ကရင်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်နှစ်သောင်းကျော် နေရပ်ပြန်ဖို့ခက်နေ

2022.01.12
ကရင်မှာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်နှစ်သောင်းကျော် နေရပ်ပြန်ဖို့ခက်နေ ကရင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၂၁ ဒီဇင်ဘာ ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်နဲ့ ကော့ကရိတ်မြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်ရှိနေ ဆဲဖြစ်တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သောင်းကျော်ဟာ ဒီနေ့အချိန်ထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေက ပြောပါ တယ်။

ဒီနေ့မနက်ပိုင်းမှာလည်း လေးကေ့ကော်မြို့သစ် ဖလူးရွာဘက်မှာ လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကော့ကရိတ်မြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ခက်ခဲနေတာလို့လည်း ပြောကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက်မှာ ယာယီတဲတွေနဲ့ နေထိုင် နေကြရသလို အချို့ကလည်း ထိုင်းနိုင်ငံဘက်ခြမ်းက ယာယီစခန်းတွေမှာ သွားရောက်ခိုလှုံနေကြရတာပါ။

"လက်နက်ကြီးဒဏ်ကြောင့် ဟိုရွှေ့လိုက် ဒီရွှေ့လိုက်နဲ့ အကုန်ရွှေ့နေကြရတုန်းပဲ”

မြဝတီနဲ့ ကော့ကရိတ်မြို့နယ် အပါအဝင် တိုက်ပွဲတွေပြင်းထန်တဲ့ နေရာတွေကနေ ထွက်ပြေးတိမ်းရှောင်နေ ကြရသူဟာ လက်ရှိအချိန်အထိ လူပေါင်းနှစ်သောင်းကျော် ရှိနေဆဲဖြစ်တယ်လို့ ဒုက္ခသည်အရေး အကူအညီ ပေးနေတဲ့ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ (AAC) က ကိုရဲမင်းက ပြောပါတယ်။

“လောလောဆယ် ဒီစစ်ဘေးရှောင်ကတော့ မြဝတီတခွင်ပေါ့နော် လေးကေ့ကော်တိုက်ပွဲတွေရဲ့ အရှိန် ကြောင့် စစ်ဘေးရှောင်ရတဲ့သူဟာဆိုရင် သောင်းဂဏန်းဝန်းကျင် ရှိနေတယ်။ နောက်ထပ် ကော့ကရိတ် မြို့နယ်ခွင် နောက်တစ်နေရာမှာ ဆိုရင်လည်း စစ်ဘေးရှောင်ထောင်နဲ့ချီ ဖြစ်ပေါ်နေတယ်။ နောက်ထပ် စစ်ဘေးရှောင်ကတော့ ကရင်ပြည်နယ်အတွင်း ပြောမယ်ဆိုရင် တပ်မဟာ (၅) ဘက်က မူတြော်ခရိုင် ဘက်တွေမှာ ဆိုရင်လည်း စစ်ဘေးရှောင်တွေက အခုချိန်ထိ အိမ်မပြန်နိုင်ကြသေးဘူးပေါ့။ စစ်ဘေးရှောင် တွေ ရှိနေတာပေါ့။ အစုအဖွဲ့အများစုဆိုရင်တော့ အဲဒီနေရာတွေမှာ စစ်ဘေးရှောင်တွေရှိနေတာပေါ့။ ရွာတွေအနေအထား လူဦးရေအနေအထားအရ ခန့်မှန်းတွက်ချက်တယ်ဆိုရင်တော့ သေချာပါတယ်။ စစ်ရှောင်ဦးရေက နှစ်သောင်းအထက်မှာ ရှိပါတယ်။ အဲဒီထက်တောင် ပိုများကောင်းများပါလိမ့်မယ်”

လေးကေ့ကော်တစ်ဝိုက်က စစ်ဘေးရှောင်တွေဟာ နေ့တိုင်းလိုလို သောင်ရင်းမြစ်ကိုဖြတ်ပြီးတော့ ထိုင်းနိုင်ငံ ဘက်ကို ပြောင်းရွှေ့နေကြရပြီး ထိုင်းအစိုးရကတော့ ဒုက္ခသည်တွေကို နေရာပေးတာ၊ အလှူရှင်တွေလှူဒါန်း တဲ့ ပစ္စည်းတွေကို ခွင့်ပြုတာမျိုးကို လုပ်ဆောင်ပေးနေတယ်လို့ ထိုင်းနိုင်ငံရောက် စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းတွေကနေ ကိုယ့်နေရပ်ကို ပြန်သွားပြီးမှ တိုက်ပွဲတွေဆက်ရှိ နေလို့ ထိုင်းနိုင်ငံဘက်ကို နောက်ထပ်ပြန်လာသူတွေလည်း ရှိတယ်လို့ ထိုင်းနိုင်ငံရောက် စစ်ဘေးဒုက္ခသည် အမျိုးသမီး တစ်ဦးက RFA ကို ပြောပါတယ်။

"သောင်ရင်းမြစ်ဒီဘက် ထိုင်းနိုင်ငံဘက်မှာ လာခေါ်တာမျိုးတော့ မရှိဘူး။ မြန်မာဘက်အခြမ်းမှာ ဒုက္ခ သည်စခန်းတွေမှာ DKBA တို့လို အဖွဲ့အစည်းတွေက လာခေါ်ပေးတာမျိုးတော့ ရှိတယ်ရှင့်။ သူတို့ကတော့ ပြန်လာနေလို့ရတယ် ပြောပေမယ့် တကယ့်တကယ်က ကိုယ့်နေရပ် ပြန်သွားတဲ့သူတွေကနေ ပြောင်းသွား ပြီးမှ ဒုက္ခသည်စခန်းတွေကို ပြန်လာနေတဲ့သူတွေလည်း ရှိတယ်။ ပြန်သွားဖို့က ဘယ်လိုမှ မလုံခြုံဘူးပေါ့ တိုက်ပွဲကအမြဲ အချိန်မရွေး ဖြစ်နေတဲ့အတွက် လက်ရှိလည်း ဖြစ်နေတုန်းဆိုတော့"

