လယ်ယာတွေကို ဘာ့ကြောင့်မီးရှို့ကြသလဲ
2023.04.09

အာရှနဲ့ပစိဖိတ် လူဦးရေရဲ့ ၉၂ ရာခိုင်နှုန်းဖြစ်တဲ့ လူသန်းလေးထောင်လောက်ဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လေကို ရှူရှိုက်နေရတယ်လို့ The Climate and Clean Air Coalition ဆိုတဲ့ နိုင်ငံစုံက အဖွဲ့အစည်းတွေ ပါဝင်တဲ့ ရာသီဥတုနဲ့ သန့်ရှင်းတဲ့ လေအဖွဲ့က ပြောပါတယ်။
အာရှတိုက်ထဲက မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းရတာကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေး ကဏ္ဍကထက် နယ်စပ် ဖြတ်ကျော်လာတဲ့ မီးခိုးငွေ့တွေနဲ့ ဒေသတွင်းစက်မှုဇုန်တွေကြောင့်လို့ Asia Climate Change Consortium အာရှတိုက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့ဝင် ဦးအိုလာက ပြောပါတယ်။
“မြန်မာနိုင်ငံက လေထုညစ်ညမ်းမှုက စိုက်ပျိုးမွေးမြူရေးတို့ကြောင့် ဖြစ်တာက နည်းပါတယ်။ အဓိကကတော့ တရုတ်တို့၊ ဒေသတွင်း စက်မှုဇုန်တွေက ဖြစ်တာများပါတယ်။ ဒီနှစ်မှ မဟုတ်ဘူးနော်။ ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကတည်းက ဆောင်းအကုန် နွေအကူးတွေမှာ။ နွေရာသီတွေမှာ၊ မိုးမရှိတဲ့ ရာသီတွေမှာ အမှုန်အမွှားတွေ အများကြီးတွေ့ရတယ်။ လေထုမှာ နယ်နိမိတ်ဆိုတာ မရှိတဲ့အတွက် တခြားနိုင်ငံတွေကနေ ကျွန်တော်တို့နိုင်ငံအပေါ်သက်ရောက်မှုရှိတယ်လို့ ယူဆရပါတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံမှာနေတဲ့ လူတွေက PM2.5 နဲ့ ပတ်သက်လို့ ဒါဟာ အမှုန်အမွှား မြင့်မားတယ်ဆိုတာ သိပ်ပြီးတော့ မသိကြဘူး"
PM2.5 ဆိုတာ ၂ ဒသမ ၅ မိုက်ခရိုမီတာ ဒါမှမဟုတ် ဒီထက်ငယ်တဲ့ အချင်းအတွင်းမှာရှိတဲ့ အမှုန်အမွှားတွေ ဖြစ်ပြီး လေထုက ဒီအဆင့်မှာ ရှိနေရင် ကျန်းမာရေးနဲ့မညီညွတ်တော့ဘူးလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားပါတယ်။
ကမ္ဘာ့ ၁၃၁ နိုင်ငံမှာ မြန်မာနိုင်ငံက လေထု ညစ်ညမ်းမှုအဆင့်က ၃၅ မှာရှိတယ်လို့လည်း ကမ္ဘာ့ လေထုအရည်အသွေးကို ၂၄ နာရီမပြတ် မှတ်တမ်းယူနေတဲ့ IQAir ကလည်း ပြောပါတယ်။ မနှစ်ကဆို PM2.5 ဟာ WHO က သတ်မှတ်တဲ့ လေထုအရည်အသွေးထက် ၄ ဒသမ ၉ ဆများတယ်လို့ ပြောပါတယ်။
စိုက်ပျိုးရေးကဏ္ဍကတစ်ဆင့် လေထုညစ်ညမ်းတာရှိပြီး တောင်ယာလုပ်ကိုင်ဖို့ လယ်သမားတွေက နှစ်စဉ်မီးရှို့နေပေမယ့် ဒါဟာ လေထုညစ်ညမ်းနေတယ်ဆိုတာ မသိဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဧရာဝတီတိုင်းက လယ်သမားတစ်ယောက်က ပြောပါတယ်။
