တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်တိုက်ပွဲ ကြားက မြန်မာ့အကျပ်အတည်း

2021.10.05
တွေ့ဆုံဆွေးနွေးရေးနဲ့ အဆုံးသတ်တိုက်ပွဲ ကြားက မြန်မာ့အကျပ်အတည်း စစ်ကောင်စီတပ်သားတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဥ်
AFP Photo

စစ်တပ်အာဏာသိမ်းခဲ့တာ ၈ လကျော်ကြာလာပေမယ့်လည်း ပြည်တွင်းအကျပ်အတည်းတွေကို နိုင်ငံတကာ က ကူညီဖြေရှင်းတာတွေက ထိရောက်မှုမရှိလို့ လမ်းကြောင်းပြောင်းပြီး ကြားဝင်ညှိုနှိုင်းပေးဖို့ လိုအပ်နေပြီလို့ မြန်မာ့အရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ စစ်ကောင်စီအပေါ် သြဇာအရှိဆုံးက အိမ်နီးချင်းတရုတ် နိုင်ငံဖြစ်သလို ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးစကားဝိုင်းပေါ်ရောက်လာဖို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အား ကြီးနိုင်ငံတွေက တရုတ်အစိုးရကို ဖိ အားပေးတိုက်တွန်းဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အကြောင်းမဲ့သတ်ဖြတ်မှုတွေ တစ်နေ့ ထက်တစ်နေ့တိုးလာနေလို့ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာကနေ အကူအညီတွေ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ပြီးခဲ့တဲ့ စက်တင် ဘာလ ဂျီနီဗာမြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

နေ့စဉ်နဲ့အမျှ ပြည်တွင်းရေးအခြေအနေ ဆုတ်ယုတ်ကျဆင်းနေတာရပ်တန့်ဖို့ နိုင်ငံတကာအသိုင်းအဝန်းရဲ့ ကြိုးပမ်းအားထုတ်မှုတွေက မထိရောက်ဘဲဖြစ်နေတာကို လမ်းကြောင်းပြောင်းဖို့ လိုအပ်နေပြီလို့လည်း Tom Andrews က ဆိုပါတယ်။

လက်ရှိမြန်မာ့ပြည်တွင်းရေးကတော့ အကြမ်းဖက်လက်နက်စွဲကိုင်ပြီး စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းတဲ့ လမ်း ကြောင်းပေါ် ဦးတည်နေတာတွေ့ရပါတယ်။ ဒေသခံပြည်သူတွေ စစ်ရဲ့အနိဌာရုံကို လက်တွေ့ခံစားနေရတာမို့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ နိုင်ငံရေးစကားဝိုင်းပေါ် တင်ပေးနိုင်မယ့်လမ်းကြောင်းမျိုးကို မျှော်လင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေကို အကောင်းဆုံးထိန်းကျောင်းပေးနိုင်မယ့် တစ်ခုတည်းသောနိုင်ငံက အိမ်နီးချင်း တရုတ်နိုင်ငံဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော က ပြောပါတယ်။

"တရုတ်ရဲ့ဖိအားက အဓိကဖြစ်မှာပဲ တရုတ်ကိုယ်တိုင်က တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တွန်းနေတာ ဖြစ်တဲ့အတွက် ဆက်လုပ်သင့်တယ်လို့ ကျွန်မထင်တယ်၊ သူ့ရဲ့ဒီပလိုမေစီက မိုက်ခရိုဖုန်း ဒီပလိုမေစီ မဟုတ်ဘူးတဲ့ ဝါးလားလားတွေ မပြောဘူးပေါ့ဗျာ၊ ဘက်ပေါင်းစုံချဉ်းကပ်တဲ့ပုံစံမျိုးပေါ့၊ နောက်တစ်ခုက မင်းအောင်လှိုင်က အတွက်အချက်တော်တော်လွဲတယ်ဗျ၊ ရုရှားကိုသွားပြီး တရုတ်မကောင်းကြောင်း ပြောရင် ရုရှားကိုယ်တိုင်က တရုတ်ကိုဖက်ထားရတာ ရုရှားရဲ့စီးပွားရေး နိုင်ငံရေး ဘက်ပေါင်းစုံက တရုတ်ကိုကပ်ထားရတာ မင်းအောင်လှိုင်က ရုရှားကိုသွားကပ်ပေမယ့် ရုရှားက သူ့ကိုဒီလောက်ကြီး လူရာမသွင်းပါဘူး’’

