စစ်ကောင်စီ ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်း
2023.04.27

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ပြန်လျှောက်တဲ့ နိုင်ငံရေးပါတီတွေကို ခွင့်ပြုချက်ချပေးနေပြီး ဧပြီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့ နိုင်ငံရေးပါတီငါးခု ရှိနေပါပြီ။
စစ်ကောင်စီအလိုကျ ရွေးကောက်ပွဲကျင်းပဖြစ်လို့ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ USDP အနိုင်ရခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။
USDP သာနိုင်သွားလို့ရှိရင် အရပ်သားအစိုးရလက်အောက်ကို ရောက်သွားပြီလို့ ကြေညာမယ်။ စစ်တပ်အာဏာသိမ်းထားတာ မဟုတ်တော့ဘူးဆိုတဲ့ ပုံစံနဲ့ အာဏာသိမ်းတဲ့ ကာလတလျှောက်လုံးမှာ စစ်တပ်က လုပ်ထားတဲ့ ရာဇဝတ်မှုတွေကို ပြည်ဖုံးကားချပြီးတော့...
ရွေးကောက်ပွဲကော်မရှင်က အင်အားကြီးလည်းပါတီလည်းဖြစ် စစ်တပ်ရဲ့ ကျောထောက်နောက်ခံ ပါတီလည်းဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဧပြီလ ၂၀ ရက်နေ့က မှတ်ပုံတင်ခွင့်ပြုပြီးနောက်ပိုင်းမှာ ရန်ကုန်အခြေစိုက် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီပါတီသစ် (ကချင်)ပါတီတွေကို မှတ်ပုံတင်ခွင့်ပေးလိုက်တာပါ။
“မဲပေးရွေးချယ်တဲ့အခါမှာ တိုင်းပြည်ကို အရိုးနဲ့သွေးနဲ့ကာတဲ့လူမျိုးတွေ၊ အဲ့ဒီလူမျိုးတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းမျိုးကို ထောက်ခံရမှာ”

ဒါကတော့ စစ်တပ်မှာ ဗိုလ်မှူးချုပ်၊ ရဲတပ်ဖွဲ့မှာ ရဲချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီက အခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရမည်းသင်းမြို့နယ်မှာ USDP ပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောလိုက်တာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်အဖြစ်နဲ့ ရွေးကောက်ပွဲကျင်းပပြီး USDP ကို အာဏာ လွှဲပေးဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ တကယ်လို့ စစ်ကောင်စီ အလိုကျ USDP ပါတီ အာဏာရလာမယ်ဆိုရင် မြန်မာနိုင်ငံရေးအခင်းအကျင်းက ဘယ်လိုအပြောင်းအလဲတွေ ကြုံရနိုင်ပါသလဲ။
“USDP သာနိုင်သွားလို့ရှိရင် အရပ်သားအစိုးရလက်အောက်ကို ရောက်သွားပြီလို့ ကြေညာမယ်။ စစ်တပ်အာဏာသိမ်းထားတာ မဟုတ်တော့ဘူးဆိုတဲ့ ပုံစံနဲ့ အာဏာသိမ်းတဲ့ ကာလတလျှောက်လုံးမှာ စစ်တပ်က လုပ်ထားတဲ့ ရာဇဝတ်မှုတွေကို ပြည်ဖုံးကားချပြီးတော့ စစ်တပ်ကပဲ ဒီမိုကရေစီကို ပြန်ပေးတာဖြစ်တယ်။ NLD လက်ထက်တုန်းက မဲလိမ်မဲခိုးလို့သာ ဒီ…စစ်တပ်က အာဏာမသိမ်းချင်ဘဲ သိမ်းလိုက်ရတာဆိုတဲ့ ပုံစံမျိုးနဲ့ နိုင်ငံရေးထွက်ပေါက် ပြန်ရှာတာပါပဲ။ တကယ်တမ်းကျတော့ အခုအချိန်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အုပ်စုတွေအကုန်လုံးက နိုင်ငံရေးထွက်ပေါက် ပိတ်နေတယ်။ သူတို့လုံခြုံရေးအရ ပြီးတော့ စစ်တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးမယ့် အစိုးရတစ်ရပ်ကိုပဲ ကိုယ့်ဖဲကိုယ်ချိုးပြီး တင်မှာပါပဲ။”
ဒါကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းသွေးသစ် ပြောသွားတာပါ။
၂၀၂၀ ရွေးကောက်ပွဲမှာ မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီ ၉၀ ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီအစရှိတဲ့ ပါတီ ၅၀ ကျော် က စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်တင်ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ အစရှိတဲ့ ပါတီ ၄၀ ကျော်က မှတ်ပုံပြန်မတင်ခဲ့ပါဘူး။
အရင် ရခိုင်အမျိုးသားပါတီဝင်ဖြစ်ခဲ့ပေမယ့် လက်ရှိစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မထောက်ခံသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ USDP မှအပ တခြားနိုင်ငံရေးပါတီတွေဟာ အိမ်ဖြည့်ခံသပ်သပ်သာဖြစ်လိမ့်မယ်လို့ ထောက်ပြပါတယ်။
“စကစလုပ်မယ့် ရွေးကောက်ပွဲဟာ ဖြစ်လာရင်တောင်မှ ဘယ်လိုမှ တရားမျှတမှုမရှိဘဲနဲ့ ဟန်ပြသဘောမျိုး အစိုးရအဖွဲ့ကို ဖွဲ့ပြီးတော့ သူတို့ လုပ်ကောင်းလုပ်နိုင်တယ်။ ဘယ်လိုမှ တခြားပါတီတွေအတွက် အခွင့်အလမ်းဆိုတာ မရှိဘူး။ အိမ်ဖြည့်ခံသပ်သပ်ပဲဖြစ်တယ်။ USDP ဆိုတာ သိတဲ့အတိုင်းပဲ စစ်တပ်အရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ပေါ့။ သူတို့ရဲ့ Mindset ကိုက စစ်အာဏာရှင်ဝါဒကိုပဲ အားပေးတာ၊ ဒီမိုကရေစီတို့ ဖက်ဒရယ်တို့ဆိုတာက မလွှဲသာ၊ မရှောင်သာလို့ ပါးစပ်ထဲမှာ ထည့်ပြောနေရပေမယ့် အဲ့ဒါတွေကို သိပ်ကြိုက်တဲ့ အဖွဲ့အစည်းတော့မဟုတ်ဘူး။ အဲ့တော့ သူတို့အာဏာရရင်လည်း ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ဆိုတာ မလွှဲသာမရှောင်သာလို့ ပေးရင်တောင် နည်းနည်းလေး နည်းနည်းလေး အချိန်ကို ဆွဲပြီးတော့ လုပ်သွားမယ့် သဘောရှိတယ်။”

