အရှေ့တောင်အာရှမှာ ၂ဝ၂၁ အတွင်း ဒီမိုကရေစီ လွတ်လပ်ခွင့်ကျဆင်း
2022.01.06

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဟာ အရှေ့တောင်အာရှဒေသအတွက် နှစ်ကောင်းနှစ်မြတ် မဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြန်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဖယ်ရှားခဲ့ပြီးတဲ့နောက် ပါတီဝင် အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ စာရင်းအရ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ ၁၅၀၀ နီးပါး ရှိခဲ့ပြီး ၈၃၀၀ ကျော် ဖမ်းဆီးအကျဉ်းချခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာလည်း စစ်တပ်က အာဏာသိမ်းထားတာ ၇ နှစ်ကျော် ရှိခဲ့ပြီဖြစ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပမယ့် အရိပ်လက္ခဏာလည်း မရှိသေးပါဘူး။ တစ္ဘက်မှာလည်း ထိုင်းဘုရင်နဲ့ မိသားစုကို ဝေဖန်သူတွေအပေါ် တရားစွဲဆိုမှုတွေ ပိုမိုများပြားလာတာ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေ မြင့်တက်လာနေတာတွေနဲ့ ရင်ဆိုင်နေရတာပါ။
လူထုတွေကို ထိန်းချုပ်နိုင်ရေးအတွက် ထိုင်းရဲတပ်ဖွဲ့ အနေနဲ့လည်း မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေနဲ့ ပိုပြီးအင်အားသုံးနေရပါတယ်။ ပိုပြီးဆိုးတာက COVID-19 ကူးစက်မှု ကာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လူထုတွေရဲ့ ခရီးသွားလာမှုတွေကို ထိန်းချုပ်နေရတာ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ လူစုလူဝေးနဲ့ လမ်းတွေပေါ် တက်လာမယ့်အရေး ထိန်းသိမ်းနေရ၊ တချို့ကို အရေးယူအကျဉ်းချနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အရှေ့တောင်အာရှတခွင် ဒီမိုကရေစီလွတ်လပ်ခွင့်တွေ ဆွေးမြေ့သွားခဲ့ရတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာခဲ့တာတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီနှစ်အတွက် အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ့် ကမ္ဘောဒီးယားဆိုရင် မြန်မာစစ်တပ်ကို ဒေသတွင်း ရေးရာတွေမှာ ပါဝင်ရေး ဖိတ်ခေါ်ဖို့ ပြင်ဆင်နေပြီး ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှု ရှိနေပါတယ်။
ဒီအတွင်း မြန်မာအာဏာသိမ်း စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တောင်းဆိုလိုက်ပြီး၊ ဂျပန်က ဆိုင်းငံ့ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြု စီမံကိန်းသစ်တွေကို ပြန်လည်စတင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ကျိုဒို သတင်း အပါအဝင် ဂျပန်သတင်းမီဒီယာတွေနဲ့ အွန်လိုင်းကတဆင့်တွေ့ဆုံရာမှာ တောင်းဆိုလိုက်တာပါ။
ဂျပန်စီးပွားရေး အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ကြဖို့နဲ့၊ မြန်မာဘက်ကလည်း အရင်ကထက် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ ဝန်းကျင် အခင်းအကျင်းကို ဖန်တီးပေးမှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလက စခဲ့တဲ့ နိုင်ငံရေးမငြိမ်သက်မှုဟာ အခုအခါ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး၊ နောက်နှစ်လ လောက်ဆိုရင် အခြေအနေတွေ အခုထက် ပိုမိုတည်ငြိမ်တိုးတက်ကောင်းမွန်လာမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး အခြေအနေ တည်ငြိမ်လာတာနဲ့အမျှ ဂျပန်ရဲ့ ODA ချေးငွေအစီအစဉ်လည်း ပြန်လည်စတင်နိုင်မှာဖြစ်ကြောင်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့နှုန်း သိသိသာသာမြင့်တက်နေပြီး ပြည်သူ့ကန့်ကွက်ဆန္ဒပြမှုတွေကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက် အင်အားသုံး ဖြိုခွဲနေတာပါ။ ဒါပေမဲ့ စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦးက နိုင်ငံအတွင်းလူထုလှုပ်ရှားမှုတွေ ပြီးဆုံးလုနီးပါး အခြေအနေမှာရှိပြီး နိုင်ငံတကာ သတင်းမီဒီယာတွေက ချဲ့ကား ဖော်ပြနေကြကြောင်းပြောဆိုပါတယ်။
ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ လက်ရှိဘဏ္ဍာရေးနှစ် အစောပိုင်းမှာ ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားဖွယ်ရှိပြီး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ၊ နေထိုင်မှုဘဝတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့အတူ ရှေ့အနာဂတ်ဘဝတွေအပေါ် ထိခိုက်သက်ရောက်မှုတွေ ခံစားရဖွယ်ရှိကြောင်း ဖော်ပြပါတယ်။
စစ်ကောင်စီဝန်ကြီး ဦးအောင်နိုင်ဦး ကတော့ မြန်မာ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ဟာ ကိုဗစ်ကပ်ရောဂါနဲ့ ပြည်တွင်း မငြိမ်သက်မှုတွေကြောင့် ဂဏန်းတစ်လုံးစာ လျော့ကျသွားဖွယ်ရှိကြောင်း၊ အောက်တိုဘာမှာ စတင်မယ့် လက်ရှိဘဏ္ဍာနှစ်မှာ ကိုဗစ်ကူးစက်နှုန်း ကျဆင်းလာနေပြီး၊ ကာကွယ်ဆေးထိုးနှံနှုန်း မြင့်တက်လာနေတာကြောင့် ပြည်တွင်းတည်ငြိမ်မှုနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။