စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.10.24
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။
AFP

၂၀၂၃ မေလကနေ ဩဂုတ်အထိ ရက်ပေါင်း ၁၂၃ ရက်အတွင်း စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ဖြတ်လေးဖြတ်ဗျူဟာအဖြစ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာလို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ သုတေသနနဲ့ နိုင်ငံရေးအကြံပေး ကိုမိုးထက်နေက ပြောပါတယ်။

"စစ်ဖြစ်တဲ့နေရာတင် ဗုံးကြဲတာမျိုးမဟုတ်ဘဲ အနီးနားကကျေးရွာတွေ၊ ဒါမှမဟုတ် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တယ်ထင်တဲ့ ကျေးရွာတွေ လူနေအိမ်ခြေတွေ၊ ဒုက္ခသည်စခန်းတွေကိုပါ ဗုံးကြဲတာတွေ့ရတယ်၊ ဒါက ဘာကိုပြလည်းဆိုတော့ စစ်တပ်ရဲ့ အသုံးပြုနေကြဖြစ်တဲ့ ဖြတ်လေးဖြတ်ဗျူဟာကို လုပ်ဆောင်လာတာကို မြင်ရပါတယ်"

ဒီလေးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံရတာက ကရင်နီ‌ဒေသဖြစ်ပြီး ၇၁ ကြိမ်ထိ တိုက်ခိုက်ခံခဲ့ရပါတယ်။

အရပ်သားတွေနေထိုင်တဲ့နေရာနဲ့ စစ်ဘေးဒုက္ခသည်စခန်းနေရာတွေကိုပါ လေကြောင်းကနေ ပိုပြီး တိုက်ခိုက်လာတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖွဲ့ (Karenni State Interim Executive Council-IEC) အတွင်းရေးမှူး (၁)- မဇူးပဒုမ္မာ က ပြောပါတယ်။

"၂၀၂၃ နောက်ပိုင်းမှာဆိုရင်တော့ အကြိမ်ရေ စိတ်စိတ် ပိုပြီးဖြစ်လာတဲ့ အနေအထားမျိုးတွေ တွေ့လာရတယ်။ စစ်ဘေးဒုက္ခသည်စခန်းတွေကို ရမ်းသမ်းပစ်ခတ်မှုကြောင့် လူထုတွေ ထိခိုက်တာတွေ၊ သေကျေထိခိုက်ဒဏ်ရာရတဲ့ဟာတွေ များလာတာ တွေ့ရတယ်၊ အရေအတွက်အားဖြင့်တော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု ၄၀၀ ကျော်လောက် ကရင်နီမှာရှိတယ်"

ကရင်နီဒေသမှာ စစ်ကောင်စီဟာ မြေပြင်မှာ တိုက်ပွဲတွေပြင်းထန်လာတဲ့အခါတွေ၊ လူနဲ့ ရိက္ခာတွေပို့ချင်တဲ့အခါတွေမှာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းမှာ ၆၉ ကြိမ်၊ ချင်းပြည်နယ်မှာ ၂၉ ကြိမ်၊ ကရင်မှာ ၂၃ ကြိမ်နဲ့ ကချင်မှာ ၂၂ ကြိမ်၊ ရှမ်းပြည်တောင်ပိုင်းမှာ ၁၄ ကြိမ်၊ ရှမ်းပြည်မြောက်ပိုင်းမှာ ၁၂ ကြိမ်၊ ပဲခူးမှာ ၁၁ ကြိမ်၊ မကွေးမှာ ၁၀ ကြိမ်၊ မွန်ပြည်နယ်မှာ ခြောက်ကြိမ်၊ တနင်္သာရီနဲ့ မန္တလေးတို့မှာ နှစ်ကြိမ်စီနဲ့ နေပြည်တော်မှာ တစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ဒီ လေးလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၇၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၆၃ ဦး ရှိခဲ့ပါတယ်။ ဘာသာရေးအဆောက်အအုံ ၃၃ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံဆေးခန်း လေးခု ပျက်စီးခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ကိုးရာကျော်ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးသူ ၆၈၇ ဦး၊ ဒဏ်ရာရသူ ၄၅၈ ဦးရှိတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက မြေပြင်မှာ အခြေအနေမကောင်းတာ‌ကြောင့် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

"အခုနောက်ပိုင်း စစ်ကောင်စီက မြေမြင်တိုက်ပွဲတွေမှာ အခြေအနေမလှဘူး၊ မလှတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေကို ခပ်စိတ်စိတ်လုပ်လာတာဖြစ်တယ်၊ ဒီလေကြောင်းတိုက်ခိုက်မှုတွေက တော်လှန်ရေးကို တစ်စုံတစ်ရာ ပြောင်းလဲနိုင်စွမ်းမရှိပါဘူး၊ လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သဘောပဲ ဖြစ်ပါတယ်။"

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ အကြိမ်တစ်ထောင်ခန့် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UN OHCHR ရဲ့ စက်တင်ဘာလကထုတ်တဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာအနေနဲ့ အရေးယူပေးဖို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက တောင်းဆိုပါတယ်။

"အလျင်မြန်ဆုံး ရပ်တန့်စေချင်တယ်၊ သက်ဆိုင်ရာနိုင်ငံတကာအနေနဲ့လည်း ဝိုင်းဝန်းပြီးတော့မှ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်စေချင်တယ်၊ ပြစ်မှုကျူးလွန်တဲ့ စစ်တပ်ရဲ့ တစ်ဦးခြင်းစီသော်လည်းကောင်း၊ ကျူးလွန်တဲ့ပြစ်မှုအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေချင်သလိုမျိုး ထိခိုက်နစ်နာတဲ့ ပြည်သူလူထုတိုင်းအတွက်လည်း တရားမျှတမှု ရရှိစေချင်တယ်"

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံမဖြေကြားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။