လွိုင်ကော်ကို စစ်ကောင်စီ တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိ
2022.01.11

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကရင်နီတပ်မတော် KA/KNDF နဲ့ PDF ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပါတယ်။ ဇန်နဝါရီလ ၁၁ ရက် မနေ့ မနက်ပိုင်းကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၂ဝ ကျဆုံးပြီး PDF ဘက်က တစ်ဦး ကျဆုံးတယ်လို့ KNDF ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က ကြေညာပါတယ်။ ညနေပိုင်းမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ် နှစ်စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာရှိနေတဲ့ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး တာဝန်ခံ ကိုကျော်ထက် က မနေ့ကညဦးပိုင်းမှာ RFA ကိုပြောပါတယ်။
“လွိုင်ကော်မှာကတော့ ဒီနေ့ညနေ ၅ နာရီ ၄၉ လောက်က စပြီးတော့ မိနစ် ၂ဝ လောက်အထိ မိုင်းလုံးနဲ့ ၆ မိုင်တခွင်ကို လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။ ပြီးတော့ အပေါ်က စက်သေနတ်တွေနဲ့ ပစ်တယ်။ ဖိုက်တာ တွေနဲ့ ပစ်တာ နှစ်စီး၊ တစ်စီး တစ်စီးကို အနည်းဆုံး သုံးကြိမ်လောက်ဝဲပြီး ပစ်သွားတာ။ အတော်ကို ရက်ရက်စက်စက်ပစ်တာ၊ လေယာဉ်သုံးတယ်ဆိုတာ သူတို့ဘက်က အကျအဆုံးများတဲ့အတွက်လို့ ထင်တယ်။”
အာဏာသိမ်းစစ်ကောင်စီဟာ ကယားပြည်နယ်အနေနဲ့ လွတ်မြောက်နယ်မြေတစ်ခုဖြစ်လာမှာကို အကြီးအကျယ်စိုးရိမ်နေတယ်လို့လည်း ကိုကျော်ထက်က ပြောပါတယ်။
“KNDF ရော ကျနော်တို့ KDF အပါအဝင် PDF တွေကတော့ မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲဖို့ အားလုံးကြိုးစား နေတယ်။ စစ်ကောင်စီဘက်ကလည်း ကယားပြည်နယ်ကို ထန်တလန်ထက် ဆိုးဝါးတဲ့အခြေအနေမျိုး သူတို့ ဖန်တီးလိမ့်မယ်လို့ ကျနော်တို့ သုံးသပ်ထားတယ်။ ဘာလို့လဲဆိုတော့ ကယားပြည်နယ်က မြို့သိမ်း တိုက်ပွဲ တိုက်သွားနိုင်ရင် တခြားပြည်နယ်တွေကလည်း အလျှိုလျှို ပေါ်လာလိမ့်မယ်လေ၊ အဲဒီအချိန် ကျရင် အချိန်တိုတိုတွင်းမှာ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်က အမြန်ဆုံးရမယ်လို့ မျှော်မှန်း ထားတယ်။ ပြီးတော့ နှစ်ရက်ရှိပြီဗျ သူတို့တွေ နမ့်ဖက်ကုန်းတခွင်ကို လက်နက်ကြီးတွေနဲ့ ဒုက္ခသည်တွေ ခိုလှုံနေတဲ့နေရာတွေကို ပစ်နေတာပေါ့နော်၊ ဒုက္ခသည်တွေကို ထပ်ပြီး ခြောက်လှန့်တဲ့သဘောမျိုး ဖြစ်နေ တယ်။ စစ်ပြေးဒုက္ခသည်တွေကတော့ လောလောဆယ် ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်နယ်တော်တော်များများ ပေါ့နော်၊ ဥပမာ ရှမ်းပြည်နယ် တောင်ကြီးကို သွားတာတွေ အင်းတဲကို သွားတာတွေ ရှိတယ်၊ နီးစပ်ရာ ပတ်ဝန်းကျင်တွေကို သူတို့ ရှောင်သွားကြပြီ။ လောလောဆယ်တော့ လွိုင်ကော်က Ghost city လို့ ခေါ်မလား လုံးဝကို ခြောက်ကပ်တဲ့ မြို့တော်တစ်ခုလို ဖြစ်နေပြီ။”
လွိုင်ကော်မြို့ဒေသခံအများအပြား ထွက်ပြေးခိုလှုံနေတဲ့နေရာတခုကတော့ ဆီဆိုင်မြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာ တွေဖြစ်ပါတယ်။ ဆီဆိုင်မြို့နယ်မှာ အခု စစ်ဘေးရှောင် တစ်သောင်းကျော်လောက်ရောက်ရှိနေပြီး ဆီဆိုင် ဆရာတော် ဦးကောဝိဒရဲ့ ကမကထပြုမှုနဲ့ ဒုက္ခသည် တစ်ထောင်လောက်ကို သူတို့ စောင့်ရှောက်ထားတယ်လို့ ဆီဆိုင် စစ်ဘေးရှောင်နေရာချထားရေးအဖွဲ့ဝင် ခွန်ကျော်ဆွေက ပြောပါတယ်။
“လက်ရှိကတော့ ကျနော်တို့ ဆီဆိုင်မြို့ပေါ်မှာ ဆရာတော်ရဲ့ စာသင်တိုက်ရယ်၊ မြို့လယ်က ဆရာတော်ရဲ့ ဓမ္မာရုံ၊ သာသနမင်္ဂလာကျောင်း၊ မင်္ဂလာဘုရားနဲ့ ဘုရားဖြူရဲ့ ဇရပ် လောလောဆယ် ငါးနေရာလုပ်ထား တယ်၊ နောက် ၂ နေရာ ကျနော်တို့ စီစဉ်နေဆဲပဲ။ လက်ရှိရောက်လာတဲ့စစ်ဘေးရှောင်က ကျနော်တို့ဆီဆိုင် မှာ ၇ဝဝ ကျော်၊ နောက်ပြီး အိမ်တွေမှာ သွားပြီးခိုလှုံနေပေမယ့် စားဝတ်နေရေးအဆင်မပြေလို့ အိမ်တွေကို ကျနော်တို့ လိုက်ပံ့ပိုးနေရတာရှိတယ်၊ တစ်ထောင်ကျော်ရှိတယ်။ အများစုက လွိုင်ကော်က လူတွေပဲ။ နောက်ပြီး ဆီဆိုင်မှာ တချို့ရွာတွေဆို တရွာကို ၂ဝဝ - ၃ဝဝ ရောက်သွားတာ လေး၊ ငါးရာ ရောက်သွားတာ တွေလည်းရှိတယ်။ ပြန့်သွားပြီ ဒုက္ခသည် မြို့နယ်တစ်မြို့နယ်လုံးပြန့်သွားပြီ တစ်သောင်း အထက်ပဲဗျ လွိုင်ကော်မြို့ပေါ်တင်မက ဟိုးဘက် ဒီမော့ဆိုဘက်ကလည်း စစ်ပြေးနယ်မြေအစုံပဲ လာကြတယ်။”
ဆီဆိုင်ဟာ တောင်ယာစိုက်ပျိုးအသက်မွေးတဲ့ တောမြို့လေးတစ်ခုဖြစ်တဲ့အတွက် ဒုက္ခသည်တွေကို စောင့်ရှောက်ဖို့ သူတို့မှာ အခက်အခဲများစွာရှိနေပါတယ်။ ဒါပေမဲ့ တတ်စွမ်းသမျှ ဆောင်ရွက်နေပါတယ်လို့ လည်း သူကပြောပါတယ်။
