စင်္ကာပူရောက် မြန်မာတစ်ဦး ကိုရိုနာသံသယနဲ့ ဆေးရုံရောက်

ဇာဏီထွဏ်း
2020.02.09

စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတာကြောင့် မနေ့က ဆေးရုံတက်နေရပါတယ်။ တပတ်မှာ တစ်ရက် အပြင်ထွက်လည်ခွင့် အရင်က ပေးပေမယ့် အခုချိန်မှာတော့ အိမ်အကူအများစုကိုလည်း အိမ်ရှင်တွေက အပြင်ပေးမထွက်တာတွေ ရှိတယ်လို့လည်း မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေကပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ အိမ်အကူ လုပ်နေတဲ့ မအေးမြင့်ခိုင်ဟာ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ ဈေးသွားဝယ်ရင်း အသက်ရှူကြပ်တာ၊ ခေါင်းမူးတာ၊ ချောင်းဆိုးတာတွေကြောင့် နီးစပ်ရာဆေးခန်းမှာ ဝင်ပြရာကနေ အခုလို ဆေးရုံရောက်လာတာလို့ ကာယကံရှင် မအေးမြင့်ခိုင် က RFA ကို ပြောပါတယ်။

ညနေစာချက်ဖို့ ဈေးသွားရင်းလမ်းမှာ မူးလဲကျမလိုဖြစ်တာကြောင့် ဆေးခန်းဝင်ပြရတာပါ။

သူနေမကောင်းဖြစ်တာကိုမြင်တဲ့ စင်္ကာပူရဲတွေက လူနာတင်ယာဉ် ခေါ်လိုက်ပါတယ်။

သူ့ကိုမေးမြန်းတဲ့အခါ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံကနေ လည်ပတ်ပြီးပြန်လာတဲ့ အိမ်ရှင်အမျိုးသမီးကနေ တဆင့် ကူးစက်တယ်လို့ သိရပြီးနောက်မှာ သူ့ကိုအိမ်ရှင်တွေဆီ ပြန်မလွှတ်တော့ဘဲ ဆေးရုံကိုတခါတည်း ပို့လိုက်ကြတာပါ။

ဒါကိုအိမ်ရှင်က လက်မခံတာကြောင့် သူဆေးရုံတက်ရတဲ့ ကုန်ကျစရိတ်တွေကို အိမ်ရှင်က အကုန်မခံပေးနိုင်တဲ့ အကြောင်း ပြောလာတယ်လို့ မအေးမြင့်ခိုင်က ပြောပါတယ်။

“ဖုန်းခေါ်တယ်။ ပြောဆိုလုပ်တယ်။ ဆေးရုံသွားရမလားပေါ့နော်။ ထွက်ပြေးပါလား ဘာလား ညာလား အဲလိုမျိုးတွေ ပြောဆိုတယ်။ အဲကတည်းက အဆက်သွယ်မလုပ်ဘူး။ အိမ်ရှင်သူဌေး။ အိမ်ရှင်က ဆေးဖိုးတွေ မပေးနိုင်ဘူးဆိုတဲ့အကြောင်း message ပို့လာတယ်။ နင့်ဘာသာနင် သွားတဲ့ပုံစံမျိုးပြောတယ်။ ညီမဘာသာ သွားရအောင် ညီမဆီဘာမှ ပါမလာဘူး။ ဈေးဝယ်တဲ့ပစ္စည်း ကြက်ဥ၊ နံနံပင်အထုပ်လေးတွေပဲ ပါလာတယ်။ စာပို့လာတော့ တကယ်လည်း ဝမ်းနည်းတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။”

မအေးမြင့်ခိုင်ဟာ သူအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အမျိုးသမီးဟာ ပြီးခဲ့တဲ့ တစ်လလောက်က တရုတ်နိုင်ငံကို အလည်ပတ်ခရီးသွားခဲ့ပြီး ပြန်ရောက်လာချိန်မှာ ဖျားနေတဲ့အကြောင်း၊ အိမ်ရှင်အမျိုးသမီးနဲ့အတူ ပိုက်တစ်ချောင်းတည်းသုံးပြီး အချိုရည်သောက်ပြီးတဲ့နောက် လည်ချောင်းနာတာတွေ၊ ချောင်းဆိုးတာတွေ၊ ကိုယ်ပူတာတွေ ဖြစ်လာခဲ့တာပါ။

အိမ်ရှင်က ဆေးခန်းမပြပေးလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကူညီတောင်းစာကို ဖေဖော်ဝါရီ ၇ ရက်နေ့က စင်္ကာပူရောက် ရွှေမြန်မာများဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ အဲဒီညနေမှာပဲ ဈေးသွားရင်း ဆေးရုံရောက်ခဲ့ရတာပါ။

စင်္ကာပူနိုင်ငံမှာတော့ ဆေးရုံရောက်လာပြီး ဆေးဝါးကုသစရိတ် မတတ်နိုင်တဲ့ နိုင်ငံခြားသားတွေကို အစိုးရက ကျခံပေးတာတွေတော့ ရှိတတ်တယ်ဆိုပေမယ့် ဆေးရုံတက်နေရတဲ့ အိမ်အကူအမျိုးသမီးကတော့ စိတ်ဓာတ်ကျနေတာ တွေ့ရတယ်လို့ သူ့ကိုကူညီပေးနေတဲ့ စင်္ကာပူနိုင်ငံက Helping Hands for Migrant workers က ဒေါ်အေးမာကပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ အိမ်အကူလုပ်နေတဲ့ မြန်မာအမျိုးသမီး ခြောက်သောင်းကျော်ရှိပြီး အိမ်ရှင်အများစုက တစ်ပတ်တစ်ရက် အိမ်အပြင်ထွက်ခွင့်ကို မတ်လကုန်အထိ အပြင်မထွက်ဖို့တားထားတယ်လို့ ဒေါ်အေးမာက ပြောပါတယ်။

