လေးကေ့ကော် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် နေစရာနဲ့ ကျန်းမာရေးကိစ္စ အခက်တွေ့

2021.12.29
လေးကေ့ကော် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် နေစရာနဲ့ ကျန်းမာရေးကိစ္စ အခက်တွေ့ လေးကေ့ကော် တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေကို သောင်ရင်းမြစ်ကမ်းနားဘေးမှာ ၂၀၂၁ ဒီဇင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်
MPA Photo

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၉ ရက် ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် မြို့ပေါ်အပြင် အနီးတဝိုက်ကျေးရွာ ၁၀ ခု လောက်က အရပ်သား တစ်သောင်းခြောက်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် လို့ KNU တာဝန်ရှိသူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့ပေါ်မှာ နေထိုင်သူတွေအပြင် ဖလူးကြီး၊ ဖလူးလေး၊ အင်ကြင်းမြိုင်၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး၊ မယ်ထော်သလေး၊ ပဟိကလော် စတဲ့ ကျေးရွာ ၁၀ ခုလောက်က အရပ်သားတွေ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

နယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ဘေးဒုက္ခသည် ခြောက်ထောင် ကျော်ကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မဲကုတ်ကင်း ရွာအစပ်က နွားခြံတစ်ခုမှာ ယာယီခိုလှုံခွင့်ပေးထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ထိုင်းဘက်ကို မကူးနိုင်ဘဲ မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းတလျှောက်နဲ့ သောင်ရင်းမြစ်ဘေးမှာပဲ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ကတော့ အခုချိန်ထိ နေစရာအတည်တကျမရှိဘဲ မကြာခဏ ရွှေ့ပြောင်း နေရတယ်လို့ ထိုင်း-မြန်မာနယ်စပ်မှာ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲ က ပြောပါတယ်။

“အခုကတော့ ထိုင်းဘက်ခြမ်းကိုတော့ ၆၀၀၀ ကျော် ခန့်မှန်းထားတယ်။ ဘာလို့လဲဆိုတော့ တချို့က ဝင်လိုက်၊ တချို့က ထွက်လိုက်နဲ့ အဲလိုမျိုး အနေအထားမျိုးတော့ရှိတယ်။ မတိကျ မသေချာသေးဘူး ပေါ့နော်။ နံပါတ်ကတော့။ ပြည်တွင်းဘက်ကတော့ ရွာပေါင်း ၁၀ ရွာကျော် ပြီးလို့ရှိရင် လူသောင်းနဲ့ ချီနေပြီ။ ကျမတို့ သိရသလောက်ပေါ့နော်။ သူတို့က တစ်နေရာနဲ့ တစ်နေရာ ထပ်ထပ်ရွှေ့နေတာလည်း ရှိတော့ လူဦးရေတော့ တိတိကျကျတော့ အခုထိ မရသေးဘူး။ ခန့်မှန်းခြေတော့ အဲလောက်အထိရှိ တယ်ပေါ့”

မြန်မာဘက်ခြမ်းက ဒုက္ခသည်တွေမှာ နေစရာနဲ့ စားစရာအပြင် အခုလို ဆောင်းရာသီမှာ အဝတ်အထည်၊ စောင်နဲ့ ကျန်းမာရေးကိစ္စအတွက် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ နော်ဆေးဆေး က ပြောပါတယ်။

သောက်သုံးရေ အခက်အခဲနဲ့ အိမ်သာလုံလောက်မှု မရှိတာကြောင့် ဒီဇင်ဘာ ၂၀ ရက်နေ့ကစလို့ မြန်မာ ဘက်ခြမ်း သောင်ရင်းမြစ်ဘေး ခိုလှုံနေတဲ့ဒုက္ခသည်တွေမှာ ဝမ်းရောဂါကူးစက်မှုဖြစ်ခဲ့ပေမဲ့ အခုတစ်ပတ် အကြာမှာတော့ ပြန်လည်ကောင်းမွန်လာပြီလို့လည်း ဒုက္ခသည်တွေနဲ့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

ထိုင်းဘက်ခြမ်းမှာလည်း နေစရာတစ်ခုကို ရအောင်စီစဉ်လိုက်ရပေမယ့် ရောက်လာတဲ့လူဦးရေက များလွန်းတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ ထိုင်းဘက်ခြမ်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

“ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘဲနဲ့ ရုတ်တရက်ကြီး လူပေါင်း ၅၀၀၀ ကျော်လောက်ကို လက်ခံရတာ ဖြစ်တဲ့အတွက် နေရာကတော့ မလုံလောက်ဘူး။ သူတို့ နွားတင်းကုတ်ဆိုတာက အမိုးအကာကတော့ ရှိပြီးသားပဲ။ သို့ပေမယ့် အောက်ခြေမှာ ပြန်လည်ရှင်းလင်းရတာတွေရှိတယ်။ ပြီးတော့ ရွက်ဖျင်တဲ ပုံစံတွေနဲ့ အသစ်တွေ ကွင်းပြောင်ထဲမှာ ထိုးပြီးတော့ ဒီလိုအချိန်ဆို ပူနေတာပေါ့။ အရမ်းပူတာပေါ့။ ညဘက်ဆိုလည်း ပလတ်စတစ်အခင်းနဲ့ပဲ အိပ်ရတာ။ အနေအထိုင်တွေကတော့ အခက်အခဲတွေ အများကြီးရှိပါတယ်”

နွားတင်းကုတ်လို နေရာတစ်ခုမှာ လူဦးရေ ငါးထောင်ကျော် ခြောက်ထောင်နီးပါးအတွက် ဖြစ်သလို စီစဉ်ရတာကြောင့် ကျန်းမာရေးအတွက် တကိုယ်ရည်သန့်ရှင်းမှုကိစ္စတွေဖြစ်တဲ့ ရေချိုးခန်းနဲ့ အိမ်သာလို ကိစ္စတွေမှာ အတော်အခက်အခဲဖြစ်တယ်လို့လည်း ကိုရဲမင်းက ဆိုပါတယ်။

လက်ရှိမှာ လူဦးရေနဲ့ညီမျှတဲ့ အိမ်သာလုံလောက်ဖို့အတွက် အိမ်သာကျင်းကို နေ့တိုင်းတူးနေရတယ်လို့လည်း ကိုရဲမင်းက ဆိုပါတယ်။ မြန်မာဒုက္ခသည်တွေဟာ လတ်တလောမှာ အလှူရှင်တွေကြောင့် စားဝတ်နေရေး အဆင်ပြေနေပေမယ့် ရေရှည်ရပ်တည်ဖို့ ခက်ခဲတယ်လို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြဝတီမြို့နယ် လေးကေ့ကော်ဒေသတဝိုက်မှာတော့ ဒီကနေ့ထိ နှစ်ဖက်တိုက်ခိုက်မှုတွေဆက်ရှိနေပြီး
စစ်ကောင်စီတပ်တွေက ကော့ကရိတ်-မြဝတီသွား အာရှအဝေးပြေးလမ်းမှာ အရပ်သားကားတွေကိုသုံးပြီး စစ်အင်အားတိုးချဲ့နေတယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ဘက်မှာလည်း စစ်တပ်ဘက်က လှုပ်ရှားမှုတွေရှိနေတာကြောင့် မူသယ်ဒေသမှာရှိတဲ့ ဒေသခံအရပ်သား ရာနဲ့ချီပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကရင်အမျိုးသားအစည်းရုံး KNU က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

"တပ်တွေ မရုပ်သိမ်းဘဲနဲ့ တိုးတိုးလာနေရင်တော့ ငြိမ်းချမ်းရေးဖြစ်စရာ အကြောင်းကိုမရှိဘူး"

စစ်ကောင်စီဘက်ကတော့ လေးကေ့ကော်မြို့သစ်ကလွဲပြီး အနီးအနားရွာတွေဖြစ်တဲ့ ထီးမယ်ဝါးခီး၊ မယ်ထော် သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပံနဲ့ ဖလူးကျေးရွာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ မနေ့ညပိုင်းက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ထိုင်းဘက်ခြမ်းမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တစ်ဦးက သောင်ရင်းမြစ်ကို ဖြတ်ကူးချိန် လက်နက် ကြီး ကျည်ဆန်တွေကြားမှာ အတော်ဒုက္ခရောက်ခဲ့ရတဲ့ သူ့ကိုယ်တွေ့ကို RFA ကို ပြန်ပြောပြထားပါတယ်။

