မြန်မာ့အရေး ရေရှည်ပြေလည်အောင်ဖြေရှင်းဖို့ ကုလညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.06.14
မြန်မာ့အရေး ရေရှည်ပြေလည်အောင်ဖြေရှင်းဖို့ ကုလညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာသော ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း။
Photo: Public Voice Television

ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံအဖြစ် ပြီးခဲ့တဲ့နှစ်က အောက်တိုဘာလက စတင်တာဝန်ယူခဲ့တဲ့ မစ္စနိုလင်းဟေဇာက သူကုလအထူးသံအဖြစ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံက ပဋိပက္ခတိုက်ခိုက်မှုတွေဟာ ပိုမိုကျယ်ပြန့်နက်ရှိုင်းလာရုံမကဘဲ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဒုက္ခသည်အကျပ်အတည်း တစ်ခုဖြစ်လာနေပြီး ဒေသတွင်းနဲ့ နိုင်ငံတကာကိုပါ ပြင်းထန်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနေတဲ့အကြောင်း အကျယ်တဝင့်ပြောသွားပါတယ်။

"အခုဆိုရင် လူဦးရေ ၁၄ ဒဿမ ၄သန်း ဒါမှမဟုတ် မြန်မာပြည်သူအားလုံးရဲ့ လေးပုံတစ်ပုံဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်ရတဲ့သူ အရေအတွက်ကလည်း နှစ်ဆတိုးလာပြီး မြန်မာပြည်သူအားလုံးရဲ့ တစ်ဝက်လောက် ရှိလာပါတယ်။ ကျောင်းအပ်နှံမှု ၈ဝ ရာခိုင်နှုန်းကျဆင်းသွားပြီး ကျောင်းနေအရွယ် ကလေး ၇ ဒဿမ ၈သန်းလောက် စာသင်ခန်းပြင်ပ ရောက်နေရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးရဲ့ အကျိုးကို ခံစားလိုက်ရတဲ့ မျိုးဆက်တစ်ဆက်ဟာ အခုတော့ လမ်းပျောက်နေကြပါတယ်။ အခုဆိုရင် မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက်တိုက်ခိုက်တာတွေ ဆက်လုပ်နေတာနဲ့အမျှ လက်နက်ကိုင်ပဋိပက္ခတွေဆိုတာ မြန်မာပြည်သူတွေအတွက် ပုံမှန်အခြေအနေလို ဖြစ်လာနေပါတယ်"

မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကိုပါ အလွန်အကျွံအင်အားသုံး တိုက်ခိုက်မှုတွေ ကျူးလွန်နေတာနဲ့အမျှ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ ၆ဝဝ ထက်မနည်း ပေါ်ထွက်လာခဲ့ပြီး စစ်တပ်လိုလားသူလို သူတို့ယူဆသူတွေကို ပစ်မှတ်ထားလုပ်ကြံမှုတွေလည်း ဖြစ်နေပါတယ်လို့ ပြောသွားပါတယ်။

မစ္စနိုလင်းဟေဇာက သူ့အနေနဲ့ မြန်မာနိုင်ငံက ရန်လိုတိုက်ခိုက်မှုတွေ လျော့ကျအောင် အာဆီယံနဲ့အနီးကပ်ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြားမှာပါ ကြီးမားတဲ့ အယူအဆ ကွဲပြားမှုတွေ ဆက်ဖြစ်နေတဲ့အတွက် မြန်မာပြည်သူတွေဟာ သူတို့ အလိုအပ်ဆုံးအချိန်မှာ ပစ်ပယ်ထားတယ်လို့ ခံစားနေကြရတဲ့အကြောင်းလည်း ပြောသွားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ စစ်အုပ်ချုပ်ရေးကို လက်ခံတဲ့သဘော သက်ရောက်မယ့် ရေတိုနည်းမျိုးနဲ့ ဖြေရှင်းဖို့ မကြိုးစားဖို့ တိုက်တွန်းပြောကြားခဲ့ပြီး နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအကျပ်အတည်းတွေကို ရပ်တန့်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းနိုင်ငံအားလုံး စုပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ ပြောသွားပါတယ်။

"လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ရပ်တန့်နိုင်ဖို့ဆိုရင် တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီနဲ့ တရားဝင်မှုရှိတဲ့ အရပ်သားအစိုးရတွေ ရှိအောင် အရင်လုပ်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံကို လုံးဝနောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံအဆင့်ရောက်အောင် လုပ်ဖို့ လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် တရားမဝင်တဲ့ စစ်အာဏာရှင်အုပ်စိုးမှုကို ရပ်တန့်ရပါမယ်။ စစ်ခေါင်းဆောင်တွေ အုပ်ချုပ်နေသရွေ့ ပဋိပက္ခတိုက်ခိုက်မှုတွေ ဘယ်တော့မှ ရပ်တန့်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့တရားမဝင်တဲ့ စစ်အုပ်ချုပ်ရေးကို လက်ခံလိုက်တာတွေ၊ ပုံမှန်အခြေအနေ အဖြစ် သတ်မှတ်လိုက်တာတွေ လုပ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မတည်ငြိမ်မှုတွေနဲ့ ဒုက္ခဆင်းရဲတွေ ပိုရှည်ကြာလာပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်အလေးအနက်ထား ပြောချင်တာက စစ်အုပ်ချုပ်ရေး အဓွန့်ရှည်အောင် အကူအညီပေးရာရောက်တဲ့ ရေတိုနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင် မဆုံးနိုင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်လာပြီး ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် အလွန်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာပါပဲ။ အခုဆိုရင် စစ်ခေါင်းဆောင်တွေဟာ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ အလွန်ခက်ခဲတဲ့အခြေအနေဖြစ်အောင်လုပ်ထားပါတယ်။ သူတို့ကိုယ်တိုင် အာဆီယံခေါင်းဆောင်တွေကို ကတိပေးထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ဘယ်လိုပယ်ဖျက်ခဲ့တယ်ဆိုတာလည်း အားလုံးမြင်ခဲ့တဲ့ အတိုင်းပါပဲ။ အခုအချိန်မှာ လိုအပ်နေတာက နိုင်ငံတကာနဲ့ဒေသတွင်း နိုင်ငံတွေအားလုံးရဲ့ စုစည်းညီညွတ်ပြီး တိကျပြတ်သားတဲ့ တုံ့ပြန်ဆောင်ရွက်ချက်တွေ လုပ်ကြဖို့ပါ"

ဒါ့အပြင် အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအသိုက်အဝန်းကနေ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ လုပ်ငန်းစဉ်တွေကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုတောင်းဆိုသွားပါတယ်။

"အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ ဒီအတိုင်း ဆက်ထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့ တင်မကပဲ မြန်မာပြည်သူတွေနဲ့ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ပါ ယုံကြည်မှု တည်ဆောက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒုတိယအနေနဲ့ ကုလအထွေထွေညီလာခံမှာ စစ်ကောင်စီ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုဘဲ သူတို့လိုချင်နေတဲ့ တရားဝင်မှုမပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကုလအဖွဲ့ဝင်တွေအနေနဲ့ မြန်မာစစ်တပ်ဆီကို စစ်လက်နက်ပစ္စည်းတွေ မရရှိစေဖို့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် resolution 75/287 ကို တစ်နိုင်ငံချင်းအနေနဲ့ကော၊ အားလုံးအနေနဲ့ပါ အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုလိုပါတယ်။ တတိယအနေနဲ့ မြန်မာနိုင်ငံမှာ အဓွန့်ရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ဖြစ်ပေါ်စေမယ့် ပတ်ဝန်းကျင်ဖြစ်လာအောင် ဝိုင်းဝန်းဖန်တီးပေးဖို့၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အားလုံးအနေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအပါအဝင် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ခံခိုင်းဖို့နဲ့ အပြစ်ပေးခံရမှုကနေ ကင်းလွတ်နေတာကို ရပ်တန့်ဖို့ ကြိုးစားရမှာ ပူးပေါင်း ပါဝင်ဖို့ တောင်းဆိုလိုက်ပါတယ်"

အဲဒီနေ့တောင်းဆိုချက်တွေဟာ ပထမဆုံးအကြိမ်တောင်းဆိုတာ မဟုတ်တဲ့အကြောင်းနဲ့ နိုင်ငံတကာရဲ့ စုစည်းညီညွတ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေ ဖြစ်လာဖို့ အပြစ်မဲ့တဲ့အသက်တွေ ဘယ်လောက်များများ စတေးခံရဦးမှာလဲလို့ မြန်မာပြည်သူတွေက မေးခွန်းထုတ်နေကြပါတယ်လို့ ပြောကြားရင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။