ရုရှားစစ်လက်နက်တွေ ဘယ်တုန်းက စတင်ဝယ်ယူခဲ့သလဲ
2022.03.11

ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရုရှား-မြန်မာစစ်ရေးဆက်ဆံမှုစတင်ပြီး ၂ဝ၁၄ ကနေ ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာစစ်တပ်ကဝယ်ယူတင်သွင်းတဲ့ စစ်လက်နက်ပစ္စည်း ထက်ဝက်နီးပါးက ရုရှားကဖြစ်ပါတယ်။
လူ့အခွင့်အရေးမှတ်တမ်းမကောင်းတဲ့ စစ်အစိုးရအဆက်ဆက် တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ကြားဝင်မစွက်ဖက်တဲ့မူနဲ့ ရွှေလမ်း-ငွေလမ်းအခင်းမပျက်တဲ့ အာဆီယံ-အရှေ့တောင် နိုင်ငံများအသင်းဟာ ခုစစ်ကောင်စီလက်ထက်မှာ ပုံစံပြောင်းသွားချိန်မှာ စစ်ခေါင်းဆောင် တွေဟာ ရုရှားနဲ့ ပိုနီးစပ်သွားပါတယ်။
တကယ်တော့လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂ဝ၁၃ ကစလို့ ရုရှားကို ခုနှစ်ကြိမ်ထက်မနည်း သွားရောက်ထားသူဖြစ်ပါတယ်။
ခုမှသာ ရုရှားနဲ့ မြန်မာစစ်တပ် နီးစပ်တဲ့ သတင်းတွေ ထင်ထင်ပေါ်ပေါ်ရှိလာပေမယ့် စိတ်ဓာတ်ရေးရာ စစ်ဆင်ရေး psywar ပညာကျွမ်းကျင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက ရုရှား-မြန်မာစစ်ရေးဆက်ဆံမှုစတင်ပြီး ၂ဝ၁၆ ခုနှစ် ဇွန်လမှာ ရုရှား-မြန်မာစစ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်လက်မှတ် ရေးထိုး ခဲ့ပါတယ်။
ရုရှားကိုလည်း ပညာတော်သင်အဖြစ် စစ်အရာရှိ ၇ဝဝဝ ကျော်လောက်စေလွှတ်ပြီး စစ်တပ်ကို ရုရှားပြန်တွေနဲ့ အားဖြည့်ထားပါတယ်။
တရုတ်လက်နက်ပဲအားကိုးနေရာက ၂ဝ၁၄ ခုနှစ်ကနေ ၂ဝ၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံက ဝယ်ယူတင်သွင်းတဲ့ လက်နက်ထက်ဝက်နီးပါးဟာ ရုရှားကဖြစ်ပြီး လေတပ်အတွက် ဝယ်ယူတာလို့ သြစတေးလျ အမျိုးသားတက္ကသိုလ် အာရှပစိဖိတ်ရေးရာ New Mandala စာစောင်က ဖော်ပြပါတယ်။
လေယာဉ်ဝယ်တော့မယ်ဆိုရင် လေတပ်ဝန်ထမ်းတွေကို ရုရှားစေလွှတ်တယ်လို့ နေပြည်တော် လေတပ်စခန်းကနေ ပြည်သူ့ဘက်ပြောင်းလာတဲ့ လေသူရဲ ဗိုလ်ကြီး ဇေသူအောင် က ပြောပါတယ်။ ပြည်တွင်းမှာ ပြန်လေ့ကျင့်ပေးနိုင်မယ့် လေသူရဲတွေ ရွေးချယ်စေလွှတ်ပြီး စက်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေလည်း ရုရှားမှာ သင်တန်းတက်ရတယ်လို့ ပြောပါတယ်။
“လေယာဉ်တစ်စီး ဝယ်တော့မယ်ဆိုရင် အဲဒီလေယာဉ်နဲ့ပတ်သက်ပြီးတော့မှ ပထမဦးဆုံး ရွေးချယ်လိုက်တဲ့သူ၊ ကက(လေ)ကနေ ရွေးချယ်လိုက်တဲ့သူ။ ရွေးတဲ့အထဲမှာ ဘာပါမလဲဆိုရင် ပိုင်းလော့တွေ ပါမယ်၊ ငါးယောက် လွှတ်မလား ခြောက်ယောက် လွှတ်မလား သူတို့ရွေးချယ်လိုက်တဲ့သူတွေရှိမယ်။ ပိုင်းလော့ တွေကတော့ အများသော အားဖြင့်ကတော့ အဲဒီလေယာဉ်နဲ့ပတ်သက်ပြီး တခြား တစ်ယောက်ကို ပြန်ပြီး သင်ပြပေးနိုင်တဲ့ လူကို အဓိကထားပြီး ရွေးချယ်တယ်၊ နောက်ပြီးတော့ စက်မှုလက်မှု စစ်သည်တွေ ပါမယ်၊ အင်ဂျင်နီယာအရာရှိတွေပါမယ်၊”
