ထိုင်းရဲ့ လူသားချင်းစာနာထောက်ထားမှုစင်တာ မဲဆောက်နဲ့ ကရင်ပြည်နယ်မှာ ဖွင့်မည်

2024.02.10
ထိုင်းရဲ့ လူသားချင်းစာနာထောက်ထားမှုစင်တာ မဲဆောက်နဲ့ ကရင်ပြည်နယ်မှာ ဖွင့်မည် ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသည့် ကလေးငယ်အချို့အား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုအကူအညီပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Parnpree Bahiddha-Nukara ဟာ မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ သွားရောက်လေ့လာခဲ့ပါတယ်။

ခရီးစဉ်အပြီးမှာ ကူညီထောက်ပံ့ရေးအစီအစဉ်ကို တစ်လအတွင်း အကောင်အထည်ဖော်မှာဖြစ်ပြီး ထိုင်းနယ်စပ် မဲဆောက်နဲ့ ကရင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုကူညီပေးရေး စင်တာတွေ ဖွင့်လှစ်သွားမယ်လို့ ထိုင်းအစိုးရပြောခွင့်ရသူ မစ္စတာ Chai Wacharonke က ပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီ ၁ဝ ရက်နေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက် တာ့ခ်ခရိုင် မဲဆောက်မြို့ အမှတ် (၂) အကောက်ခွန်ဂိတ်ကနေ လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းတွေကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းကြရသူ လူဦးရေနှစ်သောင်းကို ရိက္ခာနဲ့ဆေးဝါးတွေပေးပို့ဖို့ ရည်ရွယ်တယ်လို့ ထိုင်းအစိုးရက ဆိုထားပါတယ်။

ဒီအစီအစဉ်ကို ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံကြက်ခြေနီအသင်းတွေကနေ ပူးပေါင်းလုပ်ဆောင်သွားဖို့ ပြီးခဲ့တဲ့လကုန်ပိုင်းက လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကနေ အတည်ပြုခဲ့တာလို့ ဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့ မြန်မာဒုက္ခသည်တွေဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ထိထိရောက်ရောက်နဲ့ပေးမယ်ဆိုရင် နယ်စပ်ဒေသတစ်လျှောက်က အဖွဲ့အစည်းတွေနဲ့ လက်တွဲဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"ဒီအကြမ်းဖက်စစ်အုပ်စုနဲ့ ဒါမှမဟုတ် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့အလုပ်လုပ်ပြီးတော့ သူတို့ကတစ်ဆင့်သွားမယ်ဆိုရင်တော့ ရှေ့မှာလည်း ကျွန်တော်တို့ အတွေ့အကြုံတွေအများကြီးရှိခဲ့ပါတယ်နော်၊ ဒါတွေဟာ တကယ်လိုအပ်နေတဲ့သူတွေဆီကို တိုက်ရိုက်မရောက်ဘဲနဲ့ ဒီအကြမ်းဖက် စစ်အုပ်စုလက်ထဲကိုပဲ ရောက်ပြီးတော့ပေါ့နော် ပြည်သူကိုကယ်ဖို့ပစ္စည်းတွေ ပြည်သူကိုကယ်မယ့်ငွေကြေးတွေကနေ ပြည်သူကိုပြန်ပြီး သတ်ဖြတ်တဲ့ ငွေကြေးတွေအဖြစ် ရောက်ရှိသွားတာတွေက သာဓကတွေ အများကြီးရှိခဲ့ပါတယ်၊ အဲအတွက်ကြောင့်မို့ပဲ တကယ်လိုအပ်နေတဲ့ ပြည်သူလူထုတွေဆီကို တိုက်ရိုက်ရောက်ရှိချင်တယ်ဆိုရင်တော့ နယ်မြေကို စိုးမိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ ဒီလိုကိစ္စမျိုးကို ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်ဒီလိုပဲ မှတ်ချက်ပြုချင်ပါတယ်ဗျ။’’

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့အန္တရာယ်ကြောင့် ထွက်ပြေးလာရတဲ့သူတွေ၊ တစ်ပြည်လုံးမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေလို့ နေရပ်စွန့်ခွာလာရတဲ့ စစ်ဘေးဒုက္ခသည်အများစုဟာ ထိုင်းနိုင်ငံနယ်စပ်တွေဆီ ရောက်နေကြပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ (Photo: RFA)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်တွင် လာရောက်ခိုလှုံနေသည့် စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က ကူညီထောက်ပံ့ပေးစဉ်။ (Photo: RFA)

ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီလက်အောက်ခံဖြစ်တဲ့ မြန်မာကြက်ခြေနီအသင်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ဆိုထားတဲ့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေဟာ ဒုက္ခသည်တွေဆီ ရောက်နိုင်မှာမဟုတ်ဘူးလို့ အရပ်ဖက်အဖွဲ့တွေက ဆိုကြပါတယ်။

အခုဒီအစီအစဉ်ကို ထိုင်းအစိုးရအနေနဲ့ ပြန်ပြီး သုံးသပ်သင့်တယ်လို့ မဲဆောက်မြို့အခြေစိုက် New Myanmar Foundation ရဲ့ ဒါရိုက်တာ ဒေါက်တာ စန်းအောင်က ထောက်ပြပါတယ်။

