မြန်မာစစ်တပ် မြေမြှုပ်မိုင်းအသုံးပြုမှု ချက်ချင်းရပ်ဖို့ AI အဖွဲ့ထုတ်ပြန်

2022.07.20
မြန်မာစစ်တပ် မြေမြှုပ်မိုင်းအသုံးပြုမှု ချက်ချင်းရပ်ဖို့ AI အဖွဲ့ထုတ်ပြန် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo: AFP

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အဖွဲ့က တာဝန်ရှိသူတွေဟာ ကယားပြည်နယ်က ကျေးရွာအချို့ကို လူကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီး ကယားပြည်နယ် ဒီးမေ့ာဆို၊ ဖရူဆိုနဲ့ လွိုင်ကော်မြို့နယ်တွေက မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရပြီး အသက်မသေဘဲ ကျန်ရစ်သူတွေ၊ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကျေးရွာတွေမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို တွေ့ရှိခဲ့သူတွေနဲ့ အခြားမျက်မြင်သက်သေတွေကို မေးမြန်းချက်တွေကို အခြေခံပြီး အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

"မြန်မာစစ်တပ်ရဲ့ခေါင်းဆောင်တွေဟာ မြေမြှုပ်မိုင်းအသုံးပြုမှုကို ချက်ချင်းရပ်တန့်ပြီး၊ အခြားကမ္ဘာ့နိုင်ငံအများစုလိုပဲ မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ်မှာ ပါဝင်သင့်ပါတယ်"

၂၀၂၁ခုနှစ် ဇွန်လနောက်ပိုင်း ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားအနည်းဆုံး ၂၀ လောက်အထိ သေဆုံးဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KNHRG က မှတ်တမ်းတင်ထားပါတယ်။ တက်ကြွလှုပ်ရှားသူတွေ၊ အကူအညီပေးရေးဝန်ထမ်းတွေနဲ့ ကျေးရွာတွေမှာ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းဖို့ ကြိုးစားနေသူတွေရဲ့ ပြောကြားချက်တွေအရ ပြီးခဲ့တဲ့လတွေ အတွင်းမှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်းမှာ မြေမြှုပ်မိုင်းထောင်ထားခဲ့တာတွေ ပိုများလာနေတယ်လို့ ဆိုပါတယ်။

AI အဖွဲ့ရဲ့ လေ့လာစုံစမ်းချက်တွေအရ မြန်မာစစ်တပ်ရဲ့တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ သူတို့စခန်းချခဲ့တဲ့နေရာတွေနဲ့ ဆုတ်ခွာသွားတဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ခဲ့ပြီး ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေက အနည်းဆုံး ရွာပေါင်း ၂ဝ နီးပါး၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမတစ်လျှောက်က ဒေသတွေမှာ အများဆုံးထောင်ထားခဲ့တယ်လို့ သုံးသပ်ထားပါတယ်။

မြန်မာစစ်တပ်က တပ်ဖွဲ့တွေဟာ လူနေအိမ် ခြံဝင်းတွေထဲမှာ၊ နေအိမ် ဝင်ပေါက်နဲ့ အိမ်သာအနီးလို နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့ကြပြီး အိမ်တစ်အိမ်မှာဆိုရင် နေအိမ်လှေကားမှာ ထိတာနဲ့ ပေါက်ကွဲမယ့် ဖောက်ခွဲရေးပစ္စည်းတစ်ခုကို တပ်ထားခဲ့တာ တွေ့ရကြောင်း၊ ကျေးရွာတွေကနေ လယ်ယာလုပ်ငန်းခွင်တွေကို သွားတဲ့လမ်းတွေမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ခဲ့လေ့ရှိပြီး လယ်ယာလုပ်ငန်းခွင် သွားတဲ့ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

AI အဖွဲ့က သုတေသီတွေဟာ ဇွန်လ ၁၅ရက်နေ့က မြန်မာစစ်တပ်က တပ်ဖွဲ့တွေ မီးရှို့ဖျက်ဆီးပြီး၊ မြေမြှုပ်မိုင်းတွေ ပတ်ပတ်လည် ထောင်ထားခဲ့တဲ့ ဖရူဆိုမြို့နယ်၊ ဒေါ်ဂေခူးကျေးရွာက စိန့်မက်သယူး ခရစ်ယာန်ဘုရားကျောင်းကိုလည်း လူကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီရွာက ဒေသခံတွေဟာ ဘုရားကျောင်းအဝင်လမ်းအပါအဝင် အနီးတစ်ဝိုက်မှာ ထောင်သွားတဲ့ မြေမြှုပ်မိုင်း ရှစ်ခုကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖယ်ရှားခဲ့ကြတာတွေ့ရပြီး ရှာမတွေ့သေးတဲ့ မြေမြှုပ်မိုင်းတွေလည်း အနီးဝန်းကျင်မှာ ရှိနေသေးတယ်လို့ ယုံကြည်ရတဲ့အတွက် ဒေသခံတွေဟာ အကြောက်တရားနဲ့ နေထိုင်နေကြရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