တစ်နေ့တစ်ခြား ခုလိုအကြမ်းဖက်မှုတွေ ဆက်လက်တိုးလာနေမယ်ဆိုရင် နိုင်ငံရေးအရထောက်ခံတာကို ရပ်တန့်မယ်ဆိုပြီး စစ်ခေါင်းဆောင်တွေကို ခြိမ်းခြောက်တာမျိုးအထိ လုပ်နိုင်တဲ့သြဇာ တရုတ်နိုင်ငံမှာရှိတာမို့ တရုတ်ရဲ့အရေးပါမှုက အဓိကကျတယ်လို့ နိုင်ငံရေးလေ့လာသူတွေက မြင်ကြပါတယ်။
စစ်ခေါင်းဆောင်တွေအတွက် နိုင်ငံတကာမှာ အားကိုးလို့ရမယ့်နိုင်ငံဆိုလို့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံပဲရှိသလို အဲဒီနှစ်နိုင်ငံဟာလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗွီတိုအာဏာသုံးခွင့်ရနိုင်ငံတွေလည်း ဖြစ်နေပါတယ်။

မြန်မာ့နိုင်ငံရေးအကြောင်း ထဲထဲဝင်ဝင်ရှိပြီး ပြည်တွင်းမှာ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တော်လှန်ရေး အမြစ်မပြတ်နိုင်သေးဘဲ အဲဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တရုတ်နိုင်ငံကပဲ သြဇာတည်မြဲ နေတာပါ။ လက်နက်ကိုင် ၇ ဖွဲ့ ပါဝင်တဲ့ FPNCC လို အဖွဲ့မျိုးကို ကြိုးကိုင်ထားနိုင်တဲ့ နိုင်ငံဖြစ်တာမို့ တရုတ်ရဲ့ ကျောခိုင်းမှုကို စစ်ခေါင်းဆောင်တွေ လိုလားမှာမဟုတ်ဘူးလို့လည်း နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

FPNCC ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက အင်အားအကြီးဆုံး UWSA ဝ တပ်ဖွဲ့က ဦးဆောင် ထားပြီး UWSA ၊ AA နဲ့ မိုင်းလား တို့လိုအဖွဲ့တွေဟာ လက်ရှိပြည်တွင်းအကျပ်အတည်းဖြစ်နေတာကို စောင့်ကြည့်နေကြတယ်လို့လည်း လေ့လာသူတွေက ဆိုကြပါတယ်။

မြန်မာပြည်အကြောင်း ထဲထဲဝင်ဝင်သိတဲ့ တရုတ်က လက်ရှိစစ်ကောင်စီကို ထိရောက်တဲ့ဖိအားပေးမှုတွေ လုပ်လာရင် သူ့အနေနဲ့ တင်းခံလာနိုင်မယ်မထင်ဘူးလို့ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

"မြန်မာပြည်ပြဿနာကို တစ်ကယ်တန်းလက်တွေ့ကျကျ ဖြေရှင်းပေးနိုင်တာက တရုတ်ပြည်ပဲဖြစ်တယ် ဗျ၊ အာဆီယံကလည်း တရုတ်ရဲ့ အကောင်အထည်ဖော်တာကိုလည်းပဲ လိုက်လုပ်နေရတာပဲလို့ မြင်တယ်၊ မြန်မာပြည်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပေးဖို့ တရုတ်အနေနဲ့ ဖိအားပေးဖို့လိုတယ်၊ တကယ် လို့ အဲဒါတွေဆက်လုပ်နေမယ်ဆိုရင် မြန်မာပြည်ကို နိုင်ငံရေးအရထောက်ခံနေတာကို စဉ်းစားရလိမ့်မယ် ဆိုတဲ့ အနေအထားအထိရောက်ပါလိမ့်မယ်၊ သူတို့အနေနဲ့ တရုတ်နဲ့ ရုရှားပဲရှိတာပဲလေ၊ ရုရှားဆိုတာလည်း မြန်မာပြည်ပြဿနာနဲ့ အလှမ်းဝေးပါတယ်၊ မြန်မာပြည်အကြောင်း မြန်မာပြည်နိုင်ငံရေးအကြောင်း မြန်မာပြည်ရဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ အကျိုးစီးပွားတွေ မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေ အားလုံး သူတို့နဲ့ပဲ ပတ်သက်ဆက်စပ်နေတဲ့ အင်အားစုတွေဖြစ်တဲ့အတွက် တရုတ်က အဲဒီလောက်ထိ လုပ်မယ်ဆိုရင် သူ အဲဒီလောက်ထိ တင်းခံနိုင်မယ်မထင်ပါဘူး’’

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာစစ်ကောင်စီက စေလွှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့ကို တက်ရောက် ခွင့်မပေးဖို့၊ NLD အစိုးရလက်ထက်က တင်မြှောက်ထားတဲ့ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို ညီလာခံတက် ရောက်ခွင့်ပြုပေမယ့် စကားပြောတာတွေမလုပ်ဘဲနေပေးဖို့ အမေရိကန်နဲ့ တရုတ်နိုင်ငံအကြား သဘောတူညီ ထားကြကြောင်း သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။

