တရုတ်နိုင်ငံထဲ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ ခက်ခဲနေ

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးမြို့က ကွေ့ရန် ထိန်းသိမ်းရေးစခန်းမှာ မြန်မာ နိုင်ငံသားတစ်ရာကျော် အဖမ်းခံထားရသလို ယူနန်ပြည်နယ် ပေါက်စန်းမြို့ လုံးရန် ဘိန်းဖြတ်စခန်းမှာလည်း မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင် အဖမ်းခံထားရတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။
အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ တချို့တော့ မိသားစုနဲ့တောင် အဆက် အသွယ် မရကြဘူးလို့ ဆိုပါတယ်။
မြန်မာနယ်စပ်ကနေ တရုတ်နိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်သွားလာခွင့် ခြောက်ရက်ပဲပေး တာဖြစ်လို့ အဲဒီရက်ကျော်လွန်ပြီး နေထိုင်သူတွေနဲ့ သွားရောက်အလုပ်လုပ်သူတွေဟာ အထောက်အထားမဲ့ တရားမဝင်ဖြစ်တာကြောင့် မကြာခဏ အဖမ်းခံနေရတာပါ။
"တကယ်လို့ သူတို့ မိရင် ပိုက်ဆံလျော်ရတယ်၊ ထောင်လည်းကျတယ်လို့ ပြောတယ်”
ဒါ့အပြင် တရုတ်နိုင်ငံထဲက အလုပ်ရုံတွေမှာ မြန်မာအလုပ်သမားတွေကို လက်မခံတော့ တာကြောင့် ငွေကြေးမရှိတဲ့သူတွေမှာ နေရပ်ပြန်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရ ပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရိုးကြီးရွာကနေ ဟွေ့ကျိုးမြို့ ဓာတ်ခဲအလုပ်ရုံမှာ အလုပ် လာလုပ်နေတဲ့ မနှင်းနှင်းကတော့ အဖမ်းခံရချိန်မှာ ကိုယ်ဝန် ခုနစ်လရှိနေတာကြာင့် ရဲက ပြန်လွှတ်ပေးခဲ့ပေမယ့် စက်ရုံမှာ ထိန်းသိမ်းခံထားရပြီး မြန်မာပြည်ပြန်ခွင့်ရဖို့ စောင့်နေရတယ်လို့ ပြောပါတယ်။
“ညီမတို့က နှစ်လပိုင်းကတည်းက စက်ရုံမှာဝင်ဖမ်းတော့ ပါသွားတဲ့အုပ်စုပေါ့။ ညီမကို စစ်လိုက်တော့ ဗိုက်ကြီးသည်ဆိုပြီး ပြန်ပြီးတော့ လွှတ်ထားတာလေ။ စက်ရုံမှာ ပြန်ပို့ ထားတာ။ အဖမ်းခံရတုန်းက မြန်မာနိုင်ငံသားချည်းပဲ လူဦးရေ ၂၈ ယောက်ရှိတယ်။ ကွမ်တုန်း ဟွေ့ကျိုးမှာရှင့်။ အခုထိတော့ ဆေးရုံမပြရသေးဘူး။ ပြန်ပို့ပေးမယ်ပြောတယ်။ ညီမတို့အတွက် မြန်မာနိုင်ငံက အတည်ပြုတဲ့စာက လေးလပိုင်းကတည်းက ရောက် လာပြီကို အခုထိပြန်မပို့သေးဘူး။ အလုပ်မရှိဘူး ဒီအတိုင်းပဲနေရမှာဆိုတော့ အဆင်ပြေ မယ်ဆိုရင်တော့ မြန်မာနိုင်ငံပဲ ပြန်ပြီးမွေးချင်တာပေါ့”
အသက် ၃၆ နှစ်အရွယ် မနှင်းနှင်းဟာ ကွမ်တုန်းပြည်နယ်မှာ အလုပ်လုပ်နေတာ ငါးနှစ် ကျော်ရှိပြီး အခုနှစ် ဖေဖော်ဝါရီလက သူအလုပ်လုပ်နေတဲ့စက်ရုံကို တရုတ်ရဲတွေ ဝင်ဖမ်းတာကြောင့် မနှင်းနှင်းတို့လင်မယား အပါအဝင် မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံ ခဲ့ရတာပါ။
အဲဒီအထဲက သူ့အမျိုးသားအပါအဝင် ရှစ်ဦးကိုတော့ သံရုံးအကူအညီနဲ့ အခုမေလ ၁၉ ရက်နေ့မှာပဲ ကချင်ပြည်နယ် ကန်ပိုက်တီး နယ်စပ်ကနေတစ်ဆင့် မြန်မာပြည်ထဲ ပြန်ပို့လိုက်ပေမယ့် သူနဲ့အတူ စက်ရုံမှာ ကလေးထိန်းအနေနဲ့ ထိန်းသိမ်းခံထားရသူ အပါအဝင် အကျဉ်းထောင်မှာ အဖမ်းခံထားရသူတွေကတော့ ပြန်ခွင့်မရသေးဘူးလို့ မနှင်းနှင်းက ပြောပါတယ်။
ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးနဲ့ တုန်ကွမ်မြို့တွေမှာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး နေထိုင်ခွင့် ကျော်နေသူတွေကို တရုတ်ရဲတွေက စက်ရုံတွေ၊ အလုပ်ရုံတွေအထိ ဝင်ဖမ်း နေတာကြောင့် ရာနဲ့ချီတဲ့ မြန်မာတွေ မြို့အစပ် တောတွေထဲမှာ ပုန်းရှောင်နေကြရတယ်လို့ သူတို့ကိုယ်တိုင် RFA ကို ဆက်သွယ်ပြောကြပါတယ်။
ပိုက်ဆံရှိတဲ့သူတွေကတော့ ကွမ်တုန်းကနေ သုံးရက်နဲ့ သုံးညကြာတဲ့ မြန်မာနယ်စပ် ယူနန်ပြည်နယ် ပေါက်စန်းမြို့အထိ တစ်ဦးကို တရုတ်ယွမ် တစ်သောင်း၊ မြန်မာငွေနဲ့ဆို သိန်းသုံးဆယ်ကျော် အကုန်အကျခံပြီး ပွဲစားတွေနဲ့ပြန်လာပေမယ့် ပေါက်စန်းမြို့ရောက် တာနဲ့ တရုတ်ရဲတွေဖမ်းတာ ခံကြရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက မြန်မာဘက်ကိုအပြန် ပေါက်စန်းမြို့က လုံးရန် ဘိန်းဖြတ်စခန်း မှာ ခုနစ်လကြာ အဖမ်းခံခဲ့ရတဲ့ အသက် ၂၆ နှစ်အရွယ် မအေးမိုးဟာ အခု မေလ ၂၀ ရက် နေ့မှာ တရုတ်ဘက်က မြန်မာနိုင်ငံသား ၁၅၂ ဦး ပြန်လွှဲပေးတော့မှပဲ ပြန်လွတ်လာပါတယ်။
သူနေထိုင်ခဲ့ရတဲ့ လုံးရန် ဘိန်းဖြတ်စခန်းမှာ မြန်မာနိုင်ငံသား တစ်ထောင်ဝန်းကျင်ရှိပြီ အဲဒီအထဲက ရခိုင်လူမျိုး ၁၄ ဦးကိုတော့ တရုတ်မှတ်ပုံတင်အတု ကိုင်တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ လွှတ်မပေးဘဲ ဆက်ဖမ်းထားတယ်လို့ မအေးမိုးက ပြောပြပါတယ်။
“အဲဒီမှာ လူတွေအများကြီး ပိတ်ခံထားရတာတွေ့ ရတယ်။ နောက်တစ်ဖွဲ့ရှိတာ ရှိသေး တယ်၊ အလုပ်ထဲမှာ မှတ်ပုံတင်မရှိရင် လုပ်လို့မရဘူးဆိုတော့ ပွဲစားတွေကနေ မှတ်ပုံ တင်အတုတွေ လုပ်ပေးတော့ အဲမှတ်ပုံတင်က ရဲတွေမိတာပေါ့။ အဲဒီ ၁၄ ယောက် အဖွဲ့တွေက ဖောင်ဖြည့်ခွင့် လုံးဝမရဘူး။ သူတို့က ရခိုင်လူမျိုးဖြစ်တယ်ရှင့်။ ကူညီ ပေးပါပေါ့၊ ကျန်တဲ့သူတွေက အားလုံးပြန်ခွင့်ရနေပြီ၊ သူတို့က ဖောင်လည်း ဖြည့်ခွင့်မရ ဘူး၊ အရဲစွန့်ပြီးမှ ကျမတို့က ဗိုလ်ကြီးတွေကို သွားမေးပေးတယ်။ သွားမေးတော့ သူတို့နဲ့ မဆိုင်ဘူး။ သူတို့ကိုပို့လာတဲ့ရဲက ဖိုင်တွေလည်း မအပ်ထားဘူး။ သူတို့လာဖြေရှင်းမှရမှာ၊ ဒီကိစ္စက သူတို့က လုပ်ခိုင်းမှ ငါတို့ကလုပ်ပိုင်ခွင့် ရှိတယ်လို့ အဲလိုပဲပြောလိုက်တာ”
ကျန်ခဲ့သူတွေထဲက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သဝင်ကိုင်းအုပ်စု ဂွေလိုင်ရွာက အမျိုးသား နှစ်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာက မောင်စံရွှေမြ၊ မခိုင်နုမေ၊ ဒေါ်ဌေးဌေးဦး နဲ့ မသန်းဌေးဝင်း အပါအဝင် တချို့တွေကတော့ မိသားစုတွေနဲ့ ဆက်သွယ်ပေးဖို့ အကူ အညီတောင်းလိုက်တယ်လို့ မအေးမိုးက ပြောပါတယ်။
မေလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံသား ၁၅၂ ဦးကို ကန်ပိုက်တီးကနေ တစ်ဆင့် ပြန်လွှဲပေးခဲ့သလို ဟွေ့ကျိုးမြို့ ကွေ့ရန်အကျဉ်းထောင်က မြန်မာနိုင်ငံသား ၁၇၀ ကိုလည်း မူဆယ်နယ်စပ် နန်းတော်ဂိတ်ကနေ ပြန်လွှဲပေးခဲ့ပါတယ်။
ပြန်လွှဲတဲ့အထဲ ပါလာခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် ကျောက်ဖြူရွာသား အသက် ၂၆ နှစ်အရွယ် ကိုရဲလွင်ထွန်းကတော့ သူ့သူငယ်ချင်း သုံးဦး ပြန်မလွတ်သေးဘူးလို့ RFA ကို ပြောပါတယ်။
“အခု ၁၇၀ ကျော်လွတ်လာပေမယ့် နောက်ထပ်အကျဉ်းထောင်ကနေ လူတစ်ရာကျော် ထပ်ရောက်ဦးမယ်တဲ့ ကျနော်တို့ မေးကြည့်တာ။ အဲဒီအထဲမှာ ဗီယက်နမ်နိုင်ငံသားက နည်းနည်းပဲပါမယ်၊ ကျန်တာက မြန်မာနိုင်ငံသားတွေပဲတဲ့။ ကွမ်တုန်းမှာက ထောင်က လေးငါးထောင်လောက်ရှိတယ်။ ထောင်ကအကြီးကြီးတွေပဲ၊ ခွဲပြီးထားတာဗျ။ တစ် ထောင်တည်း ထားတာမဟုတ်ဘူး။ ကျနော်တို့ ရွာသားသုံးယောက်ဆို အခုထိ မလွတ် သေးဘူး။ တရုတ်ရဲတွေက ပြောကြတယ်၊ ကာကွယ်ဆေးကြောင့်မို့လို့ တရားဝင်မဟုတ် တဲ့ နိုင်ငံခြားသားတွေကို အကုန်လုံးဖမ်းမယ်လို့ ပြောတယ်။ အလုပ် ကုမ္ပဏီတွေမှာဆို မြန်မာနိုင်ငံသားတွေဝင်လို့မရဘူး။ သူဌေးတွေက ကြောက်ကြတယ်။ တကယ်လို့ သူတို့ မိရင် ပိုက်ဆံလျော်ရတယ်၊ ထောင်လည်းကျတယ်လို့ ပြောတယ်”
ကွမ်တုန်းပြည်နယ် ဟွေ့ကျိုးမြို့က ခေါင်းလျှော်ရည်ဘူးအဖုံး စက်ရုံမှာ လုပ်နေရင်း ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံသား ၃၀၀ ဝန်းကျင်နဲ့အတူ အဖမ်းခံခဲ့ရတာလို့ ကိုရဲလွင်ထွန်းက ဆိုပါတယ်။

အရင်က နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်ရဲထံမှာ အဖမ်းခံလိုက်ရင် ရက်ပေါင်း ၂၀ အတွင်း နယ်စပ်ကို ပြန်ရောက်နိုင်ပေမယ့် အခုကတော့ အနည်းဆုံး သုံးလကနေ ခြောက်လအထိ အကျဉ်းစခန်းတွေမှာ နေထိုင်ကြရတယ်လို့ တရုတ်နိုင်ငံ ရွှေလီမြို့က အလုပ်သမားအရေး ဆောင်ရွက်သူ ကိုကျော်ကျော်က ပြောပါတယ်။
“ပြန်လွှတ်ဖို့ကျတော့ ပြည်မကြီးဘက်မှာ အတော်လေးကြာပါတယ်။ ဒီမန်စီ၊ ရွှေလီ ကျတော့ အတော်လေး လွယ်ကူတယ် မကြာဘူး။ အဓိက သူတို့က ပတ်စ်ပို့တွေ မရှိဘူးဆိုရင် ကိုဗစ်ကာလအကြောင်းပြပြီးမှ အလွန်ဆုံးရက် ၂၀ ဆို ပြန်လွှတ်ပေးတယ် အခါတိုင်းဆိုရင်လေ။ တရုတ်ပြည်ကြီးက ကွမ်တုန်းတို့၊ ပေါက်စန်းတို့ ကနေလာတဲ့ သူကျတော့ ဒီပေါက်စန်းကို မကျော်နိုင်ဘူးဖြစ်နေတာ။ ဖြတ်လမ်းပဲဖြစ်ဖြစ်၊ လမ်းမကြီး အတိုင်းပဲ ဖြစ်ဖြစ် လုံးဝကို မကျော်နိုင်ဘူးဖြစ်နေတာ။ ဖမ်းခံရပြီဆို သုံးလ၊ ခြောက်လ အနည်းဆုံးပဲ”
အဖမ်းခံရပြီး ပြန်လွတ်ဖို့က မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားတွေပြနိုင်မှ အချိန်တိုအတွင်း လွတ်နိုင်ပြီး အထောက်အထားမပြနိုင်သူတွေ၊ မိသားစုနဲ့ သံရုံးဘက် အဆက်အသွယ် မရသူတွေကတော့ နှစ်နဲ့ချီ အဖမ်းခံနေရတယ်လို့ ကိုကျော်ကျော်က ဆိုပါတယ်။
ဒီလို အဖမ်းခံနေရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က မေလ ၂၅ ရက်နေ့မှာ အီးမေးလ်ကနေ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိသေး ပါဘူး။
ဒါပေမဲ့ တရုတ်ရောက် ပြည်ပနိုင်ငံသားတွေအခွင့်အရေးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ အထူးအလေးထားသလို ပြည်ပနိုင်ငံသားတွေကလည်း တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကို အလေးထားဖို့ လိုတယ်လို့ ပြီးခဲ့တဲ့ မတ်လမှာ RFA ကို တရုတ်သံရုံးက မေးလ်ကနေ တစ်ဆင့် ပြန်ဖြေခဲ့ဖူးပါတယ်။