ချောင်းနှစ်ခွဂိတ် တိုက်ခိုက်ခံရပြီး ရဲအချို့သေဆုံး၊ လေကြောင်းကပြန်ပစ်လို့ ဒေသခံအချို့ ဒဏ်ရာရ

2022.11.12
ချောင်းနှစ်ခွဂိတ် တိုက်ခိုက်ခံရပြီး ရဲအချို့သေဆုံး၊ လေကြောင်းကပြန်ပစ်လို့ ဒေသခံအချို့ ဒဏ်ရာရ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွတံတားဂိတ်အား တွေ့ရစဉ်။
Photo: KIC

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရဲစခန်းနဲ့ တံတားလုံခြုံရေးဂိတ်ကို နိုဝင်ဘာလ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲသုံးဦး သေဆုံးပြီး လေးဦး ပျောက်ဆုံးနေပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်က ချောင်းနှစ်ခွရွာကို လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရဟန်းတစ်ပါးနဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ချောင်းနှစ်ခွဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေယာဉ်နဲ့ကြဲတာတော့ အလုံးပေါင်းရေလို့မနိုင် (မရေတွက်နိုင်) ဘူး။ ကိုယ်ကလည်း ပုန်းနေရတာ။ ရွာထဲမှာ ကြဲတာလေ။ ကျနော်တို့ အပြင်ထွက်လို့မရဲဘူး (မထွက်ရဲဘူး)"

“မနက် ၅ ရီခွဲလောက်က ချောင်းနှစ်ခွရဲစခန်းကို ဝင်တိုက်တာ။ စခန်းကို ၇ နာရီလောက် သိမ်းပြီး မီးတွေဘာတွေ ရှို့ပြီး ပြန်ဆုတ်သွားတယ်။ နာရီဝက်လောက်ကြာတော့ မော်လမြိုင်ဘက်ကနေ တက်လာတဲ့ လေယာဉ်နှစ်စင်းက ရဲစခန်းပတ်ဝန်းကျင်နဲ့ ရွာပတ်ဝန်းကျင်အနီးတွေကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့ ကျည် ပြန်ဖြည့်တာလား မသိဘူး ပြန်ဆုတ်သွားတယ်။ သံဃာတော်တစ်ပါး ကျောမှာ ဒဏ်ရာရတယ် မိုင်းစမှန်တယ်။ ပြည်သူတစ်ယောက် ခြေထောက်မှာ ဒဏ်ရာရတယ်”

အသက် ၅၀ အရွယ် ချောင်းနှစ်ခွဒေသခံတစ်ဦးကလည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ရဟတ်ယာဉ်နှစ်စင်းနဲ့ လာရောက်ပစ်ခတ်တာကြောင့် နေအိမ်အတွင်း ပုန်းနေခဲ့ရတယ် လို့ RFA ကို ပြောပါတယ်။

“လေယာဉ်နဲ့ကြဲတာတော့ အလုံးပေါင်းရေလို့မနိုင် (မရေတွက်နိုင်) ဘူး။ ကိုယ်ကလည်း ပုန်းနေရတာ။ ရွာထဲမှာ ကြဲတာလေ။ ကျနော်တို့ အပြင်ထွက်လို့မရဲဘူး (မထွက်ရဲဘူး)။ အဲမှာ ရွာက ပျက်စီးတာပေါ့။ ပြည်သူနေအိမ် တချို့၊ အိမ်သာတို့၊ တချို့အိမ်တွေက ရေခဲသေတ္တာတွေ ပေါက်ကွဲထွက်သွားတာတွေ ရှိတယ်”

ချောင်းနှစ်ခွနဲ့ အနီးအနားရွာဖြစ်တဲ့ ကော့ကမာရွာမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ပစ်ခတ်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုဒုံ-ကြာအင်းဆိပ်ကြီး ကားလမ်းမပေါ်မှာရှိတဲ့ ချောင်းနှစ်ခွရဲစခန်းနဲ့ တံတားဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဘက်က သုံးဦးသေဆုံးခဲ့ပြီး ကျန်တဲ့သူတွေကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းနှစ်ခွရဲစခန်းဂိတ် တိုက်ပွဲမှာပါဝင်ခဲ့တဲ့ လုံခြုံရေးအရအမည်ဖော်လိုတဲ့ တပ်ဖွဲ့ဝင် တစ်ဦးကတော့ ရဲစခန်းထဲက ပင်မဆောင်ကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ RFA ကို ပြော ပါတယ်။

