo: The Chin Journal
(အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချပ်ပီကျေးရွာမှာ ချင်းစစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဥ်) Photo: The Chin Journal

NUG အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဒေါက်တာ ဆာဆာ ကတော့ ချင်းလူမျိုးတွေ အပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို  ICJ နဲ့ ICC လို နိုင်ငံတကာ တရားရုံးတွေမှာ တရားစီ ရင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတယ်လို့ RFA ကို ပြောပါတယ်။

“ထန်တလန်မြို့မှာ အဲလိုနေအိမ် ၇ဝဝ ကျော်ကို မီးရှို့ဖျက်စီးတဲ့အခါမှာ စစ်ကောင်စီတွေ က ချင်းတွေက ချင်းတွေအိမ်ကို မီးရှို့တယ်လို့ သူတို့သတင်းဌာနတွေမှာ ပြောတယ်။ အားလုံးနားလည်ပြီး သတိရသေးတယ်လို့ ထင်တယ်။ ရိုဟင်ဂျာညီကို မောင်နှမတွေ ရွာမှာ ၂၀၁၇ ခုနှစ်လောက်မှာ အိမ်တွေကို စစ်သားတွေက သွားပြီးမီးရှို့တဲ့အခါမှာ ရိုဟင်ဂျာမောင်နှမတွေက သူတို့အိမ်ကို သူတို့မီးရှို့တယ်လို့ စစ်သားတွေက တပ်မတော်က ပြောခိုင်းတယ်။ အဲဒီစကားအတိုင်းပဲ ၂၀၂၁မှာ ချင်းပြည်သူလူထုမှာ ဖြစ်လာတယ်ဆိုတာက ကျွန်တော်တို့ အားလုံးနားလည်ဖို့လိုသလို ဒါတွေကို ကျွန်တော်တို့က လက်ပိုက်ပြီးတော့ပဲ မနေဘဲနဲ့ ကျွန်တော်တို့က ဒါတွေအားလုံးကို အထောက်အထားယူပြီးတော့ ကျွန်တော်တို့ ချင်းအသိုင်းအဝိုင်းက ချင်းလူမျိုး အနေနဲ့လည်း ICJ ကိုတက်နိုင်ဖို့ ICC ကိုသွားနိုင်ဖို့ အဲဒီအထောက်အထားနဲ့အတူ တရားစွဲနိုင်ဖို့၊ စစ်ခုံရုံးမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ သူတို့အပေါင်းအပါတွေ ချင်းပြည်နယ်မှာ ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့သူ အားလုံးတရားရုံးမှာ ခေါ်သွားနိုင်ဖို့အတွက် တဘက်ကနေ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်”

 စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံမှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေငြိမ်သက်ပြီး ချင်းပြည်နယ်တစ်ခုလုံး အေးချမ်းသွားရင် ကိုယ့်ရပ်ကိုယ်ရွာမှာ ပြန်လည်အခြေချ နေထိုင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ RFA ကို ပြောပါတယ်။

 

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။