တစ်နှစ်ပြည့်တော့မယ့် သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည်များ

ဇင်မာဝင်း(ဝါရှင်တန်ဒီစီ)
2022.11.29
တစ်နှစ်ပြည့်တော့မယ့် သောင်ရင်းမြစ်ဘေးက စစ်ဘေးဒုက္ခသည်များ သောင်ရင်းမြစ်ဘေးရှိ စစ်ဘေးဒုက္ခသည်များကို တွေ့ရစဉ်။
Citizen Journalist

၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီတပ်တွေ လေးကေ့ကော်မြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးမှာ အခုထိ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည် ရှစ်ထောင်ကျော်ရှိနေပါတယ်။

စစ်ဘေးရှောင်နေရတဲ့ကာလ ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာ အကူအညီ အထောက်အပံ့တွေလည်း လျော့နည်းလာတယ်လို့ လေးကေ့ကော်မြို့သစ် ရပ်ကွက် (၁) ကနေ စစ်ဘေးရှောင်လာတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ အခုပြေးလာတာ ဒီ ၁၂ လပိုင်း ၁၅ ရက်ဆို တစ်နှစ်ပြည့်တော့မယ်။ စားနပ်ရိက္ခာက နောက်ပိုင်း ကြာလာတော့ အလှူရှင်တွေလည်း သိပ်မထောက်ပံ့နိုင်ကြတော့ လိုအပ်မှုတွေ ရှိလာတာပေါ့”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ကေအန်ယူ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သူတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်တွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာကနေ စစ်ကောင်စီတပ်တွေနဲ့ KNU တို့ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေ အသုံးပြုခဲ့သလို လေယာဉ်နဲ့ပါ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်တာကို လေးကေ့ကော်မြို့သစ်နဲ့ မယ်ထော်သလေး၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ ပဟိကလော် စတဲ့ ရွာတွေ ပြင်းပြင်းထန်ထန်ခံခဲ့ရတာပါ။ အဲဒီအချိန်က ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည် သောင်းနဲ့ချီ ထွက်ပြေးခဲ့ရတာပါ။

KZHH0306.jpg
လေးကေ့ကော်တိုက်ပွဲတွေကြောင့် ထွက်ပြေးရသည့် စစ်ဘေးဒုက္ခသည်များကို သောင်ရင်းမြစ်ကမ်းနားဘေးမှာ ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (MPA)

သောင်ရင်းမြစ်ဘေးမှာတော့ အခုချိန်ထိ ဒုက္ခသည်စခန်း ငါးခု ရှိနေပါတယ်။

ဒီဒုက္ခသည်တွေဟာ တစ်နှစ်နီးပါးအတွင်းမှာ ပြည်တွင်း ပြည်ပ အလှူရှင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေရဲ့ အကူအညီနဲ့ ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။

2022-01-06T000000Z_705474507_RC2LTR9RZHUN_RTRMADP_3_MYANMAR-POLITICS-THAILAND.JPG
ထိုင်းနိုင်ငံဘက်ခြမ်း မဲဆောက်မြို့မှ အလှူရှင်များ ထောက်ပံ့သည့် အကူအညီများကို သယ်ဆောင်ပြီး သောင်ရင်းမြစ်ကို ဖြတ်ကူးနေကြသူများကို တွေ့ရစဉ်။ (Reuters)

လတ်တလောမှာ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း ၁ ရဲ့ တာဝန်ခံက ပြောပါတယ်။

“အခုလောလောဆယ် ကျမတို့က ရိက္ခာအခက်အခဲရှိတယ်။ လှူတဲ့သူတွေက ကြာလာတော့ လက်ပန်းကျလာပြီလေနော်၊ လှူတဲ့အလှူရှင်က အများသောအားဖြင့် ထိုင်းဘက် မဲဆောက်ဘက်အခြမ်းကပဲရှိတယ်။ အဓိကက အခြေခံစားကုန်နဲ့ ဆန်က အခက်အခဲရှိတယ်။”

သူတို့ဟာ သောင်ရင်းမြစ်ဘေးကို စတင်ရောက်ရှိစဉ်က မြေစိုက် တာလပတ် အမိုးအကာတဲလေးတွေနဲ့ နေထိုင်ခဲ့ကြရပါတယ်။ မိုးတွင်းမှာ သောင်ရင်းမြစ်ရေတက်တာ မိုးကြီးတာတွေကြောင့် တဲတွေထဲ ရေဝင်တဲ့ဒဏ်ကို ခံခဲ့ကြရပါတယ်။

316463240_1151871968782511_1083308428717071543_n.jpg
သောင်ရင်းမြစ်ကမ်းဘေးတွင် ဒုက္ခသည်များ ရွက်ဖျင်တဲများဖြင့် နေထိုင်ရစဉ်။ (Citizen Journalist)