“ဖြစ်စဉ်က ဒီမနက် ၅ နာရီလောက်မှာပေါ့လေ။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ကနေပြီးတော့ ကျိုက်မရော မြို့နယ် ချောင်းနှစ်ခွတိုက်နယ် ရဲစခန်းထဲမှာ ပစ်ခတ်မှု ဖြစ်တာပေါ့။ မနက် ၅ နာရီကနေ ၇ နာရီအထိလောက်က စခန်းသိမ်းနိုင်တဲ့ အနေ အထားပေါ့လေ။ စခန်းထဲမှာ မနက် ၅ နာရီကနေ ၇ နာရီအထိ အဓိက တိုက်ပွဲဖြစ်တော့ ရဲစခန်းဝန်းထဲက ပင်မခန်းမဆောင်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်”

စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်း ကလည်း ရဲသုံးဦး သေဆုံးပြီး လေးဦးပျောက်ဆုံးနေတာ မှန်တယ်လို့ RFA ကို အတည်ပြု ဖြေဆိုပါတယ်။

“ဖြစ်စဉ်က မနက်က ၅ နာရီခွဲမှာ KNU နဲ့PDF ပူးပေါင်းတဲ့ အယောက်နှစ်ရာလောက် ရှိတယ်။ ကားက ၁၂ စီး၊ ၁၃ စီး ရှိမှာပေါ့။ ခန့်မှန်းခြေပေါ့နော်။ သူတို့လာတယ်။ အင်အားများတယ်။ ချောင်းနှစ်ခွဆိုတဲ့ ရဲစခန်းပေါ့နော်။ ရဲတွေချထားတဲ့ စခန်းတစ်ခု။ ကိုးယောက်လောက်ပဲရှိတယ်။ ဝင်စီးတာပေါ့။ ရဲသုံးယောက်ကျသွားတယ်။ လေးယောက်ပျောက်နေတယ်။ ပြီးတော့ နှစ်ယောက်ကတော့ ပြန်ရောက်လာတယ်”

လက်ရှိမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် အသေးစိတ်တော့ ပြောလို့မရ သေးဘူးလို့ ဦးအောင်ကြည်သိန်းက ဆိုပါတယ်။

အဲဒီစခန်းက စခန်းမှူးအပါအဝင် သုံးဦးရဲ့ ရုပ်အလောင်းတွေကို ကျိုက်မရောဆေးရုံကို ပို့ခဲ့ရကြောင်း ပါဝင်ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကလည်း RFA ကို အတည်ပြုပါတယ်။

ဒီနေ့ နေ့လယ်ပိုင်းအထိ ချောင်းနှစ်ခွရွာနဲ့ အနီးနားရွာတချို့မှာ စစ်ကောင်စီတပ်သားတွေ စစ်ဆေးနေပြီး ကားလမ်းတွေပါ ပိတ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ လူမှုကူညီရေးအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

“ကျနော်တို့ ပရဟိတအဖွဲ့တွေသွားလို့ ခွင့်မပြုသေးတော့ သွားလို့မရဘူးဖြစ်နေတယ်။ ကျနော်တို့က အဲဒီအနားရွာလောက်မှာ ပဲရှိနေတာ။ ကယ်ထုတ်ဖို့ပေါ့။ သူတို့က အထပ်ထပ်ပိတ်ထားတယ်။ သူ့ကို ငါပိတ်၊ ငါ့ကို သူပိတ် ဖြစ်နေတယ်။ လေယာဉ်က လည်း အခု ဒီမနက်ဖြစ်တဲ့တိုက်ပွဲက ချောင်းနှစ်ခွမှာ ချောင်းနှစ်ခွတို့ ရှမ်းကုန်းတို့ဆိုတာ အဲဒီရဲစခန်းနားမှာပေါ့”

KISG-1024x630.jpg
ကြာအင်းဆိပ်ကြီးမြို့တစ်နေရာအား တွေ့ရစဉ်။ (Photo: KIC) (ယခင်ပုံအဟောင်း)

စစ်ကောင်စီတပ်က အင်အား ၁၅၀ လောက်နဲ့  ချောင်းနှစ်ခွရွာအပါအဝင် သံပုရာရွာနဲ့ ကြာအင်းဆိပ်ကြီးဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်နေတာကြောင့် ရွာခုနစ်ရွာက ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးဖို့ ပြင်နေကြပြီလို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့က အဲဒီဂိတ်မှာ လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်လို့ ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သလို ဧပြီလ ၁၆ ရက်နေ့ကလည်း ပူးပေါင်းတပ်တွေ ပစ်ခတ်ခဲ့တာကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေအရ  ဩဂုတ်နဲ့ စက်တင်ဘာလ အတွင်း ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကယားနဲ့ ချင်းပြည်နယ်တို့မှာ လေကြောင်း တိုက်ခိုက်မှု ၁၀၅ ကြိမ်ရှိခဲ့ပြီး ကလေးငယ်ရှစ်ဦး အပါအဝင် အရပ်သား ၃၀ သေဆုံးခဲ့သလို ၂၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။