မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အဆိုးရွားဆုံးကြုံနေ

RFA Burmese
2025.02.26
မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်အန္တရာယ် အဆိုးရွားဆုံးကြုံနေ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာအနီးတွင် စစ်ကောင်စီမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းတားဆီးရေးလှုပ်ရှားမှု (ICBL) ရဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဒီနေ့ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ကျင်းပတဲ့ ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကထက် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက်မှု နှစ်ဆတိုးလာတယ်လို့လည်း ICBL မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ သုတေသီ ယက်စ်ဟူဟွာ မိုဆာ ပူအန်စူဝမ် (Yeshua Moser-Puangsuwan) က RFA ကို ပြောပါတယ်။

"၂၀၂၀ ခုနှစ် နိုဝင်ဘာလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထက် နှစ်ဆ တိုးလာတာ ဖြစ်ပါတယ်။ နေပြည်တော်က လွဲပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသတွေမှာ မြေမြှုပ်မိုင်းအန္တရာယ်ကို ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း မြို့ပေါင်း ၁၃၄ မြို့မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ မြေမြှုပ်မိုင်းအန္တရာယ် ကြုံနေရတဲ့ မြို့ ၄၇ မြို့ထက် မြို့ပေါင်း ကိုးဆယ် တိုးလာတာ ဖြစ်ပါတယ်"

၂၀၂၃ ခုနှစ်တစ်နှစ်တည်းမှာတင် သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်း တစ်ထောင်ကျော် (၁၀၀၃ ဦး) ရှိခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းကြောင့် သေဆုံးထိခိုက်သူ အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံတစ်ဝန်း နေပြည်တော်ကလွဲလို့ ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်အားလုံးမှာ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်က စက်ရုံထုတ် မြေမြှုပ်မိုင်းတွေကို အသုံးပြုသလို တော်လှန်ရေး အင်အားစုတွေကလည်း လက်လုပ်မိုင်းနဲ့ တိုက်မိုင်းတွေကို အသုံးပြုနေပြီး ဒီအန္တရာယ်ကို အရပ်သားတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက ပိုပြီး ကြုံနေရတယ်လို့လည်း ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကတော့ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့်သာ အရပ်သား ထိခိုက်သေဆုံးမှု အများဆုံးကြုံရတာလို့ RFA ကို ပြောပါတယ်။

"လူနေရပ်ကွက်တွေ၊ ကျေးရွာတွေ ဝင်လာတဲ့အခါမှာ ရွာသားတွေက ထွက်ပြေးကုန်တာပေါ့။ သူတို့ လုပ်နေကျအတိုင်း ရွာတွေမီးရှို့ ဟိုလုပ်ဒီလုပ်က သူတို့လုပ်နေကျအတိုင်းဆိုတော့ အဆန်းတော့ မဟုတ်တော့ဘူး။ တချို့ကျတော့လည်း မီးမရှို့ဘဲ ထားခဲ့ပြီဆိုပြီး လွယ်လွယ်ကူကူနဲ့ တွက်လို့မရဘူး။ အဲဒီအိမ်အောက်ခြေရင်း အထူးသဖြင့် လှေကားအတက်အဆင်းတွေမှာ မိုင်းတွေ ခင်းတတ်တယ်။ မိုင်းတွေ ထားတတ်ကြတယ်။ မသိဘဲနဲ့ အိမ်ပြန်လာတဲ့သူက မိုင်းနင်းပြီး ဖြစ်တဲ့ဟာတွေလည်း မနည်းဘူး။ ရန်သူကို ဦးတည်ပြီးတော့ လုပ်တယ်ဆိုပေမဲ့ လူထုကို ထိနေတာတွေ ဖြစ်တယ်။ ဒါက တမင်သက်သက်လုပ်တယ်လို့လည်း ပြောလို့ရတယ်။ ဒါတွေက ခဏခဏ ဖြစ်နေတဲ့အရာတွေ"

