ဝန်ကြီးချုပ်ဟွန်ဆန်ခရီးစဥ် မြန်မာပြည်သူတွေ ကန့်ကွက်ဆန္ဒပြ

မကြာခင်လာရောက်ဖို့ စီစဥ်ထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး သံတမန် ပရတ်ဆိုခွန်း တို့ရဲ့ ခရီးစဥ်ဟာ စစ်ကောင်စီကို အသိအမှတ်ပြုဖို့ သက်သက်သာဖြစ်ပြီး မြန်မာ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ဘူးဆိုပြီး မန္တလေးမြို့၊ တနင်္သာရီတိုင်း လောင်းလုံး၊ စစ်ကိုင်းတိုင်းထဲက ဒီပဲယင်း၊ ကလေးနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေက အသီးသီးကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဇန်နဝါရီလ ၆ ရက် ဒီနေ့မနက်အစောပိုင်းက တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က အခြေခံပညာကျောင်းသူ ကျောင်းသားတွေနဲ့ လူငယ်တွေစုစည်းပြီး ဟွန်ဆန် မြန်မာနိုင်ငံမှာ ဘယ်တော့မှ ခြေမချစေရ ခေါင်းစဉ်နဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
အာဆီယံဘုံသဘောညီချက်တွေကို တစ်ခုမှ အကောင်အထည်မဖော်တဲ့ မြန်မာစစ်ကောင်စီကို လာတွေ့တာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် ဘာကောင်းကျိုးမှ မရနိုင်ဘူးလို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“သူကလည်း ကမ္ဘောဒီးယားရဲ့ အာဏာရှင်စစ်စစ်လေ။ အဲလိုလူတစ်ယောက်က ကျနော်တို့မြန်မာနိုင်ငံရဲ့ အခြေအနေကို ဝင်ပြီးတော့ စေ့စပ်ဆွေးနွေးပေးမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူးလေ။ အခုအချိန်အထိ ဘုံ သဘောတူညီချက် ငါးချက်ထဲမှာ တစ်ချက်မှ စစ်ကောင်စီအနေနဲ့ အကောင်အထည်ဖော်တာ မတွေ့ရဘူး။ အဲလိုအခြေအနေမျိုးမှာ ဒီသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် လာပြီးတော့ ညှိနှိုင်းဖို့ဆိုတာကျတော့ ကမ္ဘောဒီးယားလာတာကျတော့ ကျနော်တို့နိုင်ငံအတွက် ဘာကောင်းကျိုးမှ ရမယ်လို့ မမျှော်လင့်လို့ အခုလိုမျိုး မလာဖို့ ဆန္ဒပြရတာပေါ့”
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင်က လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်နေသူဖြစ်ပြီး မြန်မာပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ထောက်ခံနေတာကြောင့် ရှုတ်ချတယ်လို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။ လောင်းလုံးမြို့က ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ဓာတ်ပုံတွေကို မြေပေါ်ချပြီး ခြေနဲ့နင်းကြ၊ မီးရှို့ကြပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ဟွန်ဆန် ကန့်ကွက်ပွဲတွေမှာ ဒေသခံ ၁၀၀၀ ကျော် ပါဝင်ဆန္ဒပြတယ်လို့ ဒီပဲယင်းမြို့နယ် တော်လှန်ရေးသပိတ်စစ်ကြောင်း ဦးဆောင်ကော်မတီဝင် ကိုနဂါး က ပြောပါတယ်။
“ဟွန်ဆန် မြန်မာပြည်မှာ ခြေမချစေရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်အတွင်း နေရာ လေးခုမှာ ကန့်ကွက်ဆန္ဒပြခဲ့တာလို့ RFA ကို ပြောပါတယ်။
“ဟွန်ဆန်ကန့်ကွက်ပွဲ နှစ်ရက်လုပ်တယ်။ ကန့်ကွက်ဆန္ဒပြတာပေါ့၊ ဟွန်ဆန် မြန်မာနိုင်ငံမှာ ခြေမချ စေရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ထွက်တာ။ အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဒီအချိန်ထိတောင် ပြည်သူလူထုက လက်မခံဘူး။ အသိအမှတ်မပြုဘူး”
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းမှာရှိတဲ့ ရွာပေါင်းစုံက ဒေသခံ ၅၀၀ နီးပါးကလည်း စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ဒီနေ့ဆန့်ကျင်ဆန္ဒပြကြပါတယ်။
စစ်ကောင်စီကို အားပေးအားမြှောက်လုပ်နေတဲ့ ဟွန်ဆန်ကို လက်မခံနိုင်ကြောင်း ကန့်ကွက်ဆန္ဒပြခဲ့တာလို့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်း သပိတ်အဖွဲ့ ဦးဆောင်သူ တစ်ယောက်က RFA ကို ပြောပါတယ်။
“မြန်မာ စစ်အကြမ်းဖက်အုပ်စု မင်းအောင်လှိုင်ကို ထောက်ခံအားပေးတဲ့ ကမ္ဘောဒီးယားအာဏာရှင် ဟွန်ဆန်ကို မြန်မာပြည်သူတွေက လုံးဝလက်မခံနိုင်ကြောင်း ဆန္ဒပြတာဖြစ်ပါတယ်။ စစ်ကောင်စီကို အားပေးအားမြောက်ပြုတဲ့ ဟွန်ဆန်ကို မြန်မာပြည်က လုံးဝအသိမှတ်မပြုကြောင်း မြန်မာပြည်မလာဖို့ အရေး ဆန္ဒပြခဲ့တယ်”
