တိုင်ပေ-မြန်မာလမ်းပေါ်က ကြွေးကြော်သံများ
2021.05.11
"စစ်အာဏာရှင်အလိုမရှိ၊ သတ်ဖြတ်တာတွေ ချက်ခြင်းရပ်ပါ၊ အကြမ်းဖက်တာတွေ ချက်ခြင်းရပ်ပါ"
ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပါတယ်။ မြန်မာတပြည်လုံးက ဒေါသ ထွက်နေတဲ့ ပြည်သူလူထု တရပ်လုံး လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ အဲ့ဒီပွဲကို ကျနော်တို့ ထိုင်ဝမ်ရောက် မြန်မာတွေကလည်း ပါဝင်နေကြတာပါ။
ထိုင်ဝမ်မှာ မြန်မာပြည်ပြန်တွေ အများကြီး ရှိပါတယ်။ တိုင်ပေမြို့က Huaxin လမ်းဆိုရင် မြန်မာလမ်း လို့တောင် နာမည်တွင်နေပါပြီ။ အဲ့ဒီပတ်ဝန်းကျင်မှာ မြန်မာပြည်က ပြန်လာသူ လေးငါးသောင်းလောက် နေကြပါတယ်။
"သတင်းတွေထဲမှာ ကျနော်တို့အားလုံး မြင်ရပါတယ်။ ကျနော်တို့မြို့တွေ လူသတ်ကွင်းကြီးဖြစ်နေတာပါ။ ကျနော်တို့ စိုးရိမ်လို့ ဆန္ဒပြသူတွေကို ထောက်ခံကြောင်း စည်းရုံးပြီး အခုလိုဆန္ဒပြရတာပါ"
"ဒါလား ဒီမိုကရေစီ----သူတို့ဘာလုပ်လို့လဲ---- သူတို့ မှာ လက်နက်တောင် မပါပါဘူးဗျာ"
ကိုကိုသူတယောက် မျက်ရည်မဆည်နိုင်အောင်ဖြစ်ရပါတယ်။
"ဘာကြောင့်သတ်တာလဲ၊ အဓိပ္ဗယ်မရှိအသတ်ခံနေရတာပါ။ အပစ်မဲ့ပြည်သူတွေ ခလေးပါမကျန် အသတ်ခံ နေကြရတာပါ။ ကျနော်လူကြီးတယောက်ဖြစ်ပေမဲ့ တနေ့တနေ့ သုံးလေးကြိမ်လောက် မျက်ရည်ကျမိပါတယ်"
စစ်တပ်နဲ့ရဲဟာ ကျည်အစစ်တွေနဲ့ လက်နက်မဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းပါတယ်။
စစ်တပ်က ပစ်ခတ်လို့ သေဆုံးရသူ အရပ်သားတွေအတွက် နှလုံးကြေကွဲခဲ့ရပါတယ်။ သူ့အတွေးတွေ လွန်ခဲ့တဲ့ ၁၀စုနှစ်တွေက မြန်မာပြည်က ဆန္ဒပြပွဲတွေ အကြောင်းတွေဆီ ရောက်နေပါတယ်။
တကယ်တော့သူဟာ စစ်တပ်ထဲမှာ ကြီးပြင်းခဲ့ရသူပါ။ အဖေဟာ စစ်တပ် အကယ်ဒမီကျောင်းက ကျောင်းအုပ် ကြီးဘဝနဲ့ အငြိမ်းစားယူခဲ့သူပါ။ ၁၉၈၈က ကိုကိုသူ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝ၊ အဲဒီအချိန် အရေး အခင်းဖြစ်တော့ အဖေ့ကို လွန်ဆန်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ စစ်တပ်ကပစ်လို့ သွေးမြေကျ တာတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။
အမေက နိုင်ငံရေးမှာ ဝင်မပါဖို့ တောင်းပန်လို့ ကိုကိုသူ လက်ခံလိုက်ရပါတယ်။ ၈၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ တယောက်တည်း နိုင်ငံခြားကိုထွက်ပြီး ထိုင်ဝမ်ကို ရောက်ခဲ့တာပါ။ အဲဒီအချိန်က တရုတ်စကားလည်း တလုံးမှ ပြောနိုင်သူ မဟုတ်ပါ။