အဲဒီနောက် အလှူရှင်တွေအကူအညီနဲ့ ဝါးနဲ့ ဆောက်ထားတဲ့ တဲလုံးချင်းလေးတွေ ဆောက်ပြီး နေကြတာ ခြောက်လဝန်းကျင်သာရှိပါသေးတယ်။ ဒါပေမဲ့လည်း မကြာခင် မိုးတွင်းကာလရောက်တော့မှာဖြစ်လို့ နေစရာအတွက် ပူပန်နေရပြန်တယ်လို့ ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လာမယ့်မိုးတွင်းအတွက် အိမ်ကတော့ နေလို့မရနိုင်တော့ဘူး၊ ဘာလို့ဆို တိုင်တွေကလည်း အဆင်မပြေတော့ဘူး ဘေးအကာတွေကလည်း လုံးဝအဆင်မပြေတော့ဘူး လုံးဝ ပြန်ပြင်ဆောက်မှပဲ ရမယ် ဘာလို့လဲဆိုတော့ ဝါးပိုးစားတဲ့ ပြဿနာပေ့ါ၊ နောက်တာလပတ်တွေနဲ့ ကာထားတာဆိုတော့ တာလပတ်တွေက ကြွေကြကုန်ပြီလေ။”

လူလေးယောက်လောက် နေထိုင်နိုင်တဲ့ ၁၅ပေ ကျယ်တဲ့ ဝါးတဲတစ်လုံးဆောက်ဖို့ ကုန်ကျစရိတ် ငွေနှစ်သိန်းနီးပါး ရှိပါတယ်။

ဒုက္ခသည်တွေဟာ ဒီကာလမှာ ဝင်ငွေရဖို့ ပဲ နှုတ်တာ၊ ငရုတ်သီး ခူးတာ၊ ပြောင်းချိုးတာတို့လို နေ့စားအလုပ်တွေလည်း လုပ်ကိုင်ကြပါတယ်။ နေ့စားအလုပ်သမားခေါ်ရင် ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးပြီး သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေလည်း ရှိပါတယ်။

316563114_824510275271507_2874637657525814549_n.jpg
စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် တဲလုံးချင်းများကို တွေ့ရစဉ်။ (Citizen Journalist)

မိုးတွင်းကာလမှာ ထိုင်းဘက်ကူးပြီး နေ့စားသွားလုပ်ရင်းအပြန် သောင်ရင်းမြစ်ထဲ မျောပါသေဆုံးသွားတဲ့ ဒုက္ခသည်တချို့လည်း ရှိပါတယ်။

ဒီလိုနေ့စားအလုပ်လုပ်ကိုင်ကြသူတွေရှိသလို အရပ်ဖက်အဖွဲ့အစည်းတချို့ရဲ့အကူအညီနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်ကြသူတွေလည်း ရှိနေပါတယ်။

အသေးစား စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မီးသွေးဖုတ်တာ၊ ကရင်ရိုးရာဂျပ်ခုတ်လုပ်တာ၊ ငါးမွေးမြူတာနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေကြပါတယ်။

သူတို့ဟာ အသက်မွေးဝမ်းကျောင်းပညာလေးတွေသင်ရင်း အလုပ်လုပ်ကိုင်နေကြရပေမယ့် ကိုယ့်နေရပ်ကိုယ်ပဲ ပြန်ချင်တယ်လို့ ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ဘေးလည်း မရှောင်ချင်တော့ဘူး၊ မြန်မြန်လည်း ငြိမ်းချမ်းချင်ပြီ။ ကိုယ့်ရပ်ကိုယ်ရွာ ပြန်ရရင် အကောင်းဆုံးပဲ”

316136521_666794695161510_1997509297330697022_n.jpg
စစ်ဘေးဒုက္ခသည်များကို တွေ့ရစဉ်။ (Citizen Journalist)

စစ်ကောင်စီဘက်ကတော့ ပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစင်တာ (AHA Center) ကနေ အကူအညီပေးရေးအတွက် စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်ပြီး ဆောင်ရွက်နေတယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် ဒုတာဝန်ခံ စောလေးကပေါကတော့ တိုက်ပွဲတွေ မရပ်သေးတာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ မလုံခြုံမှုတွေနဲ့ပဲ နေထိုင်ကြရမှာဖြစ်တယ်လို့ ပြောပါတယ်။

“ခဏခဏ တိုက်ပွဲတွေဖြစ်နေတော့ အကြောက်တရားတွေ ဖြစ်နေပြီ။ ကိုယ့်ရွာထဲ ကိုယ်ပြန်နေတာတောင် ကျီးလန့်စာစားပြီး နေရမှာ။ ရွာကို ပြန်ပြီးနောက် တစ်ရက် နှစ်ရက်နေရင် တိုက်ပွဲပြန်ဖြစ်ပြန်ပြီ ထပ်ပြေးရပြန်ပြီဆိုတော့လေ မလုံခြုံမှုတွေကအရမ်းကြီးနေတယ်။”

တိုက်ပွဲနယ်မြေတွေဖြစ်တာကြောင့် ဒုက္ခသည်တွေဟာ သူတို့နေရပ်ပြန်တဲ့အခါ မြေမြှုပ်မိုင်းအန္တရာယ်ကြုံရမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်တပ် အာဏာသိမ်းထားတဲ့ လပေါင်း ၂ဝကျော်အတွင်း ကရင်ပြည်နယ်မှာ တိုက်ပွဲ ရှစ်ထောင်နီးပါး ဖြစ်ခဲ့တယ်လို့ ကေအန်ယူရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် လေးသိန်းနီးပါးရှိနေပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။