အနုပညာရှင်တွေ ပြည်သူ့ဘက်က ရပ်မှာလား အာဏာရှင်ဘက်က ရပ်မှာလား

ခင်မောင်စိုး
2022.10.26
အနုပညာရှင်တွေ ပြည်သူ့ဘက်က ရပ်မှာလား အာဏာရှင်ဘက်က ရပ်မှာလား ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့ကြသည့် အနုပညာရှင်များ။
Photo: Aung Min Naing/Facebook

နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ အနာဂတ်အဆုံးအဖြတ်ဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာသူတွေကပြောဆိုနေကြချိန်မှာ ပြည်သူချစ်တဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေဟာ မိမိတို့ရဲ့ကျေးဇူးရှင်တွေပါလို့ တဖွဖွပြောဆိုခဲ့ကြ၊ ပြောဆိုနေကြတဲ့ အနုပညာရှင်တွေအနေနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး လှုပ်ရှားမှုတွေမှာ ဘယ်လောက်ပါဝင်ပံ့ပိုးနေကြပါသလဲ။

“တစ်နည်းအားဖြင့် အနုပညာရှင်တစ်ယောက်ရဲ့ စွမ်းဆောင်ချက်ဟာ ဟောပြောပွဲပေါင်း တစ်ထောင်လုပ်တာနဲ့ ညီတယ်လို့ အင်မတန်မှ ဂုဏ်ပြုပြောခဲ့တဲ့ စကားပေါ့”

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးမြင့်ထွေးက အနုပညာရှင်တချို့ရဲ့ လတ်တလောလုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။

“သူတို့ အမြဲတမ်းပြောတယ် အငြိမ့်သဘင်တွေမှာ ရုပ်ရှင်အစည်းအရုံးတွေမှာ အကယ်ဒမီပွဲတွေမှာ သူတို့ပြောခဲ့တယ်။ ပြည်သူအားပေးမှု ပြည်သူရဲ့ကူညီမှု ပြည်သူကျွေးခဲ့တဲ့ ထမင်းကို စားပြီး ပြည်သူကျေးဇူးကို တတ်နိုင်သလောက် ဆပ်သွားမယ်ဆိုတဲ့ စင်ပေါ်မှာ ပြောခဲ့တဲ့စကားတွေနုဲ့ အခု လတ်တလော လက်ရှိ ရုပ်ရှင်အစည်းအရုံးတွေမှာ ပြောကြဆိုကြ ဖြစ်နေကြတဲ့အခြေအနေကြည့်ရင် တကယ့်ကို အော့နှလုံးနာစရာ တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် ဒါပြည်သူကို သွယ်ဝိုက်သောနည်းတွေနဲ့ စော်ကားတာပဲ။ အချိန်တန်ရင်တော့ ကျဆုံးသွားရမယ် အဲ့ဒီအချိန်ကျရင်တော့ ပြည်သူက ရက်စက်ပါတယ်တို့ အသနားခံမျက်ရည်ချူ အဲဒါတွေ လာမလုပ်နဲ့လေ။ ဒါဆိုရင်တော့ ကိုယ်စိုက်ပျိုးခဲ့တာ ကိုယ်ရိတ်သိမ်းရမယ် ဆိုတာ သတိပေးချင်တာပေါ့ဗျာ။ နောက်တစ်ခုက ဒီတော်လှန်ရေးက ကျနော်တို့ ပြည်သူတွေမှာပဲ တာဝန်ရှိတာလား ပေါ့။ ပြည်သူက ကျွေးထားတဲ့ ထမင်းကို စားတဲ့ အနုပညာရှင်တွေကကော ဒီကိစ္စပေါ်မှာ ပါဝင်ပတ်သက်လို့ မရဘူးလားပေါ့။ ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲတမ်းပြောခဲ့တယ် ဟောပြောပွဲတစ်ထောင်နဲ့ ညီတယ်တဲ့ သီချင်းတစ်ပုဒ်ဟာ။ သီချင်းတစ်ပုဒ်ရဲ့ အောင်မြင်မှု တစ်နည်းအားဖြင့် အနုပညာရှင်တစ်ယောက်ရဲ့ စွမ်းဆောင်ချက်ဟာ ဟောပြောပွဲပေါင်း တစ်ထောင်လုပ်တာနဲ့ ညီတယ်လို့ အင်မတန်မှ ဂုဏ်ပြုပြောခဲ့တဲ့ စကားပေါ့”

Tu Tu 2.jpg
ရန်ကုန်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ပါဝင်ခဲ့သည့် အဆိုတော် တူးတူး။ (Photo: Citizen Journalist)