KNU ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေ လေးဆယ်နီးပါးရှိခဲ့တယ်လို့လည်း ပဒိုစောတောနီးက ပြောပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ဒေသတွေမှာလည်း မိုင်းနင်းမိလို့ အသက်သေဆုံးရတဲ့ဖြစ်ရပ်တွေ မကြာခဏရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ဆီက တစ်လကို တစ်ယောက်နှုန်းနဲ့ မိုင်းထိတာတွေ ကျွန်တော်တို့ အမြဲတမ်း ကြုံနေရတာပေါ့နော်။ ဘာလို့ထိလဲဆိုရင် သူက စစ်ရှောင်တယ်။ တိုက်ပွဲအခြေအနေ နည်းနည်းငြိမ်ရင် အိမ်ကို တစ်ချက် ပြန်ကြည့်တယ်။ အိမ်ကိုဝင်ရင်းနဲ့မှ မိုင်းနင်းမိတဲ့ဟာမျိုးတွေရှိကြတာ။ အထူးသဖြင့် စကစ ဘက်က တပ်စွဲခဲ့တဲ့နေရာတွေမှာဆိုရင် မိုင်းတွေချန်ထားခဲ့တာ များတယ်။ ပြီးတော့ မပေါက်ကွဲတဲ့ စစ်ကျန်လက်နက်တွေ ကျန်ခဲ့တာကို ကစားတော့ ပျက်စီးတာတွေလည်း ရှိတယ်"

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားသည့် ဒေသခံအား လူမှုကူညီရေးအသင်းမှ သယ်ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးသွားသည့် ဒေသခံအား လူမှုကူညီရေးအသင်းမှ သယ်ဆောင်ပေးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)

အရင်က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတဲ့ ရွာတွေ အနီးအနားဝန်းကျင်လောက်ကိုသာ မြေမြှုပ်မိုင်း ထောင်လေ့ရှိပေမဲ့ မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် မြို့အနီးအနားတစ်ဝိုက်မှာပါ မြေမြှုပ်မိုင်းထောင်တာတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ချိန်မှာလည်း မြို့အတွင်းက လူနေအိမ်တွေမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် မြို့ကို တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ နေရပ်ပြန်တဲ့သူ အနည်းကျဉ်းသာ ရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တစ်ဦးကတော့ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး စိတ်ချရမှပြန်မယ်လို့ RFA ကို ပြောပါတယ်။

"စိုးရိမ်တာပေါ့။ မိုင်းလက်ကျန်တွေ ရှိမလား။ အဲဒီလက်ကျန်ကနေ ထပေါက်တာတို့ ဘာတို့ ဖြစ်မှာလည်း စိုးရိမ်ရတယ်လေ။ အနည်းဆုံး အသက်မသေရင်တောင်မှ ခြေလက်တို့၊ ကိုယ်ခန္ဓာတွေ ဆုံးရှုံးတဲ့အထိ အဲလိုတွေ ကြုံတွေ့ရမှာစိုးလို့။ တကယ်လို့ ပြန်ခဲ့တယ်၊ ပြန်တော့မယ်ဆိုရင်တောင်မှ သူတို့ကို တကူးတက ပြန်ခေါ်ပြီးမှ ကိုယ့်အိမ်မှာ ရှာခိုင်းပြီးမှပဲ စိတ်ချရတဲ့ အခြေအနေမျိုးမှ ပြန်ချင်တယ်"


ဆက်နွှယ်သောသတင်းများ

မြန်မာဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရသူအများဆုံး နိုင်ငံဖြစ်ကြောင်း UNOCHA ပြော

