စစ်ကောင်စီလေတပ်ရဲ့အင်အားနဲ့ နွေဦးတော်လှန်ရေးပေါ် ထိရောက်မှု

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.02.16
စစ်ကောင်စီလေတပ်ရဲ့အင်အားနဲ့ နွေဦးတော်လှန်ရေးပေါ် ထိရောက်မှု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းမှာ ပျက်ကျခဲ့တဲ့ စစ်ကောင်စီရဲ့ A-5 တိုက်လေယာဉ်ကို တွေ့ရစဉ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း ရေမျက်ကြီးအင်းထဲကို မနေ့က ပျက်ကျသွားခဲ့တဲ့ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်ဟာ စစ်ကောင်စီလေတပ်မှာ ရှိတဲ့ A-5 အမျိုအစား ၂၁ စင်းထဲက တစ်စင်းဖြစ်ပါတယ်။ စစ်ကောင်စီလေတပ်မှာ လေယာဉ်ပျံ စုစုပေါင်းအစင်း ၂၈ဝ ရှိရာကနေ အခု တစင်းပျက်စီးသွားတဲ့အတွက် ၂၇၉ စင်းပဲ ရှိပါတော့တယ်။

အဲဒီ လေယာဉ်အင်အားထဲမှာ တိုက်လေယာဉ်က ၈၁ စင်းနဲ့ ရဟတ်ယာဉ်က ၇၅ စင်း ပါဝင်ပါတယ်။ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်အများစုဟာ ရုရှားထုတ်တွေဖြစ်ပါတယ်။

မနေ့က ပျက်ကျတဲ့ A-5 တိုက်လေယာဉ်တွေမှာ ပေါင် ၅ဝဝ ဗုံး ၂ လုံးတပ်ဆင်နိုင်ပြီး အဲဒီအထဲက ၁ဝ စင်းခန့်ကို တံတားဦးလေတပ်စခန်းမှာ အခုထားပြီးလေ့ကျင့်ဖို့ သုံးစွဲနေတာဖြစ်တယ်လို့ စစ်ကောင်စီလေတပ်ကနေ လွတ်မြောက်နယ်မြေရောက် CDM တပ်ကြပ်ကြီး ဇေယျ က RFA ကိုပြောပါတယ်။

“အဲဒီလေယာဉ်တွေက သက်တမ်းတွေ ကုန်နေပြီ။ အဲဒီလေယာဉ်တွေကို ပြန်လဲဖို့ အင်ဂျင်အလုံး ၂ဝ မှာထားတယ်လို့ ကျနော်တို့ သတင်းရထားတယ်။ ပုသိမ်မှာရှိတဲ့ လေယာဉ်တွေဆိုရင် လုံးဝ သက်တမ်းကုန်သွားပြီ ပျံလို့မရတော့ဘူး အင်ဂျင်လဲရမယ်။ အဲဒါတွေက ၁၉၉၄ ခုနှစ်ထဲက မြန်မာပြည်ရောက်တာလေ။ ကျနော်ထင်တာတော့ အဲဒီလေယာဉ်တွေက ၁၉၇ဝ ကျော် ဝန်းကျင်ထဲက ထုတ်တယ်၊ လောက်ကိုင်မှာ နဲနဲသုံးသွားတယ်ကြားတယ်။ ခုနောက်ပိုင်း တိုက်ခိုက်ဖို့က အဲဒီလေယာဉ်တွေ မသုံးဘူး၊ အဲဒီဒေသမှာ တခြားဗုံးကြဲလေယာဉ် Yak-130 ဗုံးကြဲလေယာဉ် ကိုးစီး ရှိတယ်၊ အဲကောင် တွေနဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို သွားသွားပြီး ကြဲနေတယ်။ အဲဒီ လေယာဉ်တွေကတော့ ရုရှထုတ်တွေပါ မြန်မာပြည်ရောက်တာ ၃-၄ နှစ်ဘဲ ရှိသေးတယ်။ တိုက်ခိုက်ရေးလေယာဉ်တွေက ၁၈ စီး လောက်ဘဲရှိတယ်။ ဖိုက်တာကတော့ MIG 29 ဆို အစီး ၃ဝ ဝန်းကျင်လောက် ရှိတယ်။ ဟို Yak-130 ဆိုရင်လဲ ၁၈ စီး၊ ၁၂ စီးဘဲ အခုအသုံးပြုနေတာ။ ခြောက်စီးက ရောက်တောင် မရောက်သေးဘူး။ Su-30 တွေကတော့ မကြာခင်ရောက်တော့မှာ။ ခုနောက်ပိုင်း တရုတ်မသုံးတော့ဘူး ရုရှဘဲ သုံးတယ်။ K-8 အပေါ့စား ဗုံးကြဲလေယာဉ်လေးတွေ ကျတော့ တရုတ်နဲ့ဖက်စပ်ပြီး မြန်မာပြည်မှာ ကာကွယ်ရေးပစ္စည်း အကြီးစား ထုတ်လုပ်ရေးစက်ရုံ နဲ့ လေတပ်က လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ် နဲ့ ပေါင်းပြီး ထုတ်တာ။ နည်းပညာတွေက ပညာရှင်တွေကတော့ တရုတ်ကလူတွေ လာကူပြီး ပေါင်းပြီးထုတ်တာ။ ကျန်တာကတော့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေဆိုရင် သူတို့လက်နက်နဲ့ပတ်သက်ပြီး ဘဲလာရုစ်က လာပြီး upgrade လုပ်ပေးတယ်။”

လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေအတွက် အဓိကအခက်အခဲဟာ လေတပ်ရဲ့ တိုက်ခိုက်မှုပဲလို့လည်း တပ်ကြပ်ကြီး ဇေယျက မှတ်ချက်ချပါတယ်။

“သူတို့က ဗုံးတွေကတော့ ပေါတယ်၊ ပြည်တွင်းမှာလဲ ဗုံးတွေကိုထုတ်တယ်၊ လေယာဉ်မှာသုံးတဲ့ ဗုံးတွေကတော့ သူတို့ ပေါပေါလောလောသုံးမှာပဲ။ စမတ်ဗုံးတော့ မဟုတ်ဘူး ရိုးရိုးဗုံးတွေ။ ကျနော်တို့မှာ ပစ်ချနိုင်တဲ့ လက်နက်မရှိတဲ့အတွက် သူတို့က ပိုပြီး အတင့်ရဲတာပေါ့နော်။ အခုက သူတို့က လေတပ်ကို အသုံးချတဲ့နေရာမှာ ကြည်းတပ်က ခြေလျင်စစ်သည်တွေကို ငါတို့ မင်းတို့ကို လေကြောင်းကနေ ပစ်ကူ ပေးမယ်ဆိုပြီး အားပေးတဲ့ပုံစံမျိုးနဲ့ အသုံးချတဲ့ဟာတွေ။ အဲဒီလေတပ်ကို ဖိနိုင်ရင် လေတပ်သာမဟုတ်ဘဲ ကြည်းတပ်ကစစ်သည်တွေရဲ့ စိတ်ဓာတ်တွေပါ ရိုက်ချိုးလိုက်လို့ ရတယ်။”

“လေကြောင်းရန်သာ တကယ်လို့မရှိခဲ့ဘူးဆိုရင် ကျနော်တို့ ယော နဲ့ ဆောကို မကြာခင်လပိုင်းအတွင်းမှာ ထိန်းချုပ်နိုင်တဲ့နယ်မြေအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတာ ကျနော်တို့ အာမ ခံနိုင်ပါတယ်။”

မကွေးတိုင်း ယောမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ YDF က ကိုဂျိုးဖြူ ကလည်း လေကြောင်းတိုက်ခိုက်မှု ဟာ သူတို့ နယ်မြေစိုးမိုးရေးအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ပြောပါတယ်။

“တကယ်လို့သာ ကျနော်တို့ဒေသမှာ No Fly Zone (လေယာဉ်ပျံသန်းမှုကင်းမဲ့ဇုံ) သတ်မှတ်ထားမယ်၊ လေယာဉ်နဲ့သာ မတိုက်ခိုက်ဘူးဆိုရင် ပစ်လာတဲ့ရန်သူ လက်နက်ကြီး လက်နက်ငယ်ကို ဂရုမစိုက်ဘူး တိုက်ခိုက်နိုင်တယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခု တိုက်ပွဲ ငါးကြိမ်အတွင်းမှာ ရန်သူက ငါးကြိမ်လုံးကို ဆုတ်ခွာပြေးရတဲ့ အနေအထားမျိုး ရှိတယ်။ လေကြောင်းရန်သာ တကယ်လို့ မရှိခဲ့ဘူးဆိုရင် ကျနော်တို့ ယော နဲ့ ဆော ကို မကြာခင်လပိုင်းအတွင်းမှာ ထိန်းချုပ်နိုင်တဲ့ နယ်မြေအဖြစ် လုပ်ဆောင်နိုင်တယ်ဆိုတာ ကျနော်တို့ အာမခံနိုင်ပါတယ်။”

စစ်ကောင်စီဟာ ရုရှားကနေ Sukhoi Su-30 အမျိုးအစား တိုက်လေယာဉ် ခြောက်စင်းနဲ့ တရုတ်နဲ့ပါကစ္စတန်ဖက်စပ်ထုတ်တဲ့ JF-17 Thunder တိုက်လေယာဉ် ကိုးစင်းကို နောက်ထပ်မှာယူထားတယ်လို့ ဝီကီပီဒီးယား ကမ္ဘာ့စွယ်စုံကျမ်းမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ သူတို့လက်ဝယ်ရှိ MIG-29 ရုရှားတိုက်လေယာဉ်တွေကို အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရှိရကြောင်းလည်း တပ်ကြပ်ပြီး ဇေယျက ပြောပါတယ်။

စစ်ကောင်စီလက်အောက်က လေတပ်ဌာနချုပ် ၉ ခုနဲ့ လေတပ်စခန်း ၅ ခုမှာ စုစုပေါင်း အင်အား ၁၅ဝဝဝ ခန့်ရှိတဲ့အထဲက CDM မှာ လက်ရှိပါဝင်လာတဲ့လေတပ်စစ်သည် ၂ဝဝ ခန့်ရှိနေပြီလို့လည်း ဆိုပါတယ်။

အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဖက်က တုံ့ပြန်ချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-02-17 07:17

စစ်တပ်ထုတ်တင်မက တရုပ်ထုတ်ကုန်တွေပါ မသုံးရင် မြန်မာပြည် မြန်မြန်လွတ်လပ်မယ်။ စမ်းကြည့်ပေါ့ ။