၁၉၈၈ အရေးတော်ပုံမှာရော ၂ဝ၂၁ ခုနှစ်အရေးတော်ပုံမှာပါ လူထုဘက်ကရပ်တည်ခဲ့တဲ့ အဆိုတော် တူးတူးကတော့ ပြည်သူတွေနဲ့ သူထာဝရရှိနေမယ်လို့ RFA ကနေ ပြောကြားလိုက်ပါတယ်။

“အနုပညာသမားတွေကို အားပေးကြတဲ့ ပရိတ်သတ်တွေဆိုတာ ပြည်သူထဲက ပြည်သူတွေပါ။ အဲဒီ ပြည်သူတွေက အားပေးကြချစ်ခင်ကြလို့ ကျနော်တို့တွေဟာ အနုပညာသမားဖြစ် ရပ်တည်နေနိုင်ခဲ့တာပါ။ ဒါကြောင့်မို့လို့ ကျနော်ကတော့ ပြည်သူတွေဘက်၊ ဓမ္မဘက်၊ အမှန်တရားဘက်မှာပဲ အမြဲရပ်တည်သွားမယ်ဆိုတာကို ကျနော်ရဲ့ပရိသတ်များ ပြည်သူများကို အသိပေးချင်ပါတယ်။”

နွေဦးတော်လှန်ရေးအစပိုင်းမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တချို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရရှိခဲ့ပါတယ်။ အဲဒီသူတွေထဲက တချို့က မြန်မာပြည်ဒီမိုကရေစီပြန်ရရေး အတွက် ပါဝင်နေကြပေမယ့် တချို့ကတော့ လှုပ်ရှားမှုတွေနဲ့ ကင်းကွာသွားကြပါပြီ။ တော်လှန်ရေးကြောင့် ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကို အဲဒီသူတွေ မမေ့သင့်ဘူးလို့ ဦးမြင့်ထွေး က ဝေဖန်ပါတယ်။

“ပြည်တွင်းမှာ မနေနိုင်လို့ ပြည်ပရောက်သွားရင် လုပ်နိုင်တာတွေက အများကြီးပါ။ စာပေဟောပြောပွဲလေးတစ်ခုက အင်မတန်မှ ထိရောက်ပါတယ်။ တစ်ခါတစ်ခါမှာ ကလောင်သွားက စက်သေနတ်ကျည်ဆံတွေထက် ပြင်းရှတယ်ဆိုတာ ကျနော်တို့ သိနေပါတယ်။ ဒါကြောင့် တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ အားလုံးကို ပြည်ပမှာ ရောက်ပြီးမှတော့ နောက်ကျောလုံပါပြီ။ နောက်ကျောလုံတယ်ဆိုရင် အပြီးပြတ်တိုက်နေတဲ့ အချိန်မှာ တစ်ချက်လောက်လေးများ ဆောင့်တွန်းပေးရင် ပိုပြီးတော့ တော်လှန်ရေးမှာ ပိုပြီးအောင်မြင်မယ်၊ အချိန်စောမယ်။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ တစ်နည်းအားဖြင့်ပြောရင် မော်တီလုပ်ပေး(စိတ်ခွန်အားပေး)တဲ့ သီချင်း အားပေးတဲ့ သီချင်းလေးတစ်ပုဒ်များ ပေါက်သွားရင် ပင်ပန်းနွမ်းနယ်နေတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးသမားတွေ အားဖြစ်စေတယ်။ ကာတွန်းလေးတစ်ပုဒ် ဆွဲပြီးတော့ ပရိုမုတ်လုပ်ပေးတာပဲဖြစ်ဖြစ်၊ ဟောပြောပွဲလေး တစ်နည်းအားဖြင့် ဆောင်းပါးလေး တစ်ပုဒ်၊ သီချင်းလေးတစ်ပုဒ်ပဲဖြစ်ဖြစ် စပ်သီကုံးပြီးတော့ ကျနော်တို့ တော်လှန်ရေးကို အဆင့်မြှင့်ပေးပါ၊ ပါဝင်ပေးပါ သမိုင်းကောင်းလေးတစ်ခုကို ရေးထိုးနိုင်ပါစေလို့လည်း အကြံပြု၊ တစ်နည်းအားဖြင့်လည်း တောင်းလည်းတောင်းပန်တယ် တိုက်လည်းတိုက်တွန်းတယ်၊ ပန်လည်း ပန်ကြားလိုပါတယ် ခင်ဗျ။”

နိုင်ငံရေးခိုလှုံခွင့်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တဲ့ ကဗျာဆရာစောဝေကတော့ သူတို့ ပြည်ပရောက်အနုပညာရှင်တွေအနေနဲ့ ပြည်တွင်းမှာ ကျန်ရစ်သူတွေကို သစ္စာမဖောက်မိဖို့ လိုတယ်လို့ ပြောပါတယ်။