“ရှောင်တဲ့အချိန်တုန်းကတော့ တော်တော်လေး အခက်အခဲရှိတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုရင် ညီမတို့ Camp ကို ပထမဦးဆုံး စပစ်တယ်ပေါ့နော်။ စပစ်တဲ့အချိန် Camp ရဲ့အနောက် မီးဖိုဆောင်ကို လက်နက် ကြီး ကျတယ်ပေါနော်။ လက်နက်ကြီးကျတဲ့အချိန်မှာ မြစ်ကို ဒီအတိုင်းပဲ ဖြတ်ကူးရတယ်။ ဖြတ်ကူးတဲ့ အချိန်မှာ ကလေးတွေ သက်ကြီးရွယ်အိုတွေအနေနဲ့ တော်တော်လေးကို ဒုက္ခ သုခနဲ့ ဖြတ်ကူးရတာပေါ့ နော်။ ဖြတ်ကူးနေတဲ့အချိန်မှာ မြန်မာစစ်တပ်ဘက်က သောင်ရင်းမြစ်ထဲကို ဟိုဘက်ကမ်းကနေ လှမ်းပစ်တာတွေရှိတယ်”

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက နယ်စပ် သောင်ရင်းမြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ခိုလှုံလာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် အရေအတွက်ဟာ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ၅,၃၅၈ ဦး ရှိသွားပြီလို့ နိုင်ငံတကာ သတင်းမီဒီယာတွေကို ပြောထားပါတယ်။

ထိုင်းလုံခြုံရေးအရာရှိတွေက မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို တိုးချဲ့ ပေးနေပြီး၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့လည်း တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ ကတော့ မြန်မာဘက်က ထွက်ပြေးလာသူတွေအတွက် ထိုင်းဘက်မှာ ဒုက္ခသည်စခန်းတွေ ထပ်ဆောက်မှာ မဟုတ်ဘဲ၊ အခြေအနေပေးရင် နေရပ်ပြန်ရမှာဖြစ်တယ်လို့ ဒီကနေ့ နိုင်ငံတကာသတင်းမီဒီယာတွေကို ထုတ်ပြောသွားပါတယ်။

(လေးကေ့ကော်က စစ်ဘေးဒုက္ခသည်တွေကို ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်) MPA Photo
(လေးကေ့ကော်က စစ်ဘေးဒုက္ခသည်တွေကို ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ရစဉ်) MPA Photo

ကေအဲန်ယူထိန်းချုပ်ရာနယ်မြေတွေမှာ စစ်တပ်က အခုချိန်ထိ တပ်စခန်းတွေပဲ တိုးချနေလို့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။

“တပ်တွေ မရုပ်သိမ်းဘဲနဲ့ တိုးတိုးလာနေရင်တော့ ငြိမ်းချမ်းရေးဖြစ်စရာ အကြောင်းကိုမရှိဘူး။ အဲဒါ ကြောင့် ဘာတွေဖြစ်သင့်လဲဆိုတော့ တပ်တွေရုပ်ပါ။ လူတွေရဲ့အပေါ်မှာ ရမ်းကားပြုမူနေသမျှတွေကို အကုန်အဆုံးသတ်ပါ။ လူတွေက ထွက်ပြေးနေတာ အလကားထွက်ပြေးနေတာ မဟုတ်ဘူးဗျ။ သူတို့ရဲ့ ခေါင်းပေါ်ကို သေနတ်တွေ ကျည်ဆန်တွေ ရောက်လာလို့ သူတို့ ထွက်ပြေးနေရတာ။ ဒါက ကမ္ဘာကို လိုက်လိမ်ညာလို့ မရဘူးလေ။ ဝါဒဖြန့်ချိရေးအနေနဲ့ လျှောက်ပြီးတော့ ဒါတွေ မလုပ်ပါဘူးလို့ ပြောလို့ လည်းမရဘူး”

မနေ့ညပိုင်းအထိ ကရင်ပြည်နယ်၊ မြဝတီမြိုနယ်က စစ်ကောင်စီတပ်စွဲထားတဲ့ လေးကေ့ကော်မြို့သစ်မှာ မီးလောင်မှုတွေကို မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငြိမ်းချမ်းရေးမြို့အဖြစ် သတ်မှတ်ထားတဲ့ လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA တပ်တွေ အကြား ဒီဇင်ဘာ ၁၅ ရက်နေ့က တိုက်ပွဲတွေ စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်ကစလို့ စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ကေအဲန်ယူဘက်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။