စစ်ကောင်စီ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်တည်ဆောက်

ခက်မာ၊ အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023.09.13
စစ်ကောင်စီ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးပြန်တည်ဆောက် မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တရုတ်နိုင်ငံ သမ္မတထံ သံအမတ်ခန့်အပ်လွှာသွားရောက်ပေးအပ်စဉ်။
Ministry of Foreign Affairs Myanmar

မြန်မာ့အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ် ပူးတွဲခန့်အပ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံကို မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်နေချိန်မှာပဲ ဒီလို သံအမတ်ခန့်အပ်တာဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အနေနဲ့ မြန်မာနိုင်ငံကို မြောက်ကိုရီးယားလိုဖြစ်အောင် လုပ်ဆောင်နေတာလို့ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူတွေက သုံးသပ်ဝေဖန်ကြပါတယ်။

“စစ်ကောင်စီက မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ပြန်တည်ဆောက်တာဟာ မြောက်ကိုရီးယားရဲ့ အကြမ်းဖက်ဗုံးကွဲမှုကြောင့် ရန်ကုန်မှာ အာဇာနည်ဗိမာန်မှာ နာကျင်ဆုံးရှုံးခဲ့ရသူတွေကို အကြီးအကျယ် စော်ကားလိုက်တာပါပဲ” (Phil Robertson - Human Rights Watch)

ဒါဟာ မြန်မာစစ်ခေါင်းဆောင်တွေ ဘယ်လောက် စိတ်ခြောက်ခြားနေသလဲဆိုတာ ပြနေတာပါပဲ။ သူတို့က ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးထဲက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာ သံတမန်အဆက်အသွယ်တွေ အများအပြား ဆုံးရှုံးထားရတာဆိုတော့ မိတ်ဆွေအဖြစ်ဆက်ဆံမဲ့သူကို ရှာဖွေနေရတာပါ။ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရုရှား ခေါင်းဆောင်တွေ့ဆုံနေချိန်မှာ ဒီလိုလုပ်တာဟာ မြောက်ကိုရီးယားက ရုရှားကိုကူသလို သူတို့ကိုလည်း ကူနိုင်မလားလို့ စစ်ခေါင်းဆောင်က တွေးနေတာပါ။ အဲဒါက မြန်မာပြည်သူတွေအတွက် အလွန်စိုးရိမ်ဖို့ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ကိုရီးယားမှာ  အလွန်များပြားတဲ့ လက်နက်တွေရှိနေသလို မြန်မာစစ်ခေါင်းဆောင်တွေက မြန်မာပြည်သူတွေကို နှိမ်နင်းရာမှာ မြောက်ကိုရီးယားက ကူညီနိုင်တာတွေ ရှိနေလို့ပါ။ မြန်မာစစ်ကောင်စီက အခုလို မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ပြန်တည်ဆောက်တာဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရန်ကုန်မှာ မြောက်ကိုရီးယားရဲ့ အကြမ်းဖက်ဗုံးကွဲမှုကြောင့် နာကျင်ဆုံးရှုံးခဲ့ရသူတွေကို အကြီးအကျယ်စော်ကားလိုက်တာပါပဲ။ မြန်မာစစ်တပ်ဟာ နိုင်ငံအတွက်ရော၊ ပြည်သူတွေအတွက်ရော ဘာမှဂရုမစိုက်ဘဲ သူ့အကျိုးသာ ဂရုစိုက်တယ်ဆိုတာ ပြလိုက်တာလည်းဖြစ်ပါတယ်။