AI အဖွဲ့က သုတေသီတွေဟာ မီးရှို့ဖျက်ဆီးခံထားရတဲ့ စိန့်မက်သရူး ဘုရားကျောင်းပရဝဏ်အတွင်းမှာ ကျည်ဆန်ခွံတွေ၊ ၄ဝ မမ လောင်ချာအခွံတစ်ခုနဲ့ မြန်မာစစ်တပ်ရဲ့တပ်မ ၆၆ တံဆိပ်ပါတဲ့ စစ်သားယူနီဖောင်းတစ်ခုကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မ ၆၆ ဟာ ကယားပြည်နယ်မှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အကြောင်း AI အဖွဲ့က ပြီးခဲ့တဲ့လက ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့ M-14 နဲ့ MM-2 အမျိုးအစား မြေမြှုပ်မိုင်းတွေကို အများဆုံး သုံးနေတယ်လို့ ဆိုပါတယ်။ M-14 အမျိုးအစားဟာ နင်းမိသူရဲ့ ခြေကျင်းဝတ်အောက်ပိုင်း ပြတ်တောက်သွားအောင် ပေါက်ကွဲပျက်စီးသွားစေပြီး၊ MM-2 အမျိုးအစား မြေမြှုပ်မိုင်းက နင်းမိသူရဲ့ ဒူးခေါင်းအောက်ပိုင်းအထိ ပြတ်တောက်သွားစေတဲ့အတွက် နင်းမိသူဟာ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

ဒီ M-14 နဲ့ MM-2 အမျိုးအစား မြေမြှုပ်မိုင်းနှစ်မျိုးစလုံးဟာ လူကို သေကြေဒဏ်ရာရအောင် ရည်ရွယ်တဲ့ မြေမြှုပ်မိုင်းအမျိုးအစားတွေ ဖြစ်တဲ့အတွက် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းအသုံးပြုမှု တားဆီးရေး နိုင်ငံတကာသဘောတူညီစာချုပ်အရကော နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေတွေအရပါ အသုံးမပြုဖို့ ပိတ်ပင်ထားတာဖြစ်ပါတယ်။

image (6).jpg
ရှမ်းပြည်နယ်၊ သီပေါမြို့အတွင်းက မိုင်းထိထားသော ဒေသခံတစ်ဦးအား ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

နိုင်ငံတကာမြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့ Landmine Monitor ရဲ့ မှတ်တမ်းတွေအရ အခုအချိန်မှာ မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာ လူကို ပစ်မှတ်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ဆက်လက်အသုံးပြုနေဆဲဖြစ်တဲ့ တစ်ခုတည်းသော နိုင်ငံအဆင့်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

"မြန်မာစစ်တပ်ရဲ့ခေါင်းဆောင်တွေဟာ မြေမြှုပ်မိုင်းအသုံးပြုမှုကို ချက်ချင်းရပ်တန့်ပြီး၊ အခြားကမ္ဘာ့နိုင်ငံအများစုလိုပဲ မြေမြှုပ်မိုင်းတားဆီးရေး သဘောတူစာချုပ်မှာ ပါဝင်သင့်ပါတယ်။ ဒီစာချုပ်အရ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ပြန်လည် တူးဖော်ဖျက်သိမ်းဖို့နဲ့ သေကြေဒဏ်ရာရသူတွေကို အကူအညီပေးဖို့လည်းပါပါတယ်။ မြေမြှုပ်မိုင်းဒဏ် ခံရပြီး အသက်မသေးဘဲ ကျန်ရစ်သူတွေအတွက် ပြန်လည်ထူထောင်ရေးနဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ပဋိပက္ခအလွန်ကာလ ရောက်လာရင် မြေမြှုပ်မိုင်း ဖျက်သိမ်းရေးလုပ်ငန်းတွေအတွက် စလုပ်နိုင်အောင် ကြိုတင်ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်" လို့ AI ရဲ့ အကြီးတန်းပဋိပက္ခဆိုင်ရာ အကြံပေး Rawya Rageh က ပြောထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့ဟာ မြန်မာစစ်တပ်က ထောင်သွားတဲ့ မြေမြှုပ်မိုင်းတွေကို ဖျက်သိမ်းဖို့ လုပ်နေပေမယ့် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ မရှိဘဲ လုပ်နေကြတာဖြစ်တဲ့အတွက် အကန့်အသတ်ရှိနေပြီး၊ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ အမြောက်အမြား ကျန်နေသေးတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုနေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ပြီးခဲ့တဲ့နှစ် မေလက မေးမြန်းတဲ့အခါမှာ စစ်တပ်အနေနဲ့မြေမြှုပ်မိုင်းတွေကို စစ်စခန်းများအနီးမှာသာ မြှုပ်လေ့ရှိပြီး ရွာတွေနားနဲ့ လူသွားလမ်းတွေပေါ်မှာ PDF များကသာ စည်းကမ်းမဲ့ ထောင်လေ့ရှိတယ်လို့ ပြန်လည်ဖြေကြားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။