NLD ပါတီရဲ့ စမ်းချောင်းမြို့နယ်ပါတီဒုဥက္ကဋ္ဌ ဦးဘိုဘိုဦးကလည်း USDP အနိုင်ရခဲ့ရင် ဖြစ်လာမယ့် နိုင်ငံရေးအခင်းအကျင်းဟာ မြန်မာ့နိုင်ငံရေး ထွက်ပေါက်မဟုတ်ဘဲ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ထွက်ပေါက်သာ ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုပါတယ်။
“မြန်မာ့နိုင်ငံရေးကို ထွက်ပေါက်ရှာတဲ့ဟာ မဖြစ်နိုင်ဘူး။ အကြမ်းဖက်စစ်ခေါင်းဆောင်တစ်ယောက်ရဲ့ ထွက်ပေါက်သာလျှင်ဖြစ်လိမ့်မယ်ဆိုတာ နိုင်ငံတကာကို ရှင်းလင်းပြောကြားထားတာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့အမြင်ကို လက်ခံတယ်ဆိုတဲ့အကြောင်း သူတို့ရဲ့သဘောထား ထုတ်ပြန်ချက်တွေမှာလည်း တွေ့ပြီးသားဖြစ်ပါတယ်။”
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကတော့ အစုအဖွဲ့တစ်ဖွဲ့၊ လူမျိုးတစ်မျိုးကပဲ အာဏာရယူတဲ့ အခြေအနေတွေကနေ တိုင်းပြည်က လက်ရှိအခြေအနေ ထိရောက်သွားတာဖြစ်လို့ အာဏာကိုအတင်းအဓမ္မရယူထားတာကို လက်လွှတ်လိုက်ဖို့ တိုက်တွန်းပါတယ်။
“ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာက စုပေါင်းခေါင်းဆောင်မှုမရှိခြင်းကနေ စတယ်လို့ ကျွန်တော်တို့ မြင်တာပဲ။ တစ်ဦးတစ်ဖွဲ့ဒါမှမဟုတ် လူမျိုးတစ်စုတစ်ဖွဲ့ကပဲ။ တိုင်းပြည်ရဲ့အာဏာကို အတင်းအဓမ္မရယူလိုက်တဲ့ အခြေအနေကနေ နောက်ဆုံးဒီနေ့ အာဏာသိမ်းတဲ့ဟာမျိုး တတိယအကြိမ်အထိ ဆက်ဖြစ်လာတာပေါ့နော်။ အဲ့ဒါကို သင်ခန်းစာမယူဘဲနဲ့ အားလုံးစုပေါင်းပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးကို မဖော်ဆောင်နိုင်ဘူး။ ပြည်သူကိုယ်တိုင်က ဦးဆောင်ပါဝင်တဲ့ အစိုးရအဖွဲ့မျိုးကို တရားဝင် မဖော်ဆောင်နိုင်ဘူးဆိုလို့ရှိရင် ဒီဟာက ဇာတ်မျှောဖြစ်မှာပေါ့။ လက်ရှိအာဏာရယူထားတဲ့ အဖွဲ့အစည်းအနေနဲ့ရော ရှေ့ဆက်လက်တွဲသွားမယ့် ပါတီအဖွဲ့အစည်းအနေနဲ့ပါ တိုင်းပြည်ရဲ့အကျိုး ရှုမျှော်ပြီးတော့မှ အာဏာကို လက်လွတ်စပယ်ရယူတာမျိုးကို စွန့်လွှတ်သင့်ပြီလို့”
အမေရိကန်အပါအဝင် မြန်မာနိုင်ငံဒီမိုကရေစီရရှိရေး လိုလားကြတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း အသီးသီးထုတ်ဖော်ပြောဆို ထားကြပြီးဖြစ်ပါတယ်။