၂၀၁၅ရွေးကောက်ပွဲကျင်းပတော့ ကိုကိုသူဘဝမှာ ပထမဆုံးသောမဲကို ပြည်တော်ပြန်ပြီး ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တောင်ပြိုကမ်းပြို အနိုင်ရသွားပါတယ်။ သူအတွေးစဉ်မှာ သူ့မွေးရပ်မြေဟာ အမြဲရှိနေတာပါ။ မြန်မာပြည်လွတ်လပ်ပြီး ဒီမိုကရက်တစ်နိုင်ငံ ဖြစ်စေရပါမယ်။ ကျနော်တို့တိုက်ယူရပါမယ်။ မြန်မာပြည်မှာဘာတွေဖြစ်နေတယ်ဆိုတာ တကမ္ဘာလုံးကို သိစေမြင်စေရပါမယ်။ တကမ္ဘာလုံး စစ်ကောင်စီကို ဖိအားပေးစေရပါမယ်။
Yang Wan-li ဟာလည်း တိုင်ဝမ်က ဆန္ဒပြပွဲဖြစ်မြောက်ရေးအဓိက လှုပ်ရှားသူပါ။ ရှမ်းပြည်ဇာတိ တရုတ်အမျိုးသမီးတဦးပါ။
“ကျမ အသက်၁၀နှစ်အရွယ် ၁၉၆၀ ကျော် ပတ်ဝန်းကျင်က ထိုင်ဝမ်ကို ရောက်ရှိလာတာပါ။ အဲ့ဒီအချိန်က မြန်မာပြည်မှာ တရုတ်မုန်းတီးရေးပေါ်လစီကို အစိုးရက ဦးဆောင်တဲ့ အချိန်မို့ မြန်မာပြည်ရှိ တရုတ်လူမျိုး အများအပြား ထိုင်ဝမ်ကို ရွှေ့ပြောင်းလာကြပြီး ထိုင်ဝမ်က မြန်မာလမ်းမှာ နေထိုင်ခဲ့ကြပါတယ်။ မြန်မာ ပြည်က အကြောင်းတွေကို အိမ်နီးချင်း မြန်မာပြည်ပြန်တွေကို တဆင့်ပြန်ပြီးရှင်းပြပါတယ်။ မြန်မာပြည် က သူငယ်ချင်းတွေ ပို့လိုက်တဲ့ မက်ဆေ့ချ်တွေအရ အင်တာနက် ကောင်းကောင်းမရတာ တခါတခါမှ online တက်လို့ ရတာ ဒီအကြောင်းတွေ ကမ္ဘာသိအောင် ပြောပြပေးကြပါ”
Huang Tsai-Fa ဟောင်ဆာဖ ကတော့ မြန်မာသွေးတဝက်ပါတဲ့ တရုတ်မလေးဖြစ်ပြီး တိုင်ဝမ်-မြန်မာဆိုင် ဖွင့်ထားပြီး မြန်မာလမ်းမှာ ခရီးသွားအေးဂျင့် လုပ်ပါတယ်။ ခုတော့ သူ့ရုံးခန်းဟာ တော်လှန်ရေးအတွက် ဌာနချုပ်ဖြစ်နေပါပြီ။
“ကျမမိသားစုတွေ မြန်မာပြည်မှာရှိနေပါတယ်။ သူတို့ပြောပြတာက စစ်တပ်နဲ့ရဲတွေဟာ ရပ်ကွက်ထဲ ရောက်ရောက်လာပြီး ထင်တိုင်းကြဲတော့တာပါပဲ ဖမ်းချင်သလိုလည်း ဖမ်းတယ်။ ရမ်းချင်သလို ရမ်းတယ်။ သူတို့ အကြောက်တရားနဲ့ နေရပြီး စားကောင်းခြင်း အိပ်ကောင်းခြင်း မနေကြရရှာပါဘူး”