ဒီအဖွဲ့ဟာ စစ်တပ်အာဏာသိမ်းတာကို လက်မခံကြောင်း ပြသတဲ့အနေနဲ့ နေ့စဉ်ရက်ဆက် ဆန္ဒပြနေတဲ့အဖွဲ့ ဖြစ်ပြီး ဒီကနေ့ကျရောက်တဲ့ ၃၀၂ ရက်မြောက်နေ့မှာတော့ ဟွန်ဆန်ရဲ့ ခရီးစဉ် အလိုမရှိဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
"မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပုလင်းတူဗူးဆို့ လာတဲ့ကိစ္စကို ကျနော်တို့ အတတ်နိုင်ဆုံး ကန့်ကွက်ရခြင်းဖြစ်ပါတယ်"
စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း မနေ့က ဟွန်ဆန် ကန့်ကွက်ဆန္ဒပြပွဲလုပ်ခဲ့ပြီး ကမ္ဘောဒီယားဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် အကျိုးမရှိနိုင်ဘူးလို့ စစ်ကိုင်းတိုင်း ကလေးမြို့ ပင်မသပိတ် ဦးဆောင် သူတစ်ယောက်က RFA ကို ပြောပါတယ်။
“သူလာတာ မြန်မာပြည်သူပြည်သားတွေအပေါ်မှာ ဘာမှအကျိုးမရှိမယ့်ကိစ္စပေါ့နော်၊ သူကိုယ်တိုင် ကလည်း ကမ္ဘောဒီးယားမှာ နှစ်ပေါင်းများစွာ အုပ်ချုပ်နေတဲ့ အာဏာရှင်ပေါ့၊ ခမာနီတပ်တွေလည်း ကမ္ဘောဒီးယား ပြည်သူတွေ သန်းနဲ့ချီ သတ်ခဲ့တုန်းကလည်း သူကလည်း တာဝန်ရှိတဲ့သူတစ်ယောက် ပေါ့နော်၊ ဒီလူတစ်ယောက်က မြန်မာနိုင်ငံမှာလာတယ်ဆိုတာ ဘာအကျိုးအမြတ်မှ မြန်မာပြည်သူ ပြည်သားတွေအပေါ်မှာ မရှိဘူးပေါ့နော်၊ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပုလင်းတူဗူးဆို့ လာတဲ့ကိစ္စကို ကျနော်တို့ အတတ်နိုင်ဆုံး ကန့်ကွက်ရခြင်းဖြစ်ပါတယ်၊ စစ်ကောင်စီကို အသိမှတ်ပြုတဲ့ပုံစံမျိုးနဲ့ လာတာဆိုတော့ ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး ဒါကြောင့် ကန့်ကွက်တာ ဖြစ်ပါတယ်”
ကလေးမြို့ပင်မ သပိတ်ဟာ အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ်ဆန့်ကျင်ဆန္ဒပြနေတဲ့သပိတ်ဖြစ်ပြီး ဟွန်ဆန်ကို ကန့်ကွက်ကြောင်း ဆန္ဒပြတဲ့ ဒီနေ့မှာ ၃၃၃ ရက်ပြည့်ပြီလို့ ဆိုပါတယ်။
ဟွန်ဆန်ရဲ့ခရီးစဉ်ကို တစ်နိုင်ငံလုံးက ကန့်ကွက်ကြောင်း ဆန္ဒပြနေကြသလို ဒီဇင်ဘာလ ၃၁ ရက် မနက်ပိုင်းကတော့ ရန်ကုန်မြို့က ကမ္ဘောဒီးယား သံရုံးအနီးမှာ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး သံရုံးအနီးမှာပဲ စစ်ကောင်စီကို ကာကွယ်ပေးမယ့် ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ကြိုးစားမှုတွေကို လုံးဝလက်မခံတဲ့အကြောင်း မြန်မာ-အင်္ဂလိပ်-ကမ္ဘောဒီးယား သုံးဘာသာနဲ့ ရေးသားထားတဲ့ စာရွက်တွေ ဖြန့်ဝေခဲ့ပါတယ်။
ဒါ့အပြင် ပျဉ်းမနား တော်လှန်ရေးတပ်မတော် (PRA) ကလည်း စစ်ကောင်စီကို အသိအမှတ်ပြုပြီး လာရောက် တွေ့ဆုံမယ့် ဘယ်နိုင်ငံတကာ သံတမန်တွေရဲ့ လုံခြုံရေးကိုမှ တာဝန်မယူဘူးဆိုပြီး ဒီဇင်ဘာ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးထားပါတယ်။
အထွေအထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှာပါဝင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့ပေါင်း ၂၆၁ ဖွဲ့ကလည်း ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်ဟာ အာဆီယံဘုံသဘောတူညီချက်တွေနဲ့ ကိုက်ညီမှု မရှိတဲ့အပြင်၊ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ သဘောဆန္ဒနဲ့ လုံးလုံးလျားလျား ဆန့်ကျင်နေတယ်လို့ ဇန်နဝါရီ ၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ဝေဖန်ထားပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်းတို့ဟာ မနက်ဖန် ဇန်နဝါရီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ စီစဥ်ထားပါတယ်။
မနက်ဖြန်လာရောက်တဲ့ခရီးစဥ်ကို တစ်ရက်နောက်ဆုတ်ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာ လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ စစ်ကောင်စီဘက်က ဒါနဲ့ပတ်သက်ပြီး အတိအကျ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ယောက်ကတော့ ကမ္ဘောဒီးယားအစိုးရဘက်က ခရီးစဉ် ရက်ရွှေ့ မရွှေ့ မသေချာပေမဲ့ မြန်မာဘက်ကတော့ ရက်ရွှေ့ဖို့ မရှိဘူးလို့ RFA ကို ပြောပါတယ်။