“စစ်အာဏာရှင်တွေရဲ့ ရက်စက်မှု ၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အမှန်တရားကို လိုလားပြီး ပြည်သူနဲ့အတူ ရပ်ခဲ့တဲ့ အနုပညာရှင်တွေက တိုင်းပြည်ထဲမှာ မနေနိုင်ဘဲနဲ့ ပြည်ပနိုင်ငံတွေ တချို့ကို ထွက်ပြေးတိမ်းရှောင်လာရတယ်။ ထွက်ပြေးတိမ်းရှောင်လာတဲ့အခါမှာ ကျည်ကွယ်၊ မျက်ကွယ် ရောက်နေတဲ့အခါမှာ ကိုယ့်တိုင်းပြည်ရဲ့ ဒုက္ခသုက္ခတွေအတွက်၊ ကိုယ့်တိုင်းပြည် ဒီမိုကရေစီပြန်ရဖို့ အတွက် ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးဖြစ်စေ၊ တစ်ပါးပဲ ဖြစ်စေ တစ်ခုခုတော့ တာဝန်ယူပြီး ဆောင်ရွက်ပေးဖို့လိုတယ်။ အဲ့လိုမှ မဆောင်ရွက်နိုင်ဘူး မဆောင်ရွက်ကြဘူးဆိုရင်တော့ အိုးပျက် အိမ်ပျက် မိသားစုပျက် အသက်တွေ စတေးခဲ့ရတဲ့ လူတွေကို ပျက်ရယ်ပြုနေသလို စော်ကားနေသလိုဖြစ်တယ်။ အဲ့ဒါကြောင့် တစ်ခုမဟုတ် တစ်ခုတော့ ကိုယ့်တိုင်းပြည်အတွက် ဖေးမကူညီစောင့်ရှောက်ကြဖို့လိုတယ် ကိုယ်ကိုယ်တိုင်လည်း Fund Raising ရန်ပုံငွေရှာပွဲတွေ လုပ်ပြီးတော့ တတ်နိုင်တဲ့ဘက်က ကူညီထောက်ပို့တာမျိုး အမြဲမပြတ်လုပ်နေတယ်”

တကသကျောင်းသားဟောင်းများအင်အားစုက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းကလည်း တစ်ချိန်မှာ ဒဏ်ခတ်ခံရမယ့် အနုပညာရှင်စာရင်းကို ပြည်သူတွေက ပြုစုထားမှာဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

“ကျနော် နားလည်တဲ့ အနုပညာရှင်ဆိုတာကတော့ ပြည်သူရဲ့နှစ်ခြိုက်မှု အားပေးထောက်ခံမှုကနေပဲ အနုပညာရှင်တွေ အောင်မြင်တယ် အဆင်ပြေကြတယ် အနုပညာလည်း ပိုပြီးပြသနိုင်တဲ့ အနေအထားဖြစ်တာပေါ့။ လက်ရှိအနေအထားမှာတော့ စားဝတ်နေရေး ခေါင်းစဉ်ဆိုတဲ့ အနေအထားနဲ့ တချို့တွေ တော်တော်ပုံမှန်ပုံစံမျိုး လုပ်နေကြတယ်။ တချို့ဆိုရင် ဆိုးဆိုးဝါးဝါး ပေ့ါဗျာ။ စစ်ကောင်စီကို မျက်နှာပြုံးဖြီးနေပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဗျ။ အနုပညာရှင်တွေ မကြာမကြာပြောပါတယ်။ ကိုယ့်ရဲ့ ထမင်းရှင် ပရိသတ်တွေကို မျက်နှာမူတဲ့ လုပ်ရပ်လားဆိုတာ တော်တော်စဉ်းစားဖို့ ကောင်းတယ်ဗျ။ အခုဆိုလည်း တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်။ အဲ့လိုပဲ စစ်ကောင်စီကို ပါးလျှက် နားလျှက်လုပ်နေတဲ့ အနုပညာရှင်တွေလည်း ရှိပါတယ်။ ဒါပြည်သူနဲ့ ပရိတ်သတ်ကတော့ သိတယ်ပေါ့ဗျာ။ ဒါတွေအတွက်ကတော့ တစ်ချိန်ချိန်မှာတော့ ပြည်သူနဲ့ပရိသတ်ကပေးတဲ့ အပြစ်ဒဏ်ကိုတော့ ခံရမယ့် အနုပညာရှင်စာရင်းလည်း ပြည်သူတွေက တေးမှတ်ပြီးသား ဖြစ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်ပါတယ်ဗျ”

ပြည်တွင်းပြည်ပရောက် အနုပညာရှင်တွေအနေနဲ့ ပြည်သူကို ကျောခိုင်းမှာလား မျက်နှာမူမှာလားဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကာလဖြစ်တယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။