“Sunday တိုင်းမှာ ထွက်ခွင့်ရတယ်။ အပြင်ထွက်ခွင့်ရရင် ရောဂါတွေပါလာလိမ့်မယ်။ အဲဒါကြောင့်မို့လို့ အိမ်ရှင်တွေက တားထားတယ်။ အပြင်ပေးမထွက်ဘူး။ ဒါပေမဲ့ ဒီရောဂါက အိမ်ရှင်ကရော အလုပ်ထဲမှာ ကူးလာနိုင်တယ်။ အပြင်ရထား၊ ကားလမ်းတွေကနေလည်း ကူးစက်တာ ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာရင်တော့ အစိုးရအနေနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် အစိုးရက တော်တော်လေးကို ကုသမှုပေးထားတာ ကျမတွေ့ရတယ်။”


ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ဆောင်ရန်တွေ၊ သတင်းအချက်လက်တွေ၊ သတိပေးချက်တွေကို စင်ကာပူနိုင်ငံအစိုးရကထုတ်ပြန်တာ၊ သတင်းတွေကနေသာ ရယူနေရတဲ့အကြောင်း၊ စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတော့ ဘယ်သတင်းအချက်လက်မှ ထုတ်ပြန်တာတွေ မရှိတဲ့အကြောင်း အလုပ်သမား ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

အိမ်အကူအလုပ်သမား အခက်ခဲတွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို အကူညီတောင်းတုန်းက မရခဲ့ဘူးလို့ ဒေါ်အေးမာ က ပြောပါတယ်။

“မြန်မာသံရုံးက အရင်တုန်းကဆို အရမ်းကောင်းတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို တော်တော်လေးကို ကူညီတယ်။ အခုနောက်ပိုင်းမှာ သူတို့ရဲ့ကူညီမှုက လုံး၀အားမရဘူး။ ကျမတို့ဆိုရင် အိမ်အကူလေးတွေကို ကူညီပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ကျမတို့က အခက်ခဲဖြစ်လို့ သူတို့ကို ပြောတယ်ဆိုရင် သေရေးရှင်ရေး ကျမှ သူတို့ကို ဆက်သွယ်ပါဆိုပြီး အီးမေးပြန်တယ်။ သေမယ်ဟေ့ဆို ကူညီပေးမယ်။ ကျန်တဲ့ ကိစ္စမှာတော့ တက်ကြွမှုမရှိဘူး။”

စင်္ကာပူနိုင်ငံကိုရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို အကူညီပေးတာနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၄၀ ရှိသွားပြီလို့ စင်္ကာပူအစိုးရက ထုတ်ပြန်ထားပါတယ်။

စင်္ကာပူရောက် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ မသဲသဲမေမေ က လက်ရှိ အခြေအနေကို အခုလိုပြောပြပါတယ်။

“စင်ကာပူအစိုးရက Mask တွေဝေတယ်။ အလုပ်ရုံတွေမှာ Temperature မနက်တစ်ခါ၊ ညနေတစ်ခါ တိုင်းခိုင်းတယ်။ အဖျားရှိတဲ့သူ ၃၈ ဒီဂရီဆဲလ်ဆီရက် ဖြစ်လာတာနဲ့ အကုန်လုံး ဆေးခန်းသွားခိုင်းတယ်။ အိမ်မှာ အနားယူခိုင်းတယ်။ အဲဒါမျိုးတွေ လုပ်တယ်။ ပြီးရင် Lift ( ဓာတ်လှေကား), Public area ( အများပြည်သူနဲ့ဆိုင်တဲ့နေရာ )တွေကို သန့်ရှင်းရေးတွေ လုပ်ခိုင်းတယ်။ လူစုလူ‌ဝေးနေရာတွေ မသွားဖို့၊ ပါတီတွေ မသွားဖို့ ကြေညာထားတယ်။”

စင်္ကာပူနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုအဝါရောင်ကနေ လိမ္မော်ရောင်အဆင့် သတ်မှတ် သတိပေးထားပါတယ်။  အဲဒီလိုသတိပေးထားတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ဈေးဝယ်စင်တာတွေမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေ၊ စားသောက်စရာတွေကို အလုအယက် ဝယ်ယူစုဆောင်းတာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် အခြေခံလူသုံးကုန် ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ရောင်းချဖို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ စင်္ကာပူအစိုးရက လူတစ်ယောက် တစ်ကြိမ်ဝယ်ရင် ဆန် နှစ်ထုပ်၊ ခေါက်ဆွဲခြောက် လေးထုပ်၊ အိမ်သာသုံးစက္ကူအပါအဝင် တစ်ရှူး ၄ထုပ်၊ ဟင်းသီးဟင်းရွက်ကို အများဆုံး ဒေါ်လာ ၅၀ ဖိုး ဝယ်ယူနိုင်တယ်လို့ ကန့်သတ်လိုက်တာပါ။

ဒီလိုကန့်သတ်လိုက်ပေမယ့် လူတစ်ယောက်အတွက် လုံလောက်တဲ့ ပမာဏဖြစ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။