နိုင်ငံခြားသုံးငွေ ရရှိရေးနဲ့ ဆန်စပါးကြိတ်ခွဲဖြန့်ချိမှု ထိန်းချုပ်ရေး စစ်ကောင်စီ ကြိုးပမ်း
2022.07.21

အာဏာသိမ်းစစ်ကောင်စီက ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေတွေကို ဇူလိုင် ၂၁ ရက်နေ့ မနေ့က မြန်မာကျပ်ငွေနဲ့ အစားထိုးပြောင်းလဲလိုက်ပါတယ်။ ဒါဟာ ဇူလိုင် ၁၃ ရက်က စတင်တဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားငွေထိန်းချုပ်ရေး လှုပ်ရှားမှုတွေမှာ နောက်ဆုံးဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေ မနေ့က အချိန်ပိုအလုပ်ဆင်းခဲ့ရတယ်လို့ မြန်မာ့အရေးလေ့လာနေတဲ့ စီးပွားရေးပညာရှင် ဦးမျိုးက RFA ကိုပြောပါတယ်။
“ဒီနေ့ ထပ်ထုတ်တဲ့စာက အပြင်ကို ထွက်မလာဘူး။ ဘဏ်တွေဆီ အကုန်လုံးကို ပို့သွားတယ်။ ၂၁ ရက်နေ့ ညနေ ၆ နာရီကို နောက်ဆုံးထားပြီးတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံရေးကော်မရှင် DICA ဒီကာမှာ စာရင်းသွင်းထားတဲ့ ကုမ္ပဏီ အကုန်လုံးရဲ့ နိုင်ငံခြားဘဏ်အကောင့်မှာ ရှိနေတဲ့ ပိုက်ဆံတွေကို မြန်မာကျပ်ငွေ ပြောင်းလိုက်ပါဆိုပြီး ဘဏ်တွေ အကုန်လုံးကို သူတို့ ဒီနေ့ နေ့ခင်းက စာပို့လိုက်ထာ။ ဘဏ်တွေက ညနေ ၆ နာရီအထိ အလုပ် လုပ်ပြီးတော့ ကျန်နေသေးတဲ့ဟာတွေအကုန်လုံးကို ပြောင်းသွားပြီ။ အထူးစီးပွားရေး ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံကို ဖိတ်ခေါ်ထားတဲ့ ကုမ္ပဏီတွေ ရှိတယ်၊ MIC ပါမစ်လို့ သူတို့ ခေါ်ကြတယ်။ ဆိပ်ကမ်းပါမစ်တို့ စီးပွားရေး လုပ်ငန်းအကြီးကြီးတွေပေါ့။ MIC ပါမစ် ကိုင်ထားတဲ့ ကုမ္ပဏီတွေက ဒေါ်လာကိုတော့ မသိမ်းသေးဘူး။ နောက်ပြီးတော့ INGO အဖွဲ့အစည်းတွေ လွတ်တယ်၊ ကုလသမဂ္ဂနဲ့ သံရုံးတွေ လွတ်တယ်။ သံတမန်တွေနဲ့ လေကြောင်းလိုင်း အဲ့ဒါပဲ လွတ်တယ်။ ကျန်တာတော့ အကုန်သိမ်းလိုက်တဲ့ သဘောဖြစ်သွားပြီ”
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ နောက်ဆုံးလှုပ်ရှားမှုတစ်ခုကတော့ ဧရာဝတီတိုင်းမှာ ရှိနေတဲ့ ဆန်စက်လုပ်ငန်းပိုင်ရှင်တွေကို ကြိုတင်ငွေ ထုတ်ပေးပြီး ဆန်ထွက်ပစ္စည်းတွေကို စစ်တပ်ကိုပဲ ရောင်းချဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဦးမျိုးက ပြောပါတယ်။
“ဆန်စက်ပိုင်ရှင်တွေကို အင်းဝဘဏ်ကနေပြီးတော့ ငွေ ထုတ်ပေးမယ်။ ငွေထုတ်ပြီးသွားတဲ့အခါမှာ အဲ့ဒီငွေတွေနဲ့ စပါးတွေ၊ ဘာတွေကောက်ပြီးမှ ကြိတ်ခွဲရမယ်။ အဲ့ဒါပြီးသွားရင်တော့ စစ်တပ်ကနေ ပြန်ကောက်မယ်”
တခြားဘဏ်တစ်ခုလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေဖွယ်ရှိပြီး ဆန်စက်တွေကို စစ်ကောင်စီက စာရင်းကောက်ယူထားပြီး ဖြစ်တယ်၊ ရရှိတဲ့ ဆန်တွေကို စစ်ကောင်စီ သို့မဟုတ် သူတို့ခွင့်ပြုတဲ့ လူပုဂ္ဂိုလ် ကုမ္ပဏီ အဖွဲ့အစည်းတစ်ခုခုကနေ ပြန်လည်ရောင်းချမယ်လို့ သတင်းရရှိထားကြောင်းလည်း ဦးမျိုးက ပြောပါတယ်။
အခုလုပ်ရပ်တွေကိုကြည့်ရင် မြန်မာပြည်ဟာ ကျဆုံးနိုင်ငံတစ်ခုအဖြစ်ကို အလျင်အမြန်ရောက်ရှိနေပြီလို့ မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင် က ဝေဖန်ပါတယ်။
