တိုင်းပြည်အပြောင်းအလဲဖြစ်နိုင်သလို PR စနစ် ကျင့်သုံးလာဖွယ်ရှိလို့ ဝေဖန်သံတွေ ပေါ်ထွက်
2021.02.10
ပြည်လုံးကျွတ်ဆန္ဒပြပွဲတွေ ဆက်လက်အရှိန်မြင့်နေချိန်မှာ စစ်အစိုးရက လုံခြုံရေး တိုးမြှင့်ဆောင်ရွက်တဲ့ သတင်းတွေကြောင့် အကြမ်းဖက်ဖြိုခွဲမှုတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေသူတွေ ရှိသလို ပြည်သူတွေရဲ့ ညီညွတ်မှုကြောင့် တိုင်းပြည်ရဲ့ အခြေအနေ ပြောင်းသွားနိုင်တယ်လို့ ရှုမြင်သူတွေလည်း ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တခြားအာဏာသိမ်း စစ်ခေါင်းဆောင်တွေနည်းတူ အချိန်ဆွဲကာ ရွေးကောက်ပွဲအသစ်ကျင်းပပြီး PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖွယ်ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“အခု ဗိုလ်ချုပ်မင်းအောင်လှိုင်လည်း အဲလို ဆွဲဆန့်မှာ။ ဦးသိန်းညွန့်တို့ ဦးခင်မောင်ဆွေတို့နဲ့ ပေါင်းပြီး PR စနစ်ကို လုပ်မှာ။ PR စနစ်လုပ်ပြီးရင် သူလဲမနိုင် ကိုယ်လဲမနိုင် စုပေါင်းပီး သူက သမ္မတ တက်လုပ်၊ လုပ်ပြီး ရနိုင်သလောက် အုပ်ချုပ်သွားမှာ နှစ် ၂ဝ လောက်ဆွဲသွားမှာ ၊ အဲဒါနဲ့ တသက်လုံးအုပ်ချုပ်ဖို့ စစ်တပ်က အကွက်ချတာ။ နောက်မျိုးဆက်ကလေးတွေကတော့ သူတို့က ဘာဆုံးဖြတ်ချက်နဲ့ တိုက်ပွဲဝင်နေကြသလဲဆိုတော့ ငါတို့လက်ထက်မှာ ဒါကို အပြတ်ဖြတ်မယ် လူငယ်ထုအားလုံးရဲ့ရင်ထဲမှာ အဲလိုဖြစ်နေတာ အံံ့သြဖွယ်တွေ့ရတယ် ဒါ ဝမ်းလဲ ဝမ်းသာစရာပေါ့နော်။”
လက်ရှိအကျပ်အတည်းရဲ့ထွက်ပေါက်အဖြစ် စစ်အစိုးရအနေနဲ့ ကြားဖြတ်အစိုးရတခုဖွဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုရင်တော့ တိုင်းပြည်ထိခိုက်မှု သက်သာနိုင်တယ်လို့လည်း သူက ပြောပါတယ်။
“ကြားဖြစ်မဲ့လူတွေခေါ်ပါ၊ ကြားဆိုတာ စစ်တပ်ကို တသက်လုံးထောက်ခံပြီး နေတဲ့သူတွေက ကြားမဟုတ်ဘူးလေ။ ထိုနည်းတူဘဲ NLD အခိုင်အမာထောက်ခံသူတွေရှိမယ်။ အဲဒီလူတွေလဲ ကြား မဟုတ်ဘူးဆိုရင် မခေါ်နဲ့ပေါ့။ လက်ရှိ တရားဝင်ဖွဲ့စည်းထားတဲ့ မှတ်ပုံတင်ရထားတဲ့ ပါတီကြီးတွေ ရှိမယ်။ ပါတီကြီးတွေလို့ ဘာလို့ပြောလဲဆိုရင် တချို့က လူငါးယောက်နဲ့ တိုက်ခန်းတောင် မရှိဘူး ကိုယ့်အိမ်ကိုယ် ဆိုင်းဘုတ်တင်ထားတာ ဘာမှမဟုတ်ဘူး လုပ်စားနေတာ။ တကယ့် ပါတီကြီးတွေ လူမျိုးစု ပါတီခေါင်းဆောင်တွေနဲ့ စစ်တပ်ကပါတဲ့ အစည်းအဝေးတခု ကျင်းပဖို့ စစ်တပ်က ဦးစီးပြီး ခေါ်ပေးစေချင်တယ်။ ခေါ်ပေးပြီးတော့ ကြားဖြတ်အစိုးရတစ်ရပ် ထူထောင်ပါ။ အဲဒီမှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်မဲ့သူတွေ ကြားဖြတ်အစိုးရမှာ မပါရဘူး၊ တပ်လဲ မပါရဘူး။ အဲဒီတော့ သူလိုလားတဲ့သူကို သူတို့ကလည်း အဆိုပြု၊ NLD ကလည်း အဆိုပြုပေါ့။ အဲဒီ ကြားဖြတ်အစိုးရက ရွေးကောက်ပွဲ လုပ်ပေးရမယ်။ အဲ ရွေးကောက်ပွဲကို ၁ နှစ်အတွင်းလုပ်ရမယ်။ ၁၉၈၈ နဲ့ ၂ဝ၂၁ မှာ အခု အာဏာသိမ်းတဲ့သူတွေကို နောက်ကြောင်းပြန် အရေးမယူပါဘူးလို့ ကျနော်တို့ဘက်က အာမခံချက်ပေးရမယ်။ သူတို့ဘက်ကလဲ ဒါကိုတောင်းမှာပဲ။ ရွေးကောက်ပွဲ ကော်မရှင်တရပ်ကို ကြားဖြတ်အစိုးရက ဖွဲ့ပေးရမယ်။ နောက်ရွေးကောက်ပွဲ ကျင်းပမယ်။ ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ရွေးကောက်ပွဲ အနိုင်ရပါတီကို သူက ကြေညာပြီးတာနဲ့ တပြိုင်နက် ဖျက်သိမ်းပစ်ရမယ်။”
ပြင်ဦးလွင်ရှိ အာရှအလင်းရောင်ဆရာတော် အရှင်စိန္တိတ ကတော့ ပြည်သူတွေအကျိုးအတွက် သက်ဆိုင်ရာ ခေါင်းဆောင်တွေဆွေးနွေးအဖြေရှာသင့်တယ်လို့ မိန့်ကြားပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေက စပြီး ဆန္ဒပြကြတာ ဝန်ထမ်းဌာန တော်တော်များများ ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ဆန္ဒပြကြတာ ဦးဇင်းတွေ့နေရတယ်။ အဲဒီထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ပြည်သူ့ရဲတွေကလည်း တစိတ်တဒေသ တချို့ ပြည်သူနဲ့ ပူးပေါင်းသွားတယ် ဆိုတယ် ၊ ရဲ ဝန်ထမ်း ၄ဝ ပေါ့လေ။ တခြား တိုင်းနဲ့ပြည်နယ်မှာလဲ တခြားရဲတချို့ ပြည်သူနဲ့ ပေါင်းတာ ဘုန်းကြီးတို့ တွေ့ရပါတယ်။ ဒီလိုပါဝင်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ဆောင်ရွက်မှုဟာ ပြည်သူနဲ့ တသားတည်းကျတာ တွေ့နေရတော့ အခြေအနေက တမျိုး ပြောင်းသွားနိုင်စရာရှိတယ်လို့ ဘုန်းဘုန်းကတော့ သုံးသပ်ပါတယ်။ မြင်ရ တွေ့ရ ကြားနေရတာ အင်မတန်ပင်ပန်းပါတယ် ဘုန်းဘုန်းတို့ကတော့ ဖြစ်နိုင်ရင် ညှိလိုက်စေချင်တယ်။ ငြိမ်းချမ်းအောင် လုပ်စေချင်ပါတယ်၊ လုံးဝဥသုံ ပျက်သုန်းရေးဆိုပြီးတော့ တဖက်နဲ့တဖက် စိတ်တွေ မွေးကြမယ်ဆိုရင်တော့ တိုင်းပြည်က လှသွားစရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။”
လက်ရှိအခြေအနေမှာ ပြည်သူလူထုနဲ့အတူ အစိုးရဝန်ထမ်းတွေ တညီတညွတ်တည်း CDM လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေအနေနဲ့ မလွှဲမရှောင်သာဘဲ လူထုဆန္ဒကို လိုက်လျောရလိမ့်မယ်လို့ ဆန္ဒပြပွဲခေါင်းဆောင်တွေက ယုံကြည်ပြောဆိုနေပါတယ်။