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က စတင်တဲ့ ရုရှားလက်နက်ဝယ်ယူရေး စီမံကိန်းကို တဘက်က အကောင်အထည်ဖော်ရင်း စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ၂ဝ၂၁ ခုနှစ် ဇွန်လမှာ ရုရှားနိုင်ငံကို သွားရောက်ပါတယ်။
ရုရှားလိုပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် တရုတ်က မြန်မာစစ်တပ်ကို လက်နက် ရောင်းချတာမို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကိုက မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ထောက်ပြပါတယ်။

စစ်ကောင်စီကို ဒီလိုလက်နက်ရောင်းချပေးတဲ့အတွက် အရပ်သားတွေ ပိုမို သေဆုံး ရတယ်လို့ ဂျာမဏီနိုင်ငံမှာ နေထိုင်နေတဲ့ လူ့အခွင့်အရေး လေ့လာသူ Nickey Diamond က ရှုမြင်ပါတယ်။
ရုရှားလုပ် တိုက်ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်ဆင်မယ့်နေရာကို အရောက်ပို့ပေးနိုင်ပြီး ရွာတွေကို ဝင်စီးနင်းတိုက်ခိုက်နိုင်ပါတယ်။
ဒါပေမဲ့ စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်မှာ ရွာတွေမီးရှို့ဖျက်ဆီးခံရမှုတွေဟာ PDF လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA ကို ပြောဖူးပါတယ်။
“စစ်ကိုင်းမှာ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရင်တုန်းက ရွာတွေကို အတင်းစည်းရုံးပြီးတော့ အကြမ်းဖက်လုပ်ငန်းတွေလုပ်တယ်။ အဲဒီရွာတွေအနေနဲ့ ကလည်း သူတို့နယ်မြေဒေသမှာ ဒါမျိုးတွေ လုပ်နေတာ မတည်မငြိမ်နဲ့ ဖြစ်နေတဲ့ အတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပြီး NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေကို ပြန်လည် ပြီးတော့ ကာကွယ်နေတာရှိတယ်။ အဲလိုလုပ်နေတဲ့ ရွာတွေကိုပဲ PDF အမည်ခံ အကြမ်းဖက်သမားတွေက စုစည်းပြီးတိုက်တယ်။ တိုက်ပြီးရင် ရွာကို မီးရှို့သွားတယ်”
PDF တွေကို နှိမ်နင်းတဲ့အခါ စစ်ကောင်စီဟာ ရုရှားလုပ်တိုက်ရဟတ်ယာဉ် အသုံးများ ပါတယ်။ စစ်ကောင်စီလက်အောက်မှာတင် စစ်လက်နက် ထုတ်လုပ်ရေး စက်ရုံရှိတာမို့ ကျည်ဆံတွေ ဖောဖောသီသီ သုံးနိုင်တယ်လို့ ပြောပါတယ်။
လောလောဆယ် အခင်းအကျင်းမှာ ရုရှားစစ်လက်နက်ပစ္စည်းတွေက စစ်ကောင်စီအတွက် အကျိုးဖြစ်ထွန်းနေပြီး ပြည်ပလုပ်ငန်းတွေ မြန်မာနိုင်ငံက ရုတ်သိမ်းသွားချိန်မှာ စစ်အစိုးရ အဆက်ဆက် အားကိုးရတဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း မျှော်လင့်နေပါတယ်။