စစ်ဘေးဒုက္ခသည်တွေဟာ အလှူရှင်တွေ ကူညီထောက်ပံ့တဲ့ စားစရာနဲ့ အကူအညီတွေကို အားထားနေထိုင် နေကြရပြီး လက်ရှိမှာလည်း မြန်မာနိုင်ငံဘက်ကို ပြန်လာဖို့ မဖြစ်နိုင်သေးတာကြောင့် ရေရှည်ရပ်တည်ဖို့ အတွက်ကို စိုးရိမ်နေရတယ်လို့ သူက ဆိုပါတယ်။

မြန်မာဘက်အခြမ်း သောင်ရင်းမြစ်ကမ်းတလျှောက် နေထိုင်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ မွေးကင်းစ ကလေးငယ်တွေနဲ့ နာမကျန်းသူဖြစ်သူတွေလည်း ပါဝင်ပြီး အဲဒီနေရာတွေမှာ ဆေးဝါးအလုံအလောက်မရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဆရာဝန်မရှိတာ စတဲ့အခက်အခဲတွေကို ကြုံနေရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ပြန်လည်နေရာချထားရေးအတွက် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“လေးကေ့ကော်ကိစ္စမှာဆိုရင်လည်း ကျနော်တို့ ဘယ်နေရာမှာဖြစ်ဖြစ် ကျနော်တို့ရဲ့ မူဝါဒကတော့ စစ် ဘေးရှောင်အဖွဲ့တွေကို IDP အဖွဲ့တွေကို သူ့နေရာနဲ့သူ အခြေချနိုင်ရေး ကျနော်တို့ အလေးထား ဆောင် ရွက်ပေးလျှက်ရှိတယ်။ ကချင်ပြည်နယ်မှာလည်း ကချင်ပြည်နယ်ဘက်ပေါ့နော်။ ကရင်ပြည်နယ်ဘက်မှာ ဆိုရင်လည်း လေးကေ့ကော်မှာဆိုရင် ကျနော်တို့ တိုက်ပွဲဖြစ်ပြီး နှစ်ရက်သုံးရက်လောက်အတွင်းမှာ ကျနော်တို့ ပြန်လည်ဖိတ်ခေါ်ပြီး ပြန်လည်နေရာချထားပေးတာတွေရှိတယ်။ IDP တွေနဲ့ပတ်သက်ပြီး သူ့နေရာနဲ့သူ ပြန်လည်အခြေချနေနိုင်အောင် အမြဲတမ်းဆောင်ရွက်ပေးလျှက်ရှိပါတယ်”

karen.jpg
(စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒွယ်လိုးမြို့နယ်ရှိ ဝါးခါ့ဒဲဆေးရုံ ပျက်စီးသွားခဲ့တာကို ၂၀၂၂ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်) Photo: KNU Mutraw

ကော့ကရိတ်မြို့နယ်အတွင်း KNLA တပ်နဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ကော့ကရိတ်မှာတော့ လေယာဉ်နဲ့ပစ်တာ နှစ်ကြိမ်ရှိပြီပေါ့။ ပထမတစ်ကြိမ် ပစ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း က တစ်ကြိမ်ပစ်တယ်ပေါ့နော်။ ဒီဘက်ကော့ကရိတ်ဘက်မှာ သုံးတဲ့လေယာဉ်တွေကတော့ ဟယ်ရီကော် ပတာတွေပေါ့။ ပြီးတော့ မနေ့ကရော ဒီနေ့ရော နည်းနည်းငြိမ်တယ်။ ဒါပေမဲ့ လေးကေ့ကော်ဘက်မှာတော့ မနက်ပိုင်းကတည်းက အမြှောက်ကုန်းကနေ ဖလူးဘက်ကို ပစ်နေတယ်။ ဒါဒီနေ့ပေါ့နော်။ လေးကေ့ကော် ဘက်မှာတော့ စစ်ရှောင်တွေက စဖြစ်တဲ့အချိန်ကနေ စပြီးတော့ ဒီနေ့ဒီချိန်ထိကို အခြေမကျဘဲနဲ့ ပြေးနေ ရတုန်းပဲ အကုန်ရွှေ့နေရတုန်းပဲ။ လက်နက်ကြီးဒဏ်ကြောင့် ဟိုရွှေ့လိုက် ဒီရွှေ့လိုက်နဲ့ အကုန်ရွှေ့နေကြ ရတုန်းပဲ”

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် လေးကေ့ကော် အနီးတဝိုက်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေကြောင့် ဒုက္ခသည်တွေဟာ အခြေတကျမရှိဘဲ တစ်နေရာကနေတစ်နေရာကို ထွက်ပြေးနေကြရဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီနေ့မနက်အစောပိုင်းကလည်း KNU မူတြော် (ဖာပွန်) ခရိုင် ဒွယ်လိုးမြို့နယ်အတွင်း ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ဆေးပေးခန်းနှစ်ခု ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-01-12 08:08

ဟွန်ဆန် ဂျပန် စကစ အဲ့ဒါ တိုးတက်မူလား