ပွင့်ဖြူမှာ မြေမြှုပ်မိုင်းကြောင့် ခြောက်ဦး သေ၊ နှစ်ဦး ဒဏ်ရာရ

မောင်တောမှာ မြေမြှုပ်မိုင်း တစ်ထောင်ကျော် AA ရှင်းလင်း


ဒေသတွင်းမှာ ကြုံနေကြရတဲ့ မြေမြှုပ်မိုင်းပြဿနာကို ဖြေရှင်းဖို့အတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့တွေကို မြေမြှုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးသင့်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောပါတယ်။

"နင်းမိုင်းနဲ့ ပတ်သက်လာရင် ဘယ်လိုပုံစံမျိုးနဲ့ သတိမူသင့်လဲဆိုတဲ့ ပညာပေးပေါ့လေ၊ အဲဒါကို ကျွန်တော်တို့ ပေးဖို့က တော်တော်လေး အရေးကြီးတယ်လို့ မြင်တယ်။ နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေကို မိုင်းရှာတဲ့ နည်းပညာ၊ ပြီးရင် မိုင်းရှာတဲ့နေရာမှာ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း အများကြီး လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလိုလုပ်နိုင်မှပဲ ပြည်သူလူထုတွေ၊ စစ်ဘေးဒုက္ခသည်တွေ ကိုယ့်ရဲ့ နေရပ်ကို ပြန်သွားပြီးတော့ စီးပွားရေး၊ ဝမ်းစာရှာနိုင်ဖို့အတွက်နဲ့ လုံခြုံမှုပေးနိုင်မယ်လို့ ကျွန်တော်ကတော့ ယူဆတယ်"

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းကြောင့် လူ ၃၆ ဦး သေဆုံးပြီး ၆၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ်ဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ်အနေနဲ့ ရှိနေဦးမယ်လို့ ICBL မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေးအဖွဲ့ရဲ့ သုတေသီ ယက်စ်ဟူဟွာ မိုဆာ ပူအန်စူဝမ် (Yeshua Moser-Puangsuwan) က ပြောပါတယ်။

"ရှေ့လာမဲ့ အလားအလာကို ပြောရရင်တော့ ကောင်းတာက မရှိသလောက်ပါပဲ။ ကျွန်တော်တို့ရဲ့ အစီရင်ခံစာ အစမှာလည်း ဖော်ပြထားသလို မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများစုဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ဒုက္ခသည်အများစုဟာ တိုက်ပွဲတွေ ရပ်သွားပြီဆိုတာနဲ့ နေရပ်ကို အမြန်ဆုံး ပြန်ချင်ကြတာပါပဲ။ အဲဒီလို ပြန်လာတဲ့အခါမှာ မြေမြှုပ်မိုင်းနဲ့ လက်ကျန်လက်နက်အန္တရာယ် မဖြစ်အောင်၊ ဖြစ်လာရင်လည်း ကောင်းကောင်းမွန်မွန် ဆေးကုသမှုပေးတဲ့ အခြေအနေမျိုးတွေ မရှိတာကို တွေ့ရပါတယ်။ မြေမြှုပ်မိုင်းပြဿနာဟာ နိုင်ငံ ပြန်လည်တည်ဆောက်ရေးမှာလည်း သက်ရောက်မှုရှိသလို နိုင်ငံပြင်ပကနေ ပြန်လာမဲ့သူတွေအတွက်လည်း သက်ရောက်မှု ရှိပါတယ်"

"မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အများစုဟာ အရပ်သားတွေ ဖြစ်ပါတယ်"

မြေမြှုပ်မိုင်း အသုံးပြုမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် လူပေါင်း ၁၃၀ ဦး သေဆုံးပြီး ၇၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီကိုးလတာအတွင်း ရှမ်းပြည်နယ်မှာ သေဆုံးသူ ၂၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၉၉ ဦးနဲ့ အများဆုံး စံချိန်တင်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ၂၇ ဦးနဲ့ ရခိုင်ပြည်နယ်က သေဆုံးသူ ၂၂ ဦးအထိ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းတားဆီးရေး သဘောတူညီမှုကို ပါဝင်လက်မှတ်ထိုးထားတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။