စစ်ကောင်စီနဲ့ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည်ဟုဆို

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.07.12
စစ်ကောင်စီနဲ့ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည်ဟုဆို ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: Myanmar Military

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့ကို ဇူလိုင် ၁ဝ ရက်နေ့ ညနေက ရောက်ရှိသွားပါတယ်။ အဲဒီခရီးစဉ်ဟာ တရားဝင်သွားရောက်ခဲ့တာမဟုတ်ဘဲ ပုဂ္ဂလိကခရီးစဉ်အဖြစ်နဲ့ သွားရောက်ခဲ့တာဖြစ်ကြောင်း ရုရှားအခြေစိုက်သတင်းဌာနတွေက ဖော်ပြကြပါတယ်။

စစ်ကောင်စီရဲ့ ဇူလိုင် ၁၂ ရက် ထုတ်ပြန်ချက်မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ မော်စကိုမြို့မှာ အလုပ်သဘောတွေ့ဆုံခဲ့ကြောင်း ရေးသားထားပါတယ်။

မော်စကိုအခြေစိုက် Interfax သတင်းမှာတော့ ရုရှားနဲ့မြန်မာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာပူးပေါင်းဆောင်ရွက်ရေးတွေအတွက် သဘောတူကြတယ်လို့ ရုရှားကာကွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး မနေ့က ရေးသားထားပါတယ်။

" နောက်တစ်ခုကတော့ သူ သံတမန်မျက်နှာစာမှာက အများကြီး ကျရှုံးနေတယ်။ အဲဒီတော့ အခုလိုမျိုးခရီးစဉ်ကြောင့် ပိုပြီးတော့ ကျရှုံးဖို့ ရှိတယ်ပေါ့"

အဲဒီအပြင် ရုရှားမှာ ကျင်းပနေတဲ့ ကာကွယ်ရေးစွမ်းရည် တိုးမြှင့်ရေးဆိုင်ရာ ပြိုင်ပွဲတွေ၊ လေ့ကျင့်ရေးတွေမှာ မြန်မာ့စစ်တပ်ပါဝင်နေပြီး ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေ၊ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေနဲ့ နှစ်နိုင်ငံအစိုးရကြား ကဏ္ဍပေါင်းစုံမှာ ဆက်လက်ပါဝင်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီခေါင်းဆောင်ရဲ့ ဒုတိအကြိမ် ရုရှားနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။

နိုင်ငံတကာမှာ သံတမန်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ရုရှားကို သွားပြီး ထပ်မံချဉ်းကပ်တာ ဖြစ်နိုင်တယ်လို့ NUG အစိုးရရဲ့ ချက်သမ္မတနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။

"ကျွန်တော်နားလည်သလောက်ကတော့ တရားဝင်နိုင်ငံရေးခရီးစဉ်တော့ မဟုတ်ဘူးပေါ့။ ပုဂ္ဂလိကခရီးစဉ် တိုးတိုးတိတ်တိတ်ကလေးနဲ့ နည်းလမ်းသွားရှာတာ။ ရုရှားနဲ့ ပိုနီးရေးပေါ့။ ကြိုးစားအားထုတ်တဲ့ ခရီးစဉ်လို့ ကျွန်တော်ဒီလိုမျိုးနားလည်ပါတယ်လို့။ နောက်တစ်ခုကတော့ သူသံတမန်မျက်နှာစာမှာက အများကြီး ကျရှုံးနေတယ်။ အဲဒီတော့ အခုလိုမျိုးခရီးစဉ်ကြောင့် ပိုပြီးတော့ ကျရှုံးဖို့ ရှိတယ်ပေါ့။ ရုရှားရဲ့ ယူကရိန်းအပေါ်မှာ ကျူးကျော်စစ်ကြောင့် နိုင်ငံတကာကနေပြီးတော့ ဒီကန့်ကွက်မှုတွေ ရှိနေကြတယ်။ ဒီထဲမှာပဲ ဒီအာဏာသိမ်းစစ်ခေါင်းဆောင်က သူပဲ ရုရှားစစ်ကို ထောက်ခံအားပေးခဲ့တယ်ပေါ့လေ။ ဆိုလိုတဲ့သဘောကတော့ မိစ္ဆာချင်းပေါ့။ သူတို့မိတ်ဖွဲ့တဲ့ သဘောလို့ ကျွန်တော်မြင်ပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ရုရှားရဲ့ နိုင်ငံရေး စစ်ရေး အကူအညီတွေ ပိုရရေးအတွက် သူဘယ်လိုတွေ ကြိုးစားမလဲဆိုတာတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့ခင်ဗျာ"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဆက်သွယ်မေးမြန်းတဲ့အခါ သူတို့ထုတ်ပြန်ချက်အတိုင်းသာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်မှာတော့ ခရီးစဉ်အတွင်း ရုရှားမှာဖွင့်လှစ်မယ့် မြန်မာ့ယဉ်ကျေးမှုရေးရာဌာန Myanmar Center ဖွင့်ပွဲကို တက်ရောက်ဖို့ စီစဉ်ထားကြောင်း၊ ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း အာကာသကော်ပိုရေးရှင်းတွေက အထွေထွေညွှန်ကြားရေးမှူးချုပ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရေးသုတေသီ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီခေါင်းဆောင်ရဲ့ ဒီခရီးဟာ လောင်စာနဲ့ ငွေကြေးအလွှဲအပြောင်း ကိစ္စတွေလည်း ပါနိုင်တယ်လို့ အခုလို သုံးသပ်ပါတယ်။