၁၉၈၃-ခုနှစ်၊ အောက်တိုဘာ (၉) ရက်နေ့မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နဲ့အဖွဲ့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချိန်အတွင်း ရန်ကုန်မြို့ ရွှေတိဂုံဘုရားခြေရင်းက အာဇာနည်ဗိမာန်မှာ လွမ်းသူ့ပန်းခွေချမဲ့ အချိန်မှာ မြောက်ကိုရီးယားတပ်မတော်က ဗိုလ်မှူးဇင်ဘိုနဲ့ အဖွဲ့က ဗုံးဖောက်ခွဲခဲ့ပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကြောင့် တောင်ကိုရီးယားဝန်ကြီးတွေအပါအဝင် ကိုရီးယား၊ မြန်မာစုစုပေါင်း ၂၁ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ပေမဲ့ တောင်ကိုရီးယာသမ္မတကတော့ အာဇာနည်ဗိမာန်ကို နောက်ကျမှ ရောက်လာတဲ့အတွက် အသက်မသေဆုံးခဲ့ပါဘူး။ အကြမ်းဖက်ဗုံးဖောက်ခွဲခဲ့တဲ့ မြောက်ကိုရီးယားကို အဲဒီကာလက နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ကြီး နေဝင်းက သံတမန်ဆက်ဆံရေး ဖြတ်တောက်လိုက်ပါတယ်။

အဲဒီနောက် ၂၀၀၇ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရလက်ထက်မှာ မြောက်ကိုရီးယားနဲ့ သံတမန် ဆက်ဆံရေးပြန်လည်တည်ဆောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့  နျူကလီးယားလက်နက်တားမြစ်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုနဲ့အညီ နျူကလီးယားလက်နက်ကိုင်ဆောင်ထားတဲ့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးထပ်မံဖြတ်တောက်လိုက်ပါတယ်။ 

အခုလို မြောက်ကိုရီးယားနဲ့ စစ်ကောင်စီ သံတမန်ပြန်လည်ထူထောင်မှုဟာ ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ထိခိုက်လာစေနိုင်ကြောင်း အချက်ပြချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

“မြောက်ကိုရီးယားဆိုတာလည်း သိတဲ့အတိုင်းပဲ ဒေသတွင်းတည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုနဲ့ပတ်သက်ပြီး အမြဲပြဿနာရှိနေတဲ့နိုင်ငံလေ။ အကြမ်းဖက်စစ်တပ်အနေနဲ့ ဒီလိုနိုင်ငံတွေနဲ့ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာဟာ ဒေသတွင်းသာမကဘဲနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ ကမ္ဘာ့တည်ငြိမ်မှုအတွက်ကိုပါ ထိခိုက်လာစေနိုင်တယ်ဆိုတဲ့ အချက်ပြချက်လို့ပဲ ကျွန်တော်တော့မြင်ပါတယ်။ အဲဒါကြောင့် နိုင်ငံတကာအနေနဲ့လည်း ဒါကို အလေးအနက်ထားပြီးတော့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဝိုင်းဝန်းကူညီပေးဖို့လိုတယ်။ ဒီစစ်အုပ်စုကို ဖယ်ရှားတဲ့ ဒီစစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ကျွန်တော်တို့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း အလေးအနက်ထားပြီးတော့ ကူညီပေးဖို့လိုတယ်လို့ သဘောရပါတယ်။”

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းစကတည်းက မြောက်ကိုရီးယားကို လိုလားနေတာ ထင်ရှားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပေးပါတယ်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာပြည်သူတွေကိုကြိမ်းမောင်းဖူးတယ်။ မြောက်ကိုရီးယားလို ဖြစ်သွားချင်လားတဲ့။ အဲဒါ သူတက်လာပြီး သိပ်မကြာဘူးပြောတဲ့စကားပဲ။ အဲဒီထဲက မြောက်ကိုရီးယားကို သူဘယ်လောက် လိုလားနေသလဲဆိုတာ အဲဒီမှာပေါ်တာပဲ။ နောက်တစ်ခုက မြောက်ကိုရီးယားလိုလုပ်လိုက်ရင် ပြားပြားဝပ်သွားမယ်လို့ ဒီလိုလည်း ကြိမ်းမောင်းတဲ့သဘောပါတာပေါ့။ မြန်မာပြည်မှာလာပြီး အကြမ်းဖက်သွားတဲ့ နိုင်ငံနဲ့ သံတမန်အဆက်အသွယ်ပြန်လုပ်တယ်ဆိုတာဟာ အကြမ်းဖက်လုပ်တဲ့နိုင်ငံကို အကြမ်းဖက်သမား သွားဆက်ဆံတယ်လို့ပဲ ကျွန်တော်တော့ ဒီလိုပဲ မှတ်ယူပါတယ်။”

