လူမျိုးတုံး သတ်ဖြတ်မှုတွေ ရှောင်လွှဲနိုင်ခဲ့သင့်တယ်လို့ မစ္စယန်ဟီးလီ ပြော
2021.08.26
သြဂုတ်လ ၂၅ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ လေး နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာအရပ်ရပ်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ တက်ရောက် စကားပြောခဲ့ကြပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်ဟောင်း မစ္စ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံက လူငယ် လှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကလည်း တက်ရောက်ပြီး ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။
"မြန်မာနိုင်ငံမှာ၂၀၁၇ ခုနှစ်က လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်ရပ်တွေဟာ ရုတ်တရက် ပေါ်ပေါက်လာတာ မဟုတ်ဘဲ၊ အဲဒီမတိုင်ခင်က ရှေ့ပြေးလက္ခဏာပြတဲ့ ဖြစ်ရပ်တွေ ရှိနေခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည် နယ်မှာ လူမျိုးရေး မုန်းတီးမှုတွေ၊ တိုက်ခိုက်မှုတွေ တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့တာကို ထိထိရောက်ရောက် အရေးယူ ဖြေရှင်းခဲ့သင့်ပေမယ့် ဒီလို မလုပ်ခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုတွေကို လူ့အသိုက်အဝန်း နှစ်ခုအကြား ဖြစ်ပွားတဲ့ တိုက်ခိုက်မှု Communal violence လို့ ပုံဖော်ခဲ့ပါတယ်။ ကျွန်မ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်အနေနဲ့ တာဝန်ထမ်းဆောင်စဉ် အချိန်အတွင်း လေ့လာတွေ့ရှိချက်အရ ဒါက မမှန်ပါဘူး"
မစ္စယန်ဟီးလီက သူမ ကုလ အထူးသံတမန်အဖြစ် တာဝန်မစတင်ခင် လပိုင်းအလိုမှာ ဒူချီယာတန်းရွာ သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး ဒါကို စုံစမ်းစစ်ဆေးတာ မရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ လှေစီးပြီး ထွက်ပြေးဖို့ ကြိုးစားတဲ့ အကျပ်အတည်းဖြစ်လာခဲ့ရာမှာ အာဆီယံ နိုင်ငံတွေအနေနဲ့ ရိုဟင်ဂျာတွေ စီးလာတဲ့ လှေတွေကို ပင်လယ်ထဲ ပြန်တွန်းလွှတ်တာ မလုပ်တော့ဘဲ၊ ဒီကိစ္စကို ထိထိရောက် ရောက် ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ကြောင်း၊ ဒီရိုဟင်ဂျာ အကျပ်အတည်းဟာ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော် လွန်ပြီး အာဆီယံ ဒေသတစ်ခုလုံးကို သက်ရောက်လာနိုင်တဲ့အပြင် ကမ္ဘာ့အကျပ်အတည်း တစ်ခုဖြစ်လာမယ် လို့ မှန်းဆခဲ့တဲ့အတိုင်း ဖြစ်လာခဲ့တယ်လို့ သူမက ဆိုပါတယ်။
