မိုင်းအန္တရာယ် အထူးဂရုစိုက်ဖို့ ကရင်နီအုပ်ချုပ်ရေးကောင်စီ သတိပေး

RFA Burmese
2024.05.02
မိုင်းအန္တရာယ် အထူးဂရုစိုက်ဖို့ ကရင်နီအုပ်ချုပ်ရေးကောင်စီ သတိပေး မြေမြှုပ်မိုင်းရှင်းလင်းရေး ဆောင်ရွက်နေကြသည့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က တွေ့ရစဥ်။
ကန္တာရဝတီတိုင်းမ်

ကရင်နီလို့ခေါ်တဲ့ ကယားပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့က သတိပေးလိုက်ပါတယ်။

ဒေသခံတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်မရဘဲ နေရပ်မပြန်ကြဖို့၊ ပြန်ခွင့်ရရင်တောင် သတ်မှတ်ထားတဲ့ နေရာတွေမှာပဲ နေထိုင်ကြဖို့ ကြေညာချက်ထုတ်ပြီး သတိပေးလိုက်တာပါ။

"ရွာသူ၊ ရွာသားတွေ ပြန်ကြတဲ့အခါ မိုင်းနင်းမိပြီး ခြေပြတ်၊ လက်ပြတ် သေဆုံးတာတွေ သိရတာပေါ့နော်"

မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကို တွေ့ရှိရင် ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်ဘဲ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့တွေထံ အသိပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

ကယားပြည်နယ်တစ်ခုလုံးမှာ မိုင်းအန္တရာယ်စိုးရိမ်ရတဲ့ နေရာပေါင်း နှစ်ရာကျော်ရှိပြီး အများစုက မြို့အနီးအနားရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ နီးကပ်တဲ့နေရာတွေ၊ အရပ်သားတွေ သွားလာအသုံးပြုတဲ့ လမ်းတွေ၊ လူနေထူထပ်တဲ့ နေရာတွေဖြစ်တယ်လို့လည်း (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။

မိုင်းကြောင့် ထိခိုက်သူအများစုဟာ ကရင်နီတော်လှန်ရေးအဖွဲ့တွေ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲပြီးချိန် နေရပ်ပြန်လာကြတဲ့ အရပ်သားတွေဖြစ်တယ်လို့ ကိုဗညားက ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ အခုပြန်လာနေကြတာပေါ့။ တစ်လ၊ နှစ်လရှိပြီ။ သူတို့ သန့်ရှင်းရေးလည်းလုပ်ရင်း ပြန်လာနေကြတာ။ ပြန်လာတဲ့ စစ်ရှောင်တွေက မိုင်းနင်းမိတာဖြစ်ပါတယ်။ ပူဖားတို့၊ သေးဆူလဲတို့ အဲဒီ တစ်ဝိုက်မှာ အရင်က စစ်ကောင်စီအခြေချတဲ့ နေရာတွေမှာတော့ အနည်းဆုံး ဆယ်ယောက်နီးပါးရှိနေပြီ (မိုင်းထိတာ)”

ကရင်နီလူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် ပထမ လေးလအတွင်းမှာတင် ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကယားပြည်နယ် တစ်ခုလုံးမှာ မြေမြှုပ်မိုင်းကြောင့် လူ နှစ်ဦးထက်မနည်း သေဆုံးပြီး၊ အယောက် သုံးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ ပူးဖားရွာက အသက် ၁၄ နှစ်အရွယ် ယောက်ကျားလေးတစ်ဦး နွားကျောင်းသွားရင်း မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာတော့ မိုင်းကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရသူ စုစုပေါင်း အယောက် ၉၀ ခန့် ရှိပြီး၊ အများစုက တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နဲ့ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တို့က ဖြစ်ပါတယ်။

ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် နောက်ပိုင်းကစပြီး စစ်ကောင်စီတပ် ထောင်ခဲ့တဲ့ မိုင်းတွေကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ရတာလို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကရင်နီတစ်ပြည်နယ်လုံး အတိုင်းအတာမှာ တော်လှန်ရေး အင်အားစုအဖွဲ့တွေက မြို့သိမ်းစစ်ဆင်ရေးလုပ်တော့ စစ်ကောင်စီတပ်က ပြန်ဆုတ်တဲ့ နေရာတွေနဲ့ တပ်စခန်းချခဲ့တဲ့ နေရာတွေမှာ မိုင်းထောင်ခဲ့တာတွေ အများကြီးရှိတယ်။ အဲရွာတွေကို ရွာသူ၊ ရွာသားတွေ ပြန်ကြတဲ့အခါ မိုင်းနင်းမိပြီး ခြေပြတ်၊ လက်ပြတ် သေဆုံးတာတွေ သိရတာပေါ့နော်။ ကျွန်တော်တို့ရဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ဧပြီလမှာဆို နှစ်ယောက် သေတာပေါ့နော်”


ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ကယားပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ လက်ထောက် ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာမှာ ဖုန်းမှားနေတယ်လို့သာ ပြန်လည်ဖြေဆိုပါတယ်။

တစ်လေးလုံး စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ကယားပြည်နယ်က မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတောနဲ့ မော်ချီး အပါအဝင် စုစုပေါင်း မြို့ခုနစ်မြို့ကို ကရင်နီတော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားပါတယ်။

အဲဒီမြို့တွေအပြင် လွိုင်ကော်နဲ့ ဖရူဆိုမြို့နယ်တွေမှာလည်း စစ်တပ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏပြင်းထန်ခဲ့ပါတယ်။

အဲဒီစစ်ပွဲဒေသ အများစုမှာ မိုင်းရှင်းလင်းရေး မလုပ်နိုင်သေးဘူးလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် ဒုက္ခသည်စခန်း အများစုမှာ ယာယီခိုလှုံနေရသူတွေကို နေရပ်မပြန်ခိုင်းသေးဘူးလို့ ဒုက္ခသည်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

လုံခြုံရေးအခြေအနေအရ မိုင်းရှင်းလင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးဘူးလို့ ကရင်နီစစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ဒီအတိုင်း အသိပေးတာ၊ သင်တန်းလေး ဘာလေး ပို့ချတာ အဲလောက်ပဲ လုပ်နိုင်သေးတယ်။ ထိထိရောက်ရောက် သွားဖို့ကျတော့လည်း ကျွန်တော်တို့နေရာတိုင်း သွားလို့အဆင်မပြေသေးဘူးလေ။ အဓိကစိန်ခေါ်မှုကတော့ ကျွန်တော်တို့ အသိပညာသွားပေးဖို့ကျတော့ လူစုဖို့အတွက် အခက်အခဲရှိတာပေါ့။ လူစုလိုက်ရင် လေယာဉ်ပဲ လာပစ်မလား၊ အဲဒါ ကြောက်နေရတာပေါ့။ ဒုက္ခသည်စခန်းတွေမှာတော့ မိုင်းအန္တရာယ် နည်းနည်းသွားရှင်းပြထားတာရှိတယ်။ အဲလောက်ပဲ လုပ်နိုင်သေးတယ်”

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)
ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ဧပြီလ ၃ ရက် အစီရင်ခံစာအရ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုဟာ ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ သေဆုံး၊ ဒဏ်ရာရသူ အယောက် ၃၉၀ သာ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၁၀၅၂ ဦးအထိ မြင့်တက်လာတာပါ။ အဲဒီစစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း ကလေးငယ် ၅၉ ဦး အပါအဝင် သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦး ရှိခဲ့တယ်လို့ (UNICEF) က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းက ၃၅ ရာခိုင်နှုန်းနဲ့ ထိခိုက်မှု အများဆုံးဖြစ်ပြီး၊ ရှမ်းပြည်နယ်က ၁၂ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ထိခိုက်မှု တတိယအများဆုံးဖြစ်ပြီး ကယား၊ ချင်း၊ ကချင်နဲ့ ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ဆယ်ခုမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစစ်လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေကြောင်း UNICEF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။