စစ်ကောင်စီဟာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စစ်လက်နက်နဲ့ လေယာဉ်ဆီကို တရုတ်ယွမ်ငွေအသုံးပြုပြီး မြောက်ကိုရီးယားကတဆင့် ဝယ်ယူနိုင်ဖို့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်တာ ဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။

“သူတို့က တရုတ်ယွမ်ငွေနဲ့ မြောက်ကိုရီးယား စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူအသုံးပြုဖို့များတယ်။ တကယ်လို့ ဝယ်မယ်ဆိုရင်လည်း ဒီပြည်တွင်းမှာပဲ ပြန်အသုံးပြုမယ်။ ကျွန်တော်ကြည့်ရတာ မင်းအောင်လှိုင် တော်တော်လေးကို အကြပ်ရိုက်နေတဲ့အခြေအနေမှာ သူမြေပြင်မှာလည်း မထိန်းကွပ်နိုင်ဘူးပေါ့။ ခေတ်မီစစ်လက်နက်လည်း သူ့ဆီမှာ မရှိထားဘူး။ သူ့ဆီမှာတာကိုလည်း သူသိပ်မသုံးရဲဘူးဖြစ်နေတယ်။ အဲဒါကြောင့် သူတစ်ခုခုတော့ တရုတ်ကနေတဆင့် မြောက်ကိုရီးယားဆီက ဝယ်ဖို့အတွက် ဒီသံအမတ်ခန့်တယ်လို့ပဲ ကျွန်တော်တို့က မြင်တယ်။”   

အာဏာသိမ်းစစ်ကောင်စီနဲ့ အာဏာရှင်မြောက်ကိုရီးယားတို့ အခုလိုသံတမန်ဆက်ဆံရေး ပြန်တည်ဆောက်လိုက်တာကြောင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် စိတ်ဓာတ်ပိုပြီး ပြင်းပြင်းထန်ထန်ထား တိုက်ပွဲဝင်ကြဖို့ လိုလာပြီလို့ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က သတိပေးလိုက်ပါတယ်။

“မြောက်ကိုရီးယားနဲ့ပေါင်းတယ်ဆိုရင်တော့ အကုန်လုပ်မှာပဲလေ။ မင်းအောင်လှိုင်ကလည်း ကြိမ်းထားတယ်။ ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့သူနဲ့ ဟိုကလည်း ဘာမဆို လုပ်တဲ့သူနဲ့ တွေ့ကြပြီပေါ့။ အဲဒီတော့ ကျွန်တော်တို့က အဲဒီလို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား သိပြီဆိုရင်တော့ ဒီစစ်အာဏာရှင်ကို အမြန်ဆုံးဖြုတ်ချနိုင်ရမယ်။ မဖြုတ်ချရင်တော့ ကျွန်တော်တို့က မင်းအောင်လှိုင်ကြိမ်းသလို မြောက်ကိုရီးယားလို ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ အမြန်ဆုံးဖြုတ်ချဖို့ ကြိုးစားရလိမ့်မယ်ဆိုတာကို ပိုပြီးတော့ စိတ်ဓာတ် ပြင်းပြင်းထန်ထန်ထားကြဖို့ လိုတာပေါ့။”

မြောက်ကိုရီးယားနဲ့ မိတ်ဆွေဖြစ်လိုတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတုနှစ်ပတ်လည် ပြည်ထောင်စုနေ့မှာ မြောက်ကိုရီးယား ခေါင်းဆောင် အလေးပြုခံသလို ချီတက်အလေးပြုခံခဲ့ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။