အခု၂၁ ရာစုကို ရောက်နေပါပြီ။ ကမ္ဘာနေရာ အားလုံးလိုလို ဒီမိုကရေစီဖြစ်နေပါပြီ။ ခုဆို Milk Tea Alliance လို့ခေါ်တဲ့ နို့လက်ဘက်ရည် မဟာမိတ် အာဏာရှင်ဆန့်ကျင်ရေးတွေဟာ မြန်မာ၊ ဟောင်ကောင် ထိုင်း စသ ဖြင့် ပြည်သူချင်းမဟာမိတ်ဖွဲ့နေပါပြီ။ အခုပုံစံသစ်နဲ့ အာဏာရှင် ကိုဆန့်ကျင်နေကြတဲ့ အခြေအနေမှာ ၈၈ ခုနှစ်က ကြုံခဲ့ရတဲ့ အရေးအခင်းကို ကိုကိုသူသတိရမိပါတယ်။ အဲဒီတုန်း စစ်အာဏာရှင်ကို ထိပ်တိုက် ရင်ဆိုင်ခဲ့ကြပေမယ့် မြန်မာပြည်တွင်းက အကြောင်းကို ပြင်ပက သိပ်မသိကြပါဘူး။ ခုတော့ တမျိုးပါ အချိန်တွေ မတူတော့ပါဘူး
“ကျမ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျမိပါတယ်။ မှန်တာလုပ်နေသမျှဘာ စိုးရိမ်စရာမှ မရှိဘူးဆိုတဲ့ အားပေးစကား၊ ဘာမှမလုပ်နိုင်ခြင်းဆိုတာ စိုးရိမ်စိတ်တွေ ရှိနေဆိုတာမျိုး ခင်ပွန်းသည်က ကျမအတွက် နံရံမှာ ဒေါ်အောင်ဆန်းစုကြည်ပုံကို ဆွဲပေးပါတယ်။ တကယ့်ကိုခွန်အားတွေဖြစ်စေပါတယ်။ အဖေကလည်း သူလုပ်ပေးနိုင်တာပြောပါလို့ အားပေးနေပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက တရုတ်ဆန့်ကျင်ရေးဟာ အရှိန်တက် လာပါတယ်။ တရုတ်ရင်းနှီးမြုပ်နှံတဲ့ စက်ရုံတချို့ မီးရှို့ခံခဲ့ရသလို တရုတ်ထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ နှိုးဆော်တာတွေ ထွက်ပေါ်နေပါတယ်။ မြန်မာသမိုင်းမှာ တရုတ်ဆန့်ကျင်ရေးဟာ လှုပ်ရှားမှုတွေဟာ တမျိုးနဲ့ ပေါ်ထွက်လာ ပါတယ်။
မြန်မာပြည်ဖွား တရုတ်တွေလည်း ဆန္ဒပြပွဲတွေမှာ ပါဝင်လာပါတယ်။ မတ်လ ဆန္ဒပြပွဲအတွင်းမှာ မန္တလေးမှာ ၁၉ နှစ်အရွယ် တရုတ်အနွယ် မိန်းကလေးငယ်တဦး ခေါင်းမှာသေနတ်မှန် သေဆုံးခဲ့သလို ၁၇နှစ်အရွယ် ဆေးကျောင်းသားလေးလည်း သေခဲ့ရပါတယ်။ မိခင်ဖြစ်သူကတော့ တရုတ်အစိုးရကို မျက်ရည်လည်ရွဲ ဝေဖန်သွားပါတယ်။
"ကျမသားလေးကို ဆုံးရှုံးရပါပြီ၊ ကျမတရုတ်အစစ်ပါ ဒါပေမဲ့ ကျမ တရုတ်ကို မုန်းတယ်"
မတ်လအတွင်းမှာ ထိုင်ဝမ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မြန်မာပြည်အတွက် လမ်းပေါ်ထွက်ခဲ့ကြပါတယ်။ တိုင်ပေမြို့ လွတ်လပ်ရေးရင်ပြင်မှာပါ။ အဲ့ဒီမှာ သံဃာတော်တွေကိုလည်း ပင့်ဖိတ်ခဲ့ပါတယ်။
“လွတ်လပ်ခြင်းနဲ့ဒီမိုကရေစီဟာ ကျမတို့ရဲ့ ပန်းတိုင်နဲ့ အိမ်မက်တွေပါ ဒါအတွက် ဘယ်တော့မှာ လက်မလျှော့ လက်မမြောက်ပါဘူး--- လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာကို သတိရနေပါတယ်”
ထိုင်ဝမ်ဟာ အာရှမှာ ဒီမိုကရေစီ ပြည့်ဝတဲ့နိုင်ငံ မြန်မာပြည်လည်း တနေ့ ထိုင်ဝမ်လိုဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။