"လူမျိုးတုံး သတ်ဖြတ်မှုတွေဖြစ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် မတိုင်ခင် နှစ်ပတ်လောက်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်ရဲ့ တပ်မ တစ်ခုလုံးကို ချထားလိုက်တာအတွက် တစ် ကမ္ဘာလုံးက ဒီကိစ္စကို အာရုံစိုက်ပေးကြဖို့ ကျွန်မကိုယ်တိုင် သတင်းကြေညာချက် ထုတ်ပြန်ပြီး သတိပေးခဲ့ ပါတယ်။ တကယ်ဆို ဒီလိုလုပ်ဖို့ မလိုပါဘူး။ ရခိုင်မြောက်ပိုင်းမှာ ပြည်နယ်မှာ ညမထွက်ရအမိန့် ကာဖျူး ထုတ်ပြန်ထားပြီး၊ ခြံစည်းရိုးတွေ အားလုံးကို ချိုးဖျက်ထားတာတွေကို ကျွန်မ ကိုယ်တိုင် တွေ့ခဲ့ပါတယ်။ လူနေအိမ်တွေထဲမှာလည်း လက်နက်အဖြစ် သုံးလို့ရမယ့် မီးဖိုချောင်သုံး ဓါးပါမကျန်အောင် သိမ်ယူထား ပါတယ်။ ဒီလို မလိုအပ်ဘဲ တပ်မတစ်ခုလုံးချထားတဲ့ လုပ်ရပ်ကို ကမ္ဘာကြီးက အာရုံစိုက်ပေးခဲ့မယ်ဆိုရင် ဒီ သြဂုတ်လ ၂၅ ရက် အဖြစ်ဆိုးတွေကို ရှောင်လွဲနိုင်ခဲ့ပါလိမ့်မယ်"
အရပ်သား အစိုးရဟာ အဲဒီအချိန်က ဖြစ်ရပ်တွေကို ရိုဟင်ဂျာ သောင်းကျန်းသူတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန် ဆောင်ရွက်တဲ့ စစ်ဆင်ရေးအဖြစ်နဲ့သာ သတ်မှတ်ဖော်ပြခဲ့ကြပြီး၊ ရိုဟင်ဂျာ အရပ်သားတွေရဲ့ သေကြေပျက်စီးမှုတွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့သလို၊ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေလည်း မရှိခဲ့ကြောင်း၊ အစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်ဆိုတာဟာလည်း ဟန်ပြသာဖြစ်တယ်လို့ မစ္စ ယန်ဟီးလီက ပြောသွားပါတယ်။
လက်ရှိ အချိန်မှာလည်း အာဏာသိမ်း စစ်ကောင်စီဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကိုဗစ် ၁၉ ကာကွယ် ဆေး သုံးသောင်းချထားပေးရာမှာ ရိုဟင်ဂျာတွေကို လုံးဝ ထိုးနှံပေးခြင်း မရှိတာကို ထောက်ပြပြီး၊ စစ်တပ်က ရိုဟင်ဂျာတွေကို ဖိနှိပ်မှုတွေ ဆက်လုပ်နေပြီး အခုအချိန်မှာ ကိုဗစ် ၁၉ ကပ်ရောဂါကို လက်နက်အဖြစ် အသုံးပြုဖို့ ကြိုးစားနေတယ်လို့လည်း မစ္စ ယန်ဟီးလီက ပြောသွားပါတယ်။
လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ် အင်ဒရူးကလည်း ရိုဟင်ဂျာ တွေကို လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့သလို မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ရပ်တွေအတွက် အရေးယူခံရခြင်း မရှိတဲ့အတွက် ဆက်လက်ကျူးလွန်ဖို့ အကြောင်းပြချက်ဖြစ်နေတာကို ထောက်ပြပြောဆိုသွားပါတယ်။
ရိုဟင်ဂျာအရေး သုတေသီ ဦးနေစန်းလွင်ကလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအပြီးမှာ ရိုဟင်ဂျာတွေ အပေါ် ကိုယ်ချင်းစာ နားလည်မှုတွေ တိုးပွားလာတဲ့အခြေအနေတွေကို ပြောဆိုသွားပါတယ်။
အဲဒီနောက် မြန်မာ လူငယ်ခေါင်းဆောင်နဲ့ တက်ကြွလှုပ်ရှားသူ မသဌ္ဇာရွှန်းလဲ့ရည်၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင် မခင်ဥမ္မာ၊ ကျောင်းသားခေါင်းဆောင် ကိုနန်းလင်း၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဦးထွန်းခင်၊ မဝေဝေနု စတို့ကလည်း တက်ရောက်ပြီး ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရမှု အောက်မေ့ဖွယ် အထိမ်းအမှတ်အတွက် စကားပြောခဲ့ကြပါတယ်။