မြေသိမ်းခံတောင်သူတွေ ဥပဒေအရ ဆောင်ရွက်မယ်လို့ပြော
2020.07.15
မနေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ကန့်ဘလူသကြားစက်စီမံကိန်းအတွက် တပ်မတော်က သိမ်းပိုက်ခဲ့တဲ့ မြေယာတွေအတွက် လျော်ကြေးထပ်ပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ မြေသိမ်းခံတောင်သူတွေကတော့ ဒီပြောကြားချက်ကို လက်မခံဘဲ သူတို့ရဲ့ နစ်နာမှုတွေအတွက် ဥပဒေဘောင်အတွင်းက ဆက်လက် တောင်းဆိုမယ် လို့ RFA ကို ပြောပါတယ်။
ကန့်ဘလူမြို့နယ်က တောင်သူလယ်သမား ၁၈၃ ဦးပိုင်တဲ့ မြေဧက ၁ဝဝဝ ကျော်ကို မြန်မာ့တပ်မတော်က သကြားစက်စီမံကိန်းအတွက် ၁၉၉၉ ခုနှစ်မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီအချိန်က လယ်သမားတွေကို အာဏာပိုင်အရာရှိတွေက စာသင်ကျောင်းတခုကို ခေါ်ယူပြီး မြေယာတွေကို သိမ်းယူတော့မယ့် အကြောင်း ပြောဆိုခဲ့ပုံကို မြေဧက ၄ဝ ခန့် သိမ်းဆီးခံရတဲ့ တောင်သူလယ်သမား မိသားစုဝင်တဦးဖြစ်တဲ့ ထန်းတပင်ရွာသား ဦးမျိုးမင်း ထံက အခုလိုကြားရပါတယ်။
“ ပုပ္ပါးရွာစာသင်ကျောင်းထဲကို ခေပြီးတော့ ခယက ဥက္ကဋ္ဌ ဗိုလ်မှုးကြီးသန်းဟန်က မြေသိမ်းတာကို လက်ခံမလား၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ အဖမ်းခံမလားဆိုပြီး ခြိမ်းခြောက်တယ်။ တဧကကို ငွေနှစ်ထောင်ထောင် မယူမနေရဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့နေရာမှာလည်း သူတို့က ကျနော်တို့မှာ အခြားမြေများ လုပ်ကိုင်စားသောက်ရန်ရှိပါသေးသည်။ ကျနော်တို့မှာ အခြားလုပ်ငန်းများလည်း လုပ်ကိုင်စားသောက်စရာရှိပါသေးသည် သို့ပါသောကြောင့် ကျနော်ကျမတို့သည် နိုင်ငံတော်ရဲ့အကျိုးအတွက် ကြည်ဖြူစွာဖြင့် ဤမြေများအားစွန့်လွှတ်ပါသည်ဆိုပြီး မတရားလက်မှတ်ထိုးခိုင်းတယ်၊ အဲဒီအချိန်မှာ မယူတဲ့သူတွေကိုလဲ သူတို့က ခေါ်ပြီး ချုပ်ထားတာမျိုးတွေလုပ်ပြီး မတရားသိမ်းဆည်းတာပါခင်ဗျ။ အဲဒီအချိန်တုန်းက ၁၈၉၄ မြေသိမ်းဥပဒေအရ လျော်ကြေးခေါ်ပြီး ညှိနှိုင်းတာတို့ ၁၉၅၃ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေအရ လုပ်ခဲ့တာမျိုးတွေ တခုမှ မရှိပါဘူးခင်ဗျ ”
ဒီကိစ္စကိုမကျေနပ်တဲ့ ကန့်ဘလူ တောင်သူလယ်သမားတွေက ၂ဝ၁၂ ကစပြီး အာဏာပိုင်တွေကို ၁၅ ကြိမ်တိုင်ကြားခဲ့ရာမှာ ပြီးခဲ့တဲ့ ပထမအကြိမ်ပြည်သူ့လွှတ်တော်နဲ့ ယခုလက်ရှိ လွှတ်တော်သက်တမ်းတွေ အတွင်း ကော်မတီအဆင့်ဆင့်က လာရောက်စစ်ဆေးခဲ့ပေမယ့် အကျိုးရလဒ်တစုံတရာ မရရှိသေးပါဘူးလို့လည်း ဦးမျိုးမင်းက ပြောပါတယ်။
“ ပထမအကြိမ် လွှတ်တော်ကော်မတီက ဆင်းစစ်ပြီးတော့မှ ဘယ်လိုထောက်ခံပေးထားလဲဆိုတော့ ‘ဟုတ်ပါတယ် ဒီဟာတွေကို သိမ်းခဲ့တာက ဥပဒေအရ မဟုတ်ပါဘူး တောင်သူတွေ အရမ်းနစ်နာပါတယ် ဒါကြောင့်မို့ ပိုလျှံပြီးတော့မှ သီးစားချထားတဲ့မြေတွေကို တောင်သူတွေကို ပြန်ပေးပြီးတော့ အဆောက်အဦးဆောက်ထားတဲ့နေရာတွေအတွက် လျော်ကြေးနစ်နာကြေး တိုးမြှင့်ပေးသင့်ပါတယ်ဆိုပြီး ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်ကလဲ အဲလိုမျိုးထောက်ခံပေးထားပါတယ်။ အလားတူပဲ လက်ရှိ သိမ်းဆည်းမြေပြန်လည်စိစစ်ရေးကော်မရှင်ကလည်း လွတ်လပ်နေတဲ့မြေတွေကို တောင်သူတွေကို ပြန်ပေးသင့်ပါတယ်။ လျော်ကြေးနစ်နာကြေးတွေလည်း တိုးမြှင့်ပေးသင့်ပါတယ်’ ဆိုပြီးတော့ ထောက်ခံပေးထားတာပါခင်ဗျ ”
အဲဒီလို သိမ်းယူခဲ့တဲ့ မြေတွေထဲက ဧက ၆ဝဝ ခန့်ကို သကြားစက်အတွက် တပ်မတော်က အသုံးပြုခဲ့ပြီး ကျန်မြေတွေထဲက ဧက ၂ဝဝ ခန့်ကို ဒေသခံမဟုတ်သူ တချို့ထံ သီးစားချထားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိကျန်နေသေးတဲ့ ဧက ၂ဝဝ ခန့်ကို ဒေသခံတွေက အခု ပြန်တောင်းနေတာဖြစ်ပါတယ်။ တဧကကို ၂ဝဝဝ ကျပ်နှုန်း လျော်ကြေးပေးခဲ့တဲ့ အဲဒီမြေတွေရဲ့ လက်ရှိပေါက်စျေးကလည်း တဧကကို အနည်းဆုံး ကျပ်သိန်း ၂ဝ ရှိတယ်လို့ လယ်သမား ဦးမျိုးမင်း ကပြောပါတယ်။
တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက် တာဝန်ခံ ဦးဇော်ရမ်းက တပ်မတော်ရဲ့ အခုလုပ်ရပ်ဟာ ဖွဲ့စည်းပုံဥပဒေနဲ့ကိုက်ညီခြင်း မရှိပါဘူးလို့ ဝေဖန်လိုက်ပါတယ်။
“ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ တပ်မတော်ရဲ့အခန်း ၇ မှာ တပ်မတော်က ဘယ်လိုတာဝန်တွေယူထားတယ်ဆိုတာ ၈ ချက်ရှိတယ်။ အဲဒီ ၈ ချက်မှာ တပ်မတော်သည် မြေသိမ်းခွင့်ရှိတယ်ဆိုတဲ့ အချက် မပါဘူး။ အခုတပ်မတော်က မြေသိမ်းတယ်ဆိုတာက သူကိုယ်တိုင် သစ္စာစောင့်ထိန်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်ကိုယ်တိုင် ချိုးဖောက်တာဗျ၊ ပြီးတော့ မြေယာနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှု အားလုံးက သမ္မတအောက်မှာရှိတယ်။ သမ္မတကနေ ပြတ်ပြတ်သားသား ပြည်ထောင်စုအစိုးရကနေ အတိအကျ ဥပဒေအတိုင်းလုပ်မယ်ဆိုရင် ဒီပြဿနာတွေက ပေါ်စရာမလိုသလို လယ်သမားတွေလဲ လယ်လုခံရမှာမဟုတ်ဘူးဗျ ”
မြန်မာနိုင်ငံအနှံ့အပြားမှာ တောင်သူလယ်သမားတွေထံကနေ မြန်မာ့တပ်မတော်က သိမ်းဆည်းခဲ့တဲ့ မြေဧက ၅ သိန်းခန့်ရှိတဲ့အနက် ၂ သိန်းခန့်ကို ပြန်လည်စွန့်လွတ်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပြောဆိုထားပေမယ့် အဲဒီစွန့်လွတ်မြေတွေကို တာဝန်ယူရတဲ့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လက်ဝယ်မှာ ကြန့်ကြာနေတာတွေ ရှိတယ်လို့လည်း ဦးဇော်ရမ်း ကပြောပါတယ်။ လယ်ယာမြေတွေကို စွန့်လွတ်ခဲ့ရတဲ့ ကန့်ဘလူလယ်သမားတွေကတော့ သူတို့နစ်နာချက်တွေအတွက် ဥပဒေဘောင်အတွင်းက ဆက်လက်တိုက်ပွဲဝင်မယ်လို့ RFA ကို ပြောပါတယ်။