“စားဝတ်နေရေးကျပ်တည်းတာပေါ့။ ကျနော်တို့ဆီဆိုင်မြို့က တောမြို့လေးဖြစ်တယ် အများစုက တောင်ယာစိုက်ပျိုးတဲ့သူဖြစ်တဲ့အတွက် သူတို့ကို လောလောဆယ် ယာယီအတတ်နိုင်ဆုံးအကူညီပေး ကြတော့ ရေရှည်တော့ ကျနော်တို့ ကူညီပေးဖို့ အတော်ခက်ခဲမယ်။ လောလောဆယ် အရေးတကြီး လိုအပ်တာက စားဝတ်နေရေးပေါ့၊ နောက် စောင်ရယ် အိပ်ယာခင်းတွေ အဝတ်အစားတွေ။ သူတို့က အဝတ်တစ်ထည်နဲ့ လာတာဆိုတော့ ဘာမှပါမလာဘူး ကျနော်တို့က အကုန်လိုက်လုပ်ပေးရတဲ့အခါ ကျတော့ အကုန်လုံး ကျနော်လည်းမပေးနိုင်ဘူး။ မြို့ပေါ်မှာ လိုက်အလှူခံ၊ နောက်အလှူရှင်များတဲ့ တခြားမြို့နယ်တွေက လိုက်တောင်း အဲလိုပဲ ရှိသေးတယ်။”
ဒီအတောအတွင်း စစ်ကိုင်းတိုင်းမှာ တိုက်ပွဲဝင်နေတဲ့ PDF တွေထဲက နံမည်ကျော် ဗိုလ်နဂါးကို RFA က မနေ့ညဦးပိုင်းဆက်သွယ်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေက သူရှိနေတယ်လို့ ယူဆပြီး လေကြောင်းအကူအညီနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ ပုလဲမြို့နယ် ဦးနှောက်ကျေးရွာကို အခုထိဝိုင်းဝန်းပိတ်ဆို့ပြီး ချေမှုန်းနေတယ်လို့ ပြောပါတယ်။
“ကျနော်ရှိတယ်ထင်ပြီး အဲဒီရွာမှာထပ်ပြီး ပိတ်ဆို့ထားတယ် ရွာသားတချို့ကို ဖမ်းထားတယ်၊ သတ်ပစ်တဲ့ ရွာသားတွေလည်းရှိတယ် အဲလိုကြားတယ်။ ရွာထဲမှာလည်း အလောင်းတွေကို မီးရှို့တယ်။ သူတို့က ကျနော့်ကိုဖမ်းမိဖို့အတွက် အနည်းဆုံး သိန်း နှစ်သောင်းကုန်ကျလို့ရမယ် စစ်ရေးကုန်ကျစရိတ်ပေါ့၊ ပြီးရင်မိရင် ဆုကြေးသပ်သပ်ရှိတယ် အဲလိုမျိုးကြားရတယ်။ စစ်ရေးအခြေအနေက တိုက်ပွဲပြင်းထန်လာ တာနဲ့အမျှ ထိခိုက်ကျဆုံးမှုက နှစ်ဖက်မှာရှိလာနိုင်တယ်၊ ဒါပေမဲ့ ကျနော်တို့နိုင်မှာပါ။ ဘာလို့လဲဆို ကျနော်တို့က ပြည်သူဖြစ်နေလို့ပဲ။ PDF ဆိုတာ အမည်တပ်တာ၊ ပြည်သူထဲက ပြည်သူပဲ။ ပြည်သူထဲက ၈ဝ ရာခိုင်နှုန်းကလည်း ကျနော်တို့နဲ့ အတူတူရှိနေတယ်။ မရဲသေးလို့ ဝင်ပြီးတော့ မပါသေးရင်တောင် ဒီပွဲမှာ အားလုံးက ကျနော်တို့ဘက်က ရှိနေတဲ့အတွက် ကျနော်တို့နိုင်မှာပဲ။”
လက်ရှိ တပြည်လုံးအနှံ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ထိခိုက်ကျဆုံးမှုများပြားနေတဲ့အတွက် လေကြောင်း အကူအညီမပါရင် မတိုက်ဝံ့တဲ့အနေအထားကို ရောက်ရှိနေပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း RFA ကို ပြောဆိုထားပါတယ်။