"မင်းအောင်လှိုင်က ရုရှားကိုသွားကပ်ပေမယ့် ရုရှားက သူ့ကိုဒီလောက်ကြီး လူရာမသွင်းပါဘူး"

ဒီလိုပဲ မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကို ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးစကားဝိုင်းပေါ် ရောက်လာနိုင်ဖို့ အနောက်အင်အားကြီးနိုင်ငံတွေက တရုတ်နိုင်ငံကို ဖိအားပေးဖို့ အရေးကြီးတယ်လို့ CNF ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီ က ဆိုပါတယ်။

"US က သော်လည်းကောင်း UK က သော်လည်းကောင်း တရုတ်ကိုဖိအားပေးနိုင်ဖို့ ကျွန်တော်တို့ မြန်မာ့ နိုင်ငံရေး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကိုလိုချင်တဲ့ အနေအထားအခင်းအကျင်းသည် တရုတ်ကိုချပြပြီးတော့မှ တရုတ်ရဲ့  မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေက လေ့လာပြီးတော့ ဒီမြန်မာနိုင်ငံမှာ တရုတ်သြဇာလွှမ်းမိုးဖို့ ထိရောက်တဲ့ပေါ်လစီချပြီးတော့ တရုတ်နဲ့ချိတ်ဆက်ပြီး ကိုင်တွယ်မယ်ဆိုရင်တော့ အထိုက်အလျောက် တော့ ရလာနိုင်လိမ့်လို့ ပြောချင်ပါတယ်’’

unnamed.jpg
(တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဥ်) Photo: Xinhua

လက်ရှိကာလမှာတော့ မြန်မာ့ပြည်တွင်းရေးအခြေအနေဟာ နှစ်ဖက်စလုံးက စေ့စပ်ညှိုနှိုင်းဖို့ မလုပ်လိုကြဘဲ စစ်ရေးနဲ့ အဆုံးသတ်ရေးကိုသာ အာရုံထားနေကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ခဲ့ကြသူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တာတွေ၊ အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်တာတွေ၊ အကြောက်တရားစိတ်တွေဝင်အောင် ဖိနှိပ်နေတာတွေက တစ်ဖက်သတ်ဖြစ်ခဲ့တာမို့ ဆွေးနွေးစရာလမ်းစ မရှိတော့ဘူးဆိုတဲ့ အယူအဆတွေ၊ နာကျည်းစိတ်တွေကြောင့် လက်နက်နဲ့ ခုခံတိုက်ခိုက်ရေးလမ်းကိုပဲ ဦးတည်နေတာပါ။

တစ်ဖက်ကလည်း ငြိမ်းချမ်းတဲ့နည်းနဲ့ ပြေလည်ချင်ကြသလို တစ်ဖက်ကလည်း စွန့်လွှတ်မှုတွေ များစွာနဲ့ အဆုံးသတ်တိုက်ပွဲအဖြစ် ဆုံးဖြတ်ထားတယ်လို့ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ မင်းတပ် CDF ရဲ့ ပြောခွင့်ရသူတစ်ဦးက ပြောပါတယ်။

"ငြိမ်းချမ်းရေးအတွက် တရုတ်ကိုဦးဆောင်ပြီး လုပ်စေချင်တဲ့သူတွေက ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ ပြေလည်သွားစေချင်တဲ့သဘော ဖြစ်ပါလိမ့်မယ်၊ တစ်ဖက်ကလည်း ပြည်သူတွေလည်း ရုန်းကန်ရတာ များတယ်၊ မင်းတပ် CDF တွေဆိုရင် ယာစွန့် အိမ်စွန့် မိသားစုတွေစွန့်နဲ့ အကုန်လုံးတောထဲလာပြီး အသက်တွေပါ လောင်းကြေးထပ်ပြီး တိုက်နေရတဲ့သူတွေအတွက် အဆုံးသတ်တိုက်ပွဲပဲ ကျွန်တော်တို့ အတွက် နောက်ပြန်တံခါးတွေ ပိတ်ခဲ့ပြီပေါ့နော်’’

နိုင်ငံတကာက ငြိမ်းချမ်းတဲ့နည်းလမ်း သုံးစေချင်ပေမယ့် မြန်မာ့နိုင်ငံရေးပြဿနာကို ထဲထဲဝင်ဝင် မသိကြ သေးတာလို့ အများကယူဆသလို အိမ်နီးချင်းတရုတ်နိုင်ငံက မြန်မာ့အကျပ်အတည်းကို ကြားဝင်စေ့စပ် ပေးမယ်ဆိုရင်တောင်မှ သူ့စေတနာဘယ်လောက်ရှိတယ်ဆိုတာ သုံးသပ်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။