“ဒေါ်လာ သူတို့ လက်ထဲမှာရှိဖို့ လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ အခုသီရိလင်္ကာတို့၊ ဘာတို့မှာ ဒေါ်လာအကျပ်အတည်းကြောင့် ဆီပြတ်၊ ဆန်ပြတ် နောက်ဆုံးသမ္မတ ထွက်ပြေးရတဲ့အထိ ရောက်နေတဲ့အချိန်မှာ သူတို့ကတော့ အဲ့ဒီအဆင့်ကို အရောက်မခံနိုင်တဲ့ သဘောပါပဲ။ နောက်တစ်ချက်က ဧရာဝတီတိုင်းက ဆန်တွေကို ချုပ်လိုက်တာ။ အခုဗမာပြည်ရဲ့ အထက်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာလည်း ဆန်ကောင်းတွေပေါတယ်။ ဒါပေမဲ့ အဲဒီနေရာတွေက အခုအခါမှာ စစ်ရေးပဋိပက္ခတွေကြောင့် သူတို့အတွက် ဆန်ဝယ်ယူလို့ ရ မရ အာမခံချက် မရှိဘူး။ သူတို့အနေနဲ့ကတော့ ပြည်သူလူထု ဘာတွေဖြစ်ဖြစ် စစ်တပ်အတွက် စားစရာ ဆန်အလုံအလောက်ရှိဖို့ကတော့ အရေးကြီးတယ်။ စစ်တပ်က သူတို့ အသက်၊ သူတို့ကို အကာအကွယ်ပေးနေတဲ့ အင်အားစု အဲ့ဒီအင်အားစုတော့ အငတ်ခံလို့ မဖြစ်ဘူး။ အဲ့ဒါကြောင့် စစ်ကောင်စီလက်ထဲမှာ စပါးတွေ၊ ဆန်တွေ ချုပ်ထားနိုင်လောက်အောင် ဧရာဝတီတိုင်းကို ချုပ်လိုက်တဲ့ သဘောပါပဲ။ အဲ့ဒီအခြေအနေနှစ်ရပ်က ဘာကိုဖော်ပြနေလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေးဟာ ဇောက်ထိုး မိုးမျှော်ဖြစ်ပြီးတော့ ကျနော်တို့ Failed State ဖြစ်နေပြီ၊ မကြာခင် အငတ်ဘေးကျမယ့် သဘောရှိပါတယ်”
“ကျနော်တို့ တိုင်းပြည်မှာ စီးပွားရေးဟာ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီးတော့ ကျနော်တို့ Failed State ဖြစ်နေပြီ၊ မကြာခင် အငတ်ဘေးကျမယ့်သဘော ရှိပါတယ်”
တောင်သူလယ်သမားအကျိုးဆောင် ဦးဇော်ရန်းကတော့ အခုလို ကြိုတင်ငွေပေးပြီး ဆန်ထွက်ပစ္စည်း ချုပ်ကိုင်တဲ့စီမံချက်ကို စစ်ကောင်စီအနေနဲ့ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှာလဲ ဆိုတာ လတ်တလော အတိအကျ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“မနှစ်ကလို ဆန်စက်တချို့ကိုပဲ ဝယ်ယူမှာလား ဒါမှမဟုတ် ဆန်စက်အားလုံးကို ထိန်းချုပ်ပြီး ဝယ်ယူမှာလားတော့ သေချာတော့ မသိရသေးဘူး အဲ့ဒီတော့ ဒီလိုဝယ်ယူမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အမြင်ကတော့ ဒါကတော့ ဒီနှစ်မှာ ဆန်စပါးစိုက်ဧက ကျဆင်းသွားတယ် သွင်းအားစုတွေပေါ့။ စိုက်ပျိုးထုတ်လုပ်မှုက ၁ ဧက ကို ၁ဝ သိန်းထိ မြင့်တက်သွားတယ်။ ဓာတ်မြေဩဇာဈေးနှုန်းတွေက တစ်အိတ်ကို ကိုးသောင်း၊ တစ်သိန်းထိ ဖြစ်သွားသလို စက်မောင်းဆီတွေကလည်း ဈေးတက်သွားတဲ့အတွက် စပါးထုတ်လုပ်မှုက ကျိန်းသေ ကျသွားပြီလေ။ စစ်တပ်က သုံးဖို့အတွက် ကြိုဝယ်ယူထားတာလည်း ဖြစ်မှာပေါ့။ အထက်မြန်မာပြည်မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့နေရာတွေမှာ လယ်တွေ၊ ယာတွေပျက် စိုက်လို့ ပျိုးလို့မရတဲ့အတွက် ရိက္ခာတွေပြတ်လပ်တယ်။ ဒါတွေကို သူတို့ နိုင်ငံရေး အမြတ်ထုတ်မှာလားတော့ စောင့်ကြည့်ရမှာပေါ့နော်”
အခုလုပ်ရပ်ဟာ စစ်တပ်ဖူလုံရေးအပြင် တော်လှန်ရေးအင်အားကောင်းနေတဲ့ တိုင်းနဲ့ပြည်နယ်တွေကို ရိက္ခာထောက်ပို့ရေးလုပ်ငန်းတွေ မလုပ်နိုင်အောင် ဖြတ်တောက်ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးစားတာဖြစ်နိုင်တယ်လို့လည်း ဝေဖန်သူတွေက ပြောပါတယ်။ ဒီဆောင်းပါးမှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ အင်းဝဘဏ်တွေရဲ့ ထုတ်ပြန်ပြောကြားချက်တွေကို လတ်တလော မသိရသေးပါဘူး။