"မြန်မာစင်တာ ဖွင့်လှစ်ရေးဆိုတဲ့ကိစ္စကတော့ သူသွားမှမဟုတ်ပါဘူး။ တခြားလူဖွင့်လည်း ရပါတယ်။ အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင်ရောက်နေတဲ့အချိန်မို့လို့ ဝင်သွားတာလည်း ဖြစ်နိုင်ပါတယ်။ နောက် အနုမြူစွမ်းအင်နဲ့ ပတ်သက်တဲ့ ဘာညာကိစ္စတွေကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ထုံးစံအတိုင်းပဲ စိတ်ကူးယဉ်အိပ်မက်တွေ မက်ပြီးတော့ လျှောက်ပြောနေတာလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ တကယ့်လိုအပ်ချက်က အခုသီရိလင်္ကာမှာ ဖြစ်သလို ဆီဈေးတွေတက် နောက်ဆီတွေ ပြတ်ဆိုတဲ့အနေအထားတစ်ခု အောက်မှာ အရောင်းအဝယ် ကိစ္စအတွက်တော့ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနိုင်တယ်လို့ ကျွန်တော်ကတော့မျှော်မှန်းကြည့်ပါတယ်။ အနောက်တိုင်းနိုင်ငံတွေက သူ့ကိုစီးပွားရေးပိတ်ဆို့မှုတွေ ငွေကြေးပိတ်ဆို့မှုတွေ လုပ်လာတဲ့အခါမှာ အခုကအရောင်းအဝယ် လုပ်တဲ့ နေရာမှာ ရုရှား exchange စနစ်တစ်ခုပေါ့ဗျာ။ သူထူထောင်ထားတယ်လို့ ကြားတယ်ဗျ။ အဲဒီထူထောင်ထားတဲ့ Exchange စနစ်ကို မင်းအောင်လှိုင်က တောင်းတယ်လို့လည်း ဆိုကြတယ်။ အဲဒါကို ရုရှားက ပေးမယ်လို့လည်းပြောတယ်။ ဒါဘယ်မဲ့ အတိအကျ ဘယ်လိုစနစ်ဆိုတာတော့ မသိပါဘူးဗျ"

ရုရှားနဲ့ စစ်ကောင်စီဟာ အရင်ကတည်းက စစ်ဘက်ဆိုင်ရာဆက်ဆံရေးအားကောင်းခဲ့တဲ့အတွက် လက်ရှိမှာလည်း ရုရှားက ပညာရှင်တွေ မြန်မာပြည်ကို ဝင်ထွက်သွားလာနေတဲ့ သတင်းတွေ ရထားတယ်လို့ ဦးလင်းသန့်က ပြောပါတယ်။

"စစ်အာဏာသိမ်းပြီးတော့လည်းပဲ ရုရှားဒုတိယဝန်ကြီးဟာဖြင့် ၂၇ ရက် ပွဲလာတက်သွားသေးတာကို။ အဲဒီနောက်ပိုင်းမှာ သူတို့ဆီကနေပြီးတော့ ရုရှားဘက်ကနေပြီးတော့ မြန်မာပိုင်းလော့တွေကို ဒီလေ့ကျင့်မှုတွေပေးဖို့ တခြားနည်းပညာဆိုင်ရာ လေ့ကျင့်မှုတွေပေးဖို့ဆိုတဲ့ ရုရှားကျွမ်းကျင်ပညာရှင်တွေ ရောက်နေတယ် ဆိုတာ ကျွန်တော်တို့ သတင်းအချက်အလက်တွေ အများကြီးရတယ်ခင်ဗျ"

viber_image_2022-07-13_00-25-32-767.jpg
၂ဝ၂၂ ခုနှစ် ဇူလိုင်လက ရုရှားနိုင်ငံ၊ ကာလုဂါပြည်နယ်၊ Ethnomir ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်ကို ရောက်ရှိလာကြသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့။ (Photo: Myanmar Military)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ Ethnomir ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်မှာရှိတဲ့ ရွှေစည်းခုံစေတီတော်မှာ စိန်ဖူး၊ ငှက်မြတ်နားနဲ့ ထီးတော်တင်လှူဒါန်းပူဇော်ပွဲနဲ့ ဗုဒ္ဓါဘိသေကာ အနေကဇာတင် မင်္ဂလာအခမ်းအနားတက်ရောက်မှာ ဖြစ်ကြောင်းလည်း မနေ့ညက ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီခေါင်းဆောင်နဲ့အတူ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် တို့လည်း လိုက်ပါသွားပြီး၊ သူတို့အဖွဲ့ကို ရုရှားကာကွယ်ရေးဌာန ဒု-ဝန်ကြီးဆယ်ဦးကျော်ထဲက တစ်ဦးက လေဆိပ်မှာ ကြိုဆိုတယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ နှစ်နိုင်ငံ စီးပွားရေး၊ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စစ်ဘက် အရပ်ဘက်သင်တန်းသားတွေ စေလွှတ်နိုင်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး စတဲ့ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း၊ ဒါ့ပြင် ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်တွေအတွက် နည်းပညာလိုအပ်ချက်တွေ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ နျူကလီးယားစွမ်းအင် စတာတွေအပါအဝင် နှစ်နိုင်ငံကြား ပို့ကုန်၊ သွင်းကုန် ကဏ္ဍ အဆင့်မြှင့်တင်ရေးတွေ ဆွေးနွေးခဲ့ကြကြောင်းလည်း ဖော်ပြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။