"ကျွန်တော်တို့ ဒုက္ခသည်တစ်ယောက်ပေါ့နော် စစ်ကြောင့်လည်းမဟုတ်ဘူး ကျွန်တော်တို့အများအကျိုးကိုလုပ်ရင်းနဲ့ လူ့အခွင့်အရေးကိုလုပ်ရင်းနဲ့ ဒီမိုကရေစီအရေးကိုလုပ်ရင်းနဲ့ တိုင်းပြည်အကျိုးကိုလုပ်ရင်းနဲ့ ကျွန်တော်တို့အဖမ်းခံရဖို့ထွက်ပြေးလာတယ်ဆိုရင် သူတို့မှာ နံပါတ်တစ်လိုတာက Protection ပဲ၊ သူတို့ ကိုအကာအကွယ်ပေးတဲ့လက်မှတ်တွေ၊ နံပါတ်နှစ်ကတော့ Shelter တွေ နေစရာထိုင်စရာတွေ၊ နံပါတ် သုံးကတော့ Basic Food ပေါ့ နံပါတ်လေးကတော့ Essantial Service တွေပေါ့ ကျွန်တော်မြင်တာက တော့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နံပါတ်ငါးကတော့ Income Genetration ပေါ့ သူတို့ရေရှည်မှာ ကျွန်တော်တို့ ဘယ်အဖွဲ့အစည်းကမှ Long Term ထောက်ပံ့နိုင်မှာ မဟုတ်ဘူး၊ အဲဒါတွေကို Step by Step လုပ်မယ်ဆိုရင်တော့ Camp ပဲဖွင့်ဖွင့် နောက်ကျွန်တော်တို့ မြို့ထဲမှာပဲထားထား ပြဿနာမရှိဘူး၊ ဒါပေမဲ့ Camp ထဲမှာဖွင့်ပြီးတော့ ခုနဟာတွေမရှိဘူးဆိုရင်တော့ အလကားပဲ၊ ဥပမာဆိုပါစို့ဗျာ မယ်လ Camp မှာဆိုရင် ပညာရေးမှာ အထက်တန်းပြီးရင် ဘာမှမရှိဘူး၊ ကျန်းမာရေးဆိုရင် ကျွန်တော်တို့ ဆရာဝန်တွေ အမြဲတမ်းမရှိဘူး၊ မယ်လ Camp က လူဦးရေ လေးသောင်းကနေ ခြောက်သောင်းကြားထဲမှာ ရှိတယ်၊ အဲဒီမှာ ဆရာဝန်တစ်ယောက်မှမရှိဘူး၊ ဆရာဝန်တွေက တစ်ပတ်မှာ နှစ်ခါပဲလာကြည့်တယ်၊ အဲဒါမျိုး Camp ဖွင့်လို့ကတော့ သိပ်ပြီးတော့အားမရှိဘူး၊ အဆင်မပြေဘူး’’

ဒုက္ခသည်တွေဟာ ကာလအချိန်ကြာလာတာနဲ့အမျှ နေထိုင်စားသောက်ရပ်တည်ရေးအတွက် ရွှေ့ပြောင်း လုပ်သားတွေအဖြစ် ရောက်ကုန်ကြတယ်လို့လည်း ဒေါက်တာ စန်းအောင်က ဆိုပါတယ်။

မဲဆောက်-မြဝတီ နယ်စပ်တလျှောက်ဟာ ကရင်ပြည်နယ်နဲ့အများဆုံးထိစပ်နေတာဖြစ်ပြီး စစ်ဘေးဒုက္ခသည်အများစုဟာလည်း ကရင်တိုင်းရင်းသားတွေဖြစ်ကြပါတယ်။ ကရင်အရပ်ဖက်အဖွဲ့အစည်းတွေဟာလည်း သိန်းနဲ့ချီပြီးဒုက္ခရောက်နေသူတွေရဲ့အရေးကို မြေပြင်မှာလက်တွေ့ တောက်လျှောက်လုပ်နေတာဖြစ်လို့ အဲဒီအဖွဲ့အစည်းတွေနဲ့ လက်တွဲသင့်တယ်လို့ ဒေါက်တာ စန်းအောင်က ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
တိုက်ပွဲတွေကြောင့် သံလွင်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)

ထိုင်းအစိုးရရဲ့ အခုအစီအစဉ်နဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ပြောခွင့်ရသူ ပဒိုစောကလယ်စေးကို RFA က ဆက်သွယ်မေးမြန်းရာမှာ KNU ခေါင်းဆောင်တွေ ဆွေးနွေးညှိနှိုင်းနေတယ်လို့ အကြောင်းပြန်ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ငါးသိန်းလောက်အထိရှိတယ်လို့ မဲဆောက်မြို့ အခြေစိုက်အရပ်ဖက်အဖွဲ့တွေက ပြောကြပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲမှာလည်း ၂၀၂၃ နှစ်ကုန်ပိုင်းအထိစာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ သုံးနှစ်အတွင်း စစ်ရေးမြှင့်တိုက်ခိုက်တာတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ခုနစ်သိန်းခွဲကျော် ရှိလာပြီလို့ KNU က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။