“လယ်သမားအတော်များများကလေထု ညစ်ညမ်းတာမသိဘူး။ နွေစပါးရိတ်သိမ်းပြီးတဲ့နောက် ကွင်းထဲမှာ ကျန်ခဲ့တဲ့ ကောက်ရိုးတွေ၊ ရိုးပြတ်တွေကို လယ်သမားတွေက မီးရှို့တယ်ဗျာ။ အဲဒီကနေ ထွက်တာပဲ။ လေထုညစ်ညမ်းတာ”
ရိုးပြတ်တွေ ကောက်ရိုးတွေကို ဘာကြောင့်မီးရှို့ရပါသလဲ။
“ကောက်ရိုးတွေက မိုးရာသီ ရောက်လာလို့ရှိရင် လယ်ကွင်းထဲမှာ မဆွေးဘူးဗျ။ စက်တွေနဲ့ ကောက်ရိုးတွေနဲ့ အဆင်မပြေလို့ ရှို့ကြတာ။ အရင်က ကျွဲနွားခေတ်တုန်းက ကျွဲနွားတွေအတွက် ကောက်ရိုးတွေ ပုံထားတော့ ရိုးပြတ်ပဲ ရှို့တော့ မီးရှို့တဲ့ ပြဿနာသိပ်မရှိဘူး။ အမှန်က ကောက်ရိုးတွေက မြေဆွေးဖြစ်ရမယ်။ လက်နဲ့သယ်ဖို့ အချိန်မရလို့ မီးရှို့ကြတာ။”

ကျွဲနွားအစား ဒီဇယ်ဆီသုံး လက်တွန်းထွန်စက်နဲ့ တစ်နိုင်တစ်ပိုင် ထွန်ယက်ကြတာပါ။ ဓာတုဗေဒဘာသာရပ် ပါရဂူဘွဲ့ရ ပတ်ဝန်းကျင်ရေးရာ ဆောင်းပါးရှင် ဒေါက်တာခင်မောင်ညိုက ကောက်ရိုးတွေမီးရှို့ရတဲ့ အကြောင်းရင်းကို ပညာရှင် ရှုထောင့်က သုံးသပ်တာပါ။
“ဒီလို နွေရောက်ရင် ရိုးပြတ်တွေ ကောက်ရိုးတွေကို မီးရှို့ကြတယ်။ မှိုတွေ၊ ဘက်တီးရီးယားတွေ ပျောက်အောင် လုပ်လေ့ရှိတာကို။ မီးမရှို့ရင် မှိုရောဂါကို မနိုင်ဘူး။ မှိုရှိရင် မှိုသတ်ဆေးတွေ ပိုးသစ်ဆေးတွေ သုံးတော့ ဒီလယ်က ပိုပျက်သွားပြန်ရော"
ဒီအကြောင်း သုတေသနလုပ်သင့်တယ်လို့လည်း ပြောတာပါ။
“သေသေချာချာ သုတေသနလုပ်သင့်တယ်။ လယ်သမားတွေက တောင်ယာမီးရှို့တယ်ဆိုတာ သူတို့ဘယ်လို အကျိုးရှိတယ်ဆိုတာ သုတေသနလုပ်ထားတဲ့ စာတမ်းမတွေ့ဖူးဘူး။ လယ်သမားတွေက မညံ့ဘူး။ သူတို့နားလည်တယ်၊ သိတယ်။ ဒီ သမားရိုးကျလုပ်တဲ့နည်းက ပညာတွေအများကြီးပါတယ်လို့ ကျွန်တော် ယူဆတယ်"
မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းရတာဟာ အာရှတိုက်ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့ဝင်ဦးအိုလာ ပြောသလို စက်မှုဇုန်တွေ၊ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မီးခိုးတွေက အခိုးအငွေ့တွေအပြင် ကျောက်မီးသွေးတရားမဝင် သုံးတဲ့ စက်ရုံတွေ လည်ပတ်တာတွေ၊ ကားအိုကားဟောင်းတွေ ပြေးဆွဲနေတာတွေ၊ လျှပ်စစ်မီးပုံမှန်မရတဲ့အတွက် မီးစက်တွေ သုံးရတာတွေ၊ မီးသွေးဖုတ်၊ အုတ်ဖုတ်တဲ့ လုပ်ငန်းတွေ၊ အမှိုက်တွေကို မီးရှို့ကြတာတွေလည်း ပါဝင်ပါတယ်။