တပ်မတော်ရဲ့ ညှဉ်းပန်းမှုတွေ ထပ်ခါတလဲဖြစ်နေကြောင်း တိုင်းရင်းသားတွေပြောဆို

ခင်မောင်စိုး
2020.07.20


ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာမှာ ဇူလိုင် ၁၆ ရက်နေ့က ကရင်အမျိုးသမီးတဦးကို မြန်မာ့တပ်မတော် ခလရ ၄ဝ၉ က တပ်သား ၂ ယောက်က သေနတ်နဲ့ပစ်သတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတဲ့အတွက် အရေးယူပေးဖို့ ကရင်တိုင်းရင်းသားအဖွဲ့အစည်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းရှိ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီကို တိုင်ကြားခဲ့ကြပါတယ်။ တိုင်းရင်းသားလူနည်းစုဒေသတွေမှာ တပ်မတော်သားတွေက အရပ်သားပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ မကြာခဏ ထွက်ပေါ်လေ့ရှိရာမှာ  ဒီကိစ္စဟာ နောက်ဆုံးကြားရတဲ့ သတင်းဖြစ်ပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့ TWO ရဲ့ အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ လွေးပိုးငယ် က ဒီလိုအနိုင်ကျင့်မှုတွေဟာ သူတို့ဒေသတွေမှာ နှစ်များစွာ အဆက်မပြတ်ဖြစ်ပွားနေပါတယ်လို့ RFA ကို ပြောပါတယ်။

“ ကျမတို့ တအာင်းဒေသမှာဆိုရင် တိုက်ပွဲတွေက ဒီနေ့အချိန်အထိ ဖြစ်နေတုန်းပဲ။ အဲဒီလို တိုက်ပွဲဖြစ်တဲ့အခါ ရွာသားတွေကို ဖမ်းဆီး ပေါ်တာဆွဲတာတွေ၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ ရှိတာပေါ့နော်။ ၂ဝ၂ဝ  မတ်လ နဲ့ ဧပြီလကြားက နမ့်ဆမ်မြို့နယ်မှာရှိနေတဲ့ အမျိုးသမီးတယောက် လက်ဖက်ခြံသွားရာမှာ  တပ်မတော်သား ၂ ယောက်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတယ်ပေါ့နော်။ ဒါပေမဲ့ ဒီနေ့ချိန်ထိ ဒီပြုကျင့်မှုနဲ့ ပတ်သက်ပြီး အရေးယူမှု တရားမျှတမှု မရသေးဘူးပေါ့နော်။ မိုးမိတ်ဘက်မှာဆိုရင်လဲ ရွာသားတွေကို တရွာလုံးကို ဖမ်းဆီးပြီးတော့မှ ရိုက်နှက်ပြီး စစ်ဆေးမေးမြန်းတာတွေ ၊ TNLA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး အပြစ်မဲ့ရွာသားတွေကို  ညှဥ်းပန်းနှိပ်စက်မှု လုပ်နေတာတွေက ဒီ ကိုဗစ်ဖြစ်နေတဲ့ကာလ အတောအတွင်းထဲမှာတောင်  အယောက် ၅ဝ လောက်ရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ယနေ့အချိန်ထိ ကျူးလွန်သူတွေက ကင်းလွတ်ခွင့်ရနေတယ်ပေါ့လေ။ အဲဒီရနေတဲ့အပေါ်မှာ ဘယ်အစိုးရပဲ တက်တက် ဒါကို မသိကျိုးကျွန်ပြုနေတယ်ဆိုရင် ကိုယ်ကပါ ကျူးလွန်ခွင့်ပြုပေးသလိုဖြစ်နေတယ်”


ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒု-ဥက္ကဌ ဒေါ်ဒွဲဘူက တော့ ဒီလိုကိစ္စမျိုးတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုတည်ဆောက်ရေးတွေကို အဓိက ဟန့်တားနေတဲ့ အချက်တွေပဲလို့ သုံးသပ်ပါတယ်။

“ကျမတို့ နိုင်ငံတွင်းမှာ  ဒီလိုမျိုးဖြစ်ရပ်တွေက၊  နှစ်ပေါင်းကြာရှည်နေပြီ။ စစ်တပ်ကလည်း သူတို့ အစိုးရအောက်မှာနေတယ် ပြောနေတာပဲ။ ဒါပေမယ့်  ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်ထပ်ပြီးကြားနေရတယ်ဆိုတဲ့အခါကျတော့ အစိုးရကပဲ မပြောနိုင်တာလား တပ်မတော်ကပဲ  ကိုယ့်လူကိုယ် မထိန်းသိမ်းတာလား ပြောရတော့ တော်တော်ခက်ပါတယ်။ ဒါမျိုးတွေမှာ ပိုဆိုးတာက ဘယ်သူမှ ဝန်မခံဘူး။ တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးလိုချင်တယ် ပြည်သူတွေနဲ့လဲ ဆက်ဆံမှုကောင်းချင်တယ်ဆိုရင်တော့ ပြည်သူတွေအပေါ်မှာ တကယ့်ကို အကောင်းဆုံးပြုမူဆက်ဆံသင့်တယ်။ အခုလို ကျူးလွန်မှုတွေဖြစ်လာတဲ့အခါ တာဝန်ယူမှု တာဝန်ခံမှု တပ်မတော်က အပြည့်ရှိရမှာဖြစ်ပါတယ်။ ဒါမှ တပ်မတော်အပေါ် ပြည်သူကနေ နှစ်ပေါင်းများစွာ ခံစားခဲ့ရတာတွေကတည်းက အတိတ်မှာ ထားပစ်သင့်တဲ့ဟာတွေကို ထားပစ်မှာပါ။ တကယ်တော့ ပြည်သူကအမြဲတမ်း ထားခဲ့သင့်တာ ထားခဲ့တာပါပဲ။  ဒါပေမဲ့  ထပ်ခါထပ်ခါ ဖြစ်လာတဲ့အခါမှာ အရင်က နာကျည်းချက်တွေ ပြန်ပြန်ဖြစ်လာတယ်။ တကယ်ငြိမ်းချမ်းချင်တယ် ကောင်းချင်တယ်ဆိုရင် ဒီကနေ့ ကျမတို့တိုင်းပြည်မှာ တပ်မတော်က အင်မတန် အဓိက ကျပါတယ်လို့ ပြောချင်ပါတယ်”

မကြာခင်ကတင် ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသူတဦးကို တပ်မတော်သားတွေက မုဒိမ်းကျင့်တဲ့ သတင်းထွက်ခဲ့ပါတယ်။ တပ်မတော်က မဟုတ်ဘူးလို့ ငြင်းခဲ့ပါတယ်။ အခု နောက်ဆုံး ကရင်တိုင်းရင်းသူ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ အရေးယူသွားမယ်လို့ တပ်မတော်က ကြေညာခဲ့ပေမယ့် ဒီအမှုအတွက် စစ်ဆေးကြားနာမှုတွေပြုလုပ်တဲ့အခါ အများပြည်သူနဲ့ သတင်းမီဒီယာတွေကို လွတ်လပ်စွာ လာရောက်သတင်းယူခွင့်ပြုမှာလား ဆိုတာကိုတော့